Thursday, July 5, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၂)

 



၁၊ ၃။ ရာသီစက်


မြန်မာနှစ်တစ်နှစ်၏ အစမှာ မိန်ရာသီ အဆုံးမှ မိဿရာသီအစသို့ တနင်္ဂနွေဂြိုဟ် (နေမင်း) ကူးပြောင်းချိန် ဖြစ်ပါသည်။ ထို မိဿရာသီ၊ မိန်ရာသီ အစရှိသည်တို့မှာ ရာသီစက်ဝန်း၏ အစနှင့် အဆုံးဖြစ်ပါသည်။ ရာသီစက်မှာ အောက်ပါအတိုင်းဖြစ်၏။


ပုံမှန်အားဖြင့် ဖြစ်သင့်သည်မှာ မိဿရာသီသည် တန်ခူးလ၊ ပြိဿရာသီသည် ကဆုန် စသဖြင့် အစဉ်လိုက်သွားပြီး မိန်ရာသီနှင့် တပေါင်းသည် တစ်ထပ်တည်းကျလျှက် နှစ်သစ်သည် မိဿရာသီ၌ ပြန်စသကဲ့သို့ မြန်မာနှစ်သစ်သည်လည်း တန်ခူးလမှ စသင့်ပါသည်။ သို့သော် မြန်မာသက္ကရာဇ်နှစ်များ၏ အစရက်များမှာ ပုံမှန်မရှိ။ တန်ခူးလဆန်း၌ စလိုစ၊ တန်ခူး လဆုတ်ရက်များ၌ စလိုစ၊ တစ်ခါတစ်ရံ ကဆုန်လတွင် စသည့်နှစ်များပင်ရှိပါသည်။ ဤအကြောင်း နောက်ပိုင်းတွင် အသေးစိတ် ဖော်ပြပါမည်။

            ယဉ်ကျေးမှုဆိုင်ရာ စာပေများတွင် တစ်လတစ်ရာသီဟု အကြမ်းဖျဉ်းဖော်ပြသော်လည်း အမှန်မှာ မြန်မာ ဝေါဟာရတစ်လတွင်ရှိသော ရက်များသည် တစ်ရာသီအောက် လျော့ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ရာသီလျှင် အကြမ်ဖျဉ်းအားဖြင့် ရက်ပေါင်း ၃၀ ကျော်ကျော်ရှိကာ မြန်မာလများမှာ ၂၉ ရက် သို့မဟုတ် ၃၀ ရက်မျှသာ ရှိသောကြောင့် ဖြစ်ပါသည်။

            ရာသီစက်ဝန်းဟူသည် ကောင်းကင်စက်လုံးကြီး (Celestial Sphere) အတွင်းမှ ကြယ်စုများကို နာမည်ပေးကာ သတ်မှတ်ထားခြင်းဖြစ်ပါသည်။


ဝေါဟာရလ၊ ရာသီ နှင့် စန်းယှဉ်နက္ခတ်များ


ခရစ်နှစ်မှရက်များသည် နေသွားခြင်းအပေါ်မူတည်စီစဉ်ထားသည်ဖြစ်ရာ အပြောင်းအလဲ သိပ်မရှိလှဘဲ နှစ်စဉ် အတူတူလိုပင်ဖြစ်ရာ ရာသီရက်များကို ခရစ်နှစ်မှ ရက်များ (ဥပမာ မိဿရာသီသည် နှစ်စဉ် မတ်လ ၂၁ ရက်မှ ဧပြီ ၁၉ ရက်) ဖြင့် မှတ်သားနိုင်ပါသည်။ သို့သော် ပုံသေမဟုတ်ဘဲ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါသည်။


