Thursday, May 2, 2013

မြန်မာနိုင်ငံရှိ အဆောက်အဦများအတွက် အရည်အသွေးထိန်းချုပ်မှု စနစ်


(၁) စင်ကာပူရှိ ဆောက်လုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် အာဏာပိုင်အဖွဲ့အစည်း များ

ယနေ့လက်ရှိ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်ပေါ်ကြုံတွေ့နေသော အရည်အသွေး ထိန်းသိမ်းရေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးနေချိန်တွင် မိမိတို့နိုင်ငံအတွက် အသုံးတည့်နိုင်သော စင်္ကာပူနိုင်ငံမှ လုပ်နည်းကိုင်နည်းများကို တင်ပြလိုခြင်းဖြစ်ပါသည်။
စင်္ကာပူနိုင်ငံတွင် လူနေအိမ်များနှင့် အဆောက်အအုံများ၏ အရည်အသွေးထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ချမှတ်ထားသော ဥပဒေနှင့် ထိုဥပဒေကို အသက်ဝင်စေရန် ဆောင်ရွက်ရသည့် အဖွဲ့အစည်းအကြောင်း တင်ပြလိုပါသည်။ စင်္ကာပူနိုင်ငံ၏ အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် လက်ရှိ အဆောက်အအုံများ၏ ခိုင်ခန့်စိတ်ချရမှုတို့ကို စစ်ဆေးဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းမှာ Building and Construction Authority ဖြစ်ပြီး BCA ဟုလူသိများသည်။ BCA သည် Ministery of Nation Development (MND) (အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန) ၏လက်အောက်မှ ဌာနတစ်ခုဖြစ်သည်။

BCA ၏အဓိကတာဝန်များမှာ -
v  အဆောက်အအုံများအား လုံခြုံစိတ်ချရမှု စံနှုန်းများအတိုင်း ပုံစံတွက်ချက် ရေးဆွဲစေရန် နှင့် ထိုပုံစံအတိုင်း အမှန်တကယ်ဆောက်လုပ်စေရန်
v  ခွင့်ပြုမိန့်မရှိဘဲ လူနေအိမ်များနှင့် အခြားအဆောက်အအုံများ ဆောက်လုပ်ခြင်းကိုထိန်းချုပ်ရန်
v  လက်ရှိအဆောက်အအုံများကို ကောင်းမွန်သေချာစွာ မွမ်းမံထိန်းသိမ်းရန်
v  စီမံခန့်ခွဲရေးနှင့် လက်တွေ့လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင်ဆောင်ရွက်ရန်
v  ကြော်ငြာဘုတ်များ ဆောက်လုပ်ခြင်းအတွက် လိုင်စင်ထုတ်ပေးခြင်း
v  မြို့ပြကာကွယ်ရေး အရေးပေါ်ခိုနားရန်နေရာများအတွက် ပုံစံထုတ်ရေးဆွဲခြင်းနှင့် ဆောက်လုပ်ရေးအတွက် ကြီးကြပ်ခြင်း
-       တို့ဖြစ်သည်။
-        
BCA မှအဓိက ဦးဆောင်ကိုင်တွယ်နေသော ဥပဒေသုံးရပ်မှာ -
v  Building Control Act
v  Building Maintenance and Strata Management Act
v  Building and Construction Authority Act
-       တို့ဖြစ်သည်။

ယခုတင်ပြလိုသည်မှာ အရေးအကြီးဆုံးဖြစ်သည့် Building Control Act ဖြစ်သည်။
            Building Control Act ကို လွှတ်တော်မှပြဌာန်းထားပြီး ထိုဥပဒေ၏ သက်ဝင်လှုပ်ရှားမှုကို ကိုင်တွယ်ဆောင်ရွက်ရန် Commissioner of Building Control (CBC) ကို MND ၏ ဝန်ကြီးမှ တိုက်ရိုက်ခန့်ထားပေးသည်။ သူသည် BCA ၏ Deputy CEO တစ်ဦးလည်းဖြစ်သည်။ အက်ဥပဒေကို အထောက်အကူဖြစ်စေမည့် စည်းမျဉ်းနည်းလမ်းများ (Regulations) များကိုလည်း ချမှတ်ထားသည်။ ထို Regulations များကိုမူ ဝန်ကြီးမှ အတည်ပြု ပေးနိုင်ပြီး လွှတ်တော်အထိ တင်ပြနေရန် မလိုအပ်ချေ။ Regulations များမှာအောက်ပါအတိုင်း ဖြစ်သည်။

·         Building Control Regulations
·         Building Control (Accredited Checker) Regulations
·         Building Control (Inspection of Buildings) Regulations
·         Building Control (Outdoor Advertising) Regulations
·         Building Control (Buildable Design) Regulations
·         Building Control (Environmental Sustainability) Regulations


ထို့အပြင် ပုံစံထုတ်ရေးဆွဲရာတွင်လည်း အထောက်အကူဖြစ်စေမည့် စံသတ်မှတ်ချက်များ (Codes) ကိုလည်း သတ်မှတ်ထားသည်။

·         Code of Practice on Building Design
·         Code on Barrier-Free Accessibility in Buildings

Building Control Act ကို 1989 ခုနှစ်တွင် စတင်ပြဌာန်းခဲ့သည်။ အကြောင်းအားလျော်စွာ ပြင်ဆင် ဖြည့်စွတ်မှုများ လုပ်ခဲ့ပြီး ယခုနောက်ဆုံး ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ပြင်ဆင်ဖြည့်စွက်ခဲ့သေးသည်။ ဥပဒေတွင် အပိုင်းပေါင်း ခုနှစ်ပိုင်းပါဝင်သည်။ အဆောက်အအုံ တစ်ခုအတွက် စတင် မတည်ဆောက်မီ ပုံစံထုတ်ရေးဆွဲသည့် အချိန်မှစ၍ နောက်ဆုံးလူနေထိုင်သည့် အဆင့်ထိတင်မက နောင်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအထိပါ အကျုံးဝင်အောင်ရေးဆွဲထားသည်။ ထိုအက်ဥပဒေကို အထောက်အကူဖြစ်စေမည့် Regulations များကိုရေးဆွဲပြဌာန်းထားသည်။ Regulations များကိုလည်း အမြဲတမ်းစောင့်ကြည့်လေ့လာ နေပြီး ခေတ်နှင့်အညီဖြစ်စေရန် ပြင်ဆင်ဖြည့်စွတ်ထားကြသည်။ Regulation များပြဌာန်းရန်အတွက်မူ လွှတ်တော်ထိ တင်ရန်မလိအပ်ဘဲ ဝန်ကြီးမှ အတည်ပြုပြဌာန်းနိုင်သည်။

(၂) စင်ကာပူ၌ အဆောက်အဦများ၏ အရည်အသွေးကို မည်ကဲ့သို့ ထိန်းချုပ်ထားပုံ

            Building Control System ကို နမူနာအနေဖြင့် အဆင့်တိုင်းကို အကြမ်းဖျဉ်းတင်ပြလိုပါသည်။ စင်္ကာပူတွင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု စတင်ဆောင်ရွက်မည်ဆိုလျှင် အောက်ပါအဆင့်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရန်လိုသည်။ ဤနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းဆိုသည်ကို -
၁) အဆောက်အဦးအသစ်တည်ဆောက်ခြင်း၊ လက်ရှိအဆောက်အဦးကို ချဲ့ထွင်ခြင်း နှင့် လက်ရှိအဆောက်အဦးကို ဖျက်သိမ်းခြင်း
၂) လက်ရှိအဆောက်အဦးကို ပုံစံပြောင်းခြင်း၊ ထပ်မံပေါင်းစပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း
၃) လက်ရှိအဆောက်အဦးနှင့်တွဲဆက်ပြီး အဲယားကွန်း(သို့) လေဝင်လေထွက် စနစ် တပ်ဆင်ခြင်း၊ ထပ်မံချဲ့ထွင်ခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်း
အထက်ဖော်ပြပါ လုပ်ငန်းများလုပ်ကိုင်ရန် ဆိုဒ်အနေအထား ပြင်ဆင်ခြင်းများပါ ပါဝင်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။
ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် ပိုင်ရှင် (Client or Developer) အနေဖြင့် Cousultants များအဖြစ် Architect, Professional Engineer (Structural), Professional Engineer (M&E) နှင့် Builder တို့ကို သတ်မှတ်ခန့်ထားရန်လိုအပ်ပါသည်။ Architect နှင့် Professional Engineer (Structural) (PE- Structural) / PE (M&E) တို့ကို သက်ဆိုင်ရာ အရည်အချင်းမှီ ပုဂ္ဂိုလ် (Qualifird Person)  