၁၊ ၄။ နက္ခတ်စက်ဝန်း


အပြင်ဆုံးစက်ဝန်း။            ။ ရာသီအမည်နှင့် လပြည့်နေ့သန်းခေါင်အချိန် စန်းယှဉ်နက္ခတ်
ဒုတိယစက်ဝန်း။                ။ ဝေါဟာရမာသ ၁၂ လနှင့် ဓါတ်ကျမ်းလာ ဓါတ်အမည်များ
တတိယစက်ဝန်း။              ။ ပါဒ်ပါဒ်ခြောက်ခု၊ မြွေပွေးတု ၏ အဖြေ
စတုတ္ထစက်၀၀န်း။              ။ နက္ခတ်တစ်လုံး - ၄ န၀င်း၊ တစ်ရာသီ - ၉ န၀င်း၊ ၁၂ ရာသီ - ၁၀၈ န၀င်း
                                    ဤတွင်ဖော်ပြထားသော န၀င်းဟူသည် ပါဒ် နှင့် အတူတူပင်ဖြစ်၏။ နက္ခတ်တစ်လုံးလျှင် ၄ ပါဒ်
                                    ရှိပြီး ရာသီစက်တစ်ခုလျှင် ၁၀၈ ပါဒ်ရှိသည်။ ဂဏန်းများမှာ ရာသီအိမ်ရှင်(ကသစ်) ဂြိုဟ်များ 
                                    ဖြစ်၏။ စ သာ ရွှေ ဂူ အင်း ၀ သူ ဆန် ဖြူ တစ် တင်း ပေး ဟု အတိုကောက်မှတ်နိုင်၏။

ပဉ္စမစက်ဝန်း။                   ။ နက္ခတ်အမည်၊ ၎င်းနက္ခတ်၏ ဓါတ်အမည်၊ ပညတ်အမည်
ဆဌမစက်ဝန်း။                 ။ ရာသီတို့၏ ဓါတ်အမည်
သတ္တမစက်ဝန်း။                ။ သုဒ္ဓဒိန်ရက်များ
အတွင်းဆုံးစက်ဝန်း။          ။ စတုရပါဒ် နက္ခတ်
စက်ဝန်းအလယ်၌ ဥတုသုံးပါး၊ အယဉ်နှစ်ပါးကို ပြထားပါသည်။

            ဤစက်ဝန်းတွင် ဒုတိယစက်ဝန်း၊ ပဉ္စမစက်ဝန်း နှင့် ဆဌမစက်ဝန်းတို့မှ ဓါတ်အမည်၊ ပညတ်အမည်များကို ဆေးကုသရာတွင်သုံးပြီး တတိယစက်ဝန်းကိုမူ ဗေဒင်ဟောရာတွင် သုံးပါသည်။ ၎င်းတို့မှာ ပြက္ခဒိန်နှင့် မသက်ဆိုင်ပါ။



၁၊ ၅။ နေသွားလမ်း နှင့် သင်္ကြန်၊ မြန်မာနှစ်ဆန်းတစ်ရက်တို့ ဆက်စပ်နေပုံ

            ဤနေရာတွင် မြင်သာထင်သာရှိနိုင်ရန် ကမ္ဘာလည်သည်ဟု ပြောမည့်အစား နေသွားသည်ဟု သုံးပါမည်။

            ကမ္ဘာကြီးသည် မိမိဝင်ရိုးပေါ်တွင် ၂၃.၅ ဒီဂရီတိမ်းစောင်းလည်ပတ်လျှက်ရှိရာ ထိုသို့တိမ်းစောင်းမှုကြောင့် တနင်္ဂနွေဂြိုဟ် (နေမင်း) သည် အီကွေတာပေါ်တွင် အတည့်မသွားဘဲ တောင်ဘက်ရောက်လိုက်၊ မြောက်ဘက် ရောက်လိုက် ဖြစ်နေပါသည်။ ဤသည်ကို ကြန္တီ(Declination) ဟုခေါ်၏။


အထက်ပါဇယားတွင် တနင်္ဂနွေဂြိုဟ်၏ ကြန္တီမှာ (+) ဖြစ်လျှင် ဥတ္တရယာဉ်၊ (-) ဖြစ်လျှင် ဒက္ခိဏယာဉ်ဖြစ်သည်။ +၂၀.၁၅ ဟူသည် သိဟ်ရာသီအ၀င် ဇူလိုင်လ ၂၃ ရက်နေ့၌ ကောင်းကင်၌ရှိသော နေမင်းကြီးသည် ကောင်းကင်အီကွေတာ (မွန်းတည့်မျဉ်း) မှ မြောက်ဘက် ၂၀.၁၅ ဒီဂရီအကွာတွင် ရွေ့လျားသွားလာလျှက် ရှိသည်ဟု ဆိုလိုပါသည်။ ထို့အတူ -၁၁.၄၇ ဟူသည်မှာလည်း နေမင်းကြီးသည် မိန်ရာသီအ၀င် ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ကောင်းကင်အီကွေတာ မှ တောင်ဘက် ၁၁.၄၇ ဒီဂရီအကွာတွင် သွားလာလျှက် ရှိသည် ဟု နားလည်ရပါမည်။

            ပျမ်းမျှသာဝနရက်ဟူသည်ကား မိဿရာသီအား နေမင်းကြီးသည် မတ်လ ၂၁ ရက်မှ ဧပြီလ ၁၉ ရက်နေ့အတွင်း ဖြတ်သန်းသည်။ ဤကဲ့သို့ ဖြတ်သန်းသွားလာရန် ၃၀.၄၆ ရက်ကြာသည် ဟု ဆိုလိုပါသည်။ မှတ်ရန်မှာ ဤရက်၊ ဤအချိန်များ မှာ ပျမ်းမျှရက်၊ အချိန်များဖြစ်ပြီး အတိအကျသိလိုလျှင် ကျွန်တော်ရည်ညွှန်းပေးမည့် website များတွင် သွားရောက် လေ့လာ နိုင်ပါသည်။ ၎င်းwebsite များတွင် ပြောင်းလဲနေသော ဂြိုဟ်၊ နက္ခတ်၊ တာရာများ၏ အနေအထား၊ နေထွက်နေ၀င်ချိန်၊ လထွက်၊ လ၀င်ချိန်များကို အချိန်နှင့်အမျှ တင်ပေးနေပါသည်။

            ဤကဲ့သို့ တနင်္ဂနွေဂြိုဟ် (နေမင်း) သည် သွားလာနေရာ အီကွေတာမျဉ်းကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြတ်မိသည်။ ၎င်းကို မဇ္စျေယာဉ်ဟု ခေါ်၏။ ပထမတစ်ကြိမ်မှာ ဒက္ခိဏယာဉ်မှ ဥတ္တရယာဉ် သို့ပြောင်းသော မိဿမဇ္စျေယာဉ် ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ဥတ္တရယာဉ် မှ ဒက္ခိဏယာဉ်သို့ ပြောင်းသော တူမဇ္စျေယာဉ်ဖြစ်သည်။ အထက်ပါဇယားတွင် ကြန္တီ သုည ဖြစ်သော အချိန်များဖြစ်၏။ အင်္ဂလိပ်ရက် မတ်လ ၂၁ ရက် နှင့် စက်တင်ဘာ ၂၃ ရက်ခန့် ဖြစ်သည်။ အောက်ပါနေလမ်း ကြောင်းပြပုံတွင် ဤနေရာများ၌ နေမင်းသည် အီကွေတာကို ဖြတ်ကာ တောင်မှမြောက်၊ မြောက်မှတောင်သို့ ကူးပြောင်း ၀င်ရောက်ကြောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။

ဤမဇ္စျေယာဉ် နှစ်မျိုးအနက် သာယနမိဿရာသီသို့ တနင်္ဂနွေဖုဋဂြိုဟ်စင် ၀င်သည့်အချိန်သည် မိဿမဇ္စျေယာဉ် ဖြစ်၏။ သာယနနှစ်တစ်နှစ်သည် ထိုနေရာမှ အစပြုသည်။ ထိုအချိန်ကို သင်္ကြန်ကျချိန်ဟု ခေါ်၏။ အိန္ဒိယပြက္ခဒိန်တွင် သာယနမိဿရာသီသို့ တနင်္ဂနွေဖုဋဂြိုဟ်စင် ၀င်သည့် နောက်တစ်ရက်ကို နှစ်ဆန်းရက်အဖြစ် သတ်မှတ်သည်။ ဆိုလိုသည်မှာ မြန်မာပြည်မှာကဲ့သို့ သင်္ကြန်အကြတ်၊ အတက် စသည်မရှိဘဲ သင်္ကြန်ကျပြီး နောက်တစ်ရက်ကို နှစ်ဆန်းရက်အဖြစ် သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ သို့သော် မြန်မာပြည် တွင်မူ နိရာယနမိဿရာသီသို့ တနင်္ဂနွေမဓျဂြိုဟ်ဝင်သည့်အချိန် (သင်္ကြန်အတက်) ၏ နောက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့ အဖြစ် သတ်မှတ်သည်။

အထူးမှတ်ရန်မှာ အိန္ဒိယသင်္ကြန်သည် သာယနသင်္ကြန် ဖြစ်ပြီး မြန်မာပြည်သင်္ကြန်မှာ နိရာယနသင်္ကြန် ဖြစ်သည်။ 

            အောက်ပါပုံကိုကြည့်လျှင် သာယန မိဿရာသီ၌ အီကွေတာပေါ် နေဖြတ်စဉ် နိရာယနမိဿရာသီသို့ မရောက်သေး ကြောင်းတွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် သာယနနှင့်နိရာယန ၂၃ ရက်ကျော်ကွာသောကြောင့် ဖြစ်၏။ သို့အတွက် သာယနမိဿရာသီသို့ နေရောက်ပြီးနောက် ၂၃ ရက်ကြာမှ နိရာယနမိဿရာသီသို့ နေရောက်သည်။ ထို့ပြင်တ၀ မြန်မာ နှစ်ကူးချိန်ကို တနင်္ဂနွေမဓျဂြိုဟ် မိဿရာသီဝင်ချိန်ဟု သတ်မှတ်ထားသဖြင့် နောက်ထပ် ၂ ရက်ကျော် ထပ်ကွာပါသည်။ ထို့ကြောင့် အိန္ဒိယ နှစ်ဆန်းရက်နှင့် မြန်မာနှစ်ဆန်းရက်မှာ (၂၃+၂=၂၅) ၂၅ ရက်ကျော် ကွာပါသည်။

            သို့ဖြစ်လေရာ အိန္ဒိယနိုင်ငံ၌ မတ်လ ၂၁ သို့မဟုတ် ၂၂ ရက်နေ့ နှစ်ဆန်းသော်လည်း မြန်မာနိုင်ငံတွင် ဧပြီလ ၁၃ ရက် သို့မဟုတ် ၁၄ ရက်၌ နှစ်ဆန်းရခြင်း ဖြစ်ပါသတည်း။

            ဤတွင် ဗေဒင်ပညာမလိုက်စားဖူးသော သာမန်စာဖတ်ပရိသတ်များအဖို့ ကျွန်တော် ယခု မြန်မာပြက္ခဒိန်အကြောင်း ရေးနေပါလျှက် အဘယ်ကြောင့် အိန္ဒိယပြက္ခဒိန်ကို သွားပြီးရည်ညွှန်းနေပါသနည်း ဟု နားမရှင်းနိုင်စရာ ဖြစ်လာနိုင်ပါသည်။ အကြောင်းကား မြန်မာပြက္ခဒိန်၏ မြစ်ဖျားခံရာမှာ အိန္ဒိယဖြစ်သောကြောင့် ဖြစ်ပါသည်။ ဤအကြောင်းများကို ပြက္ခဒိန် အကြောင်းရေးသောအခါ အကျယ်တ၀င့်ရှင်းပြပါမည်။



No comments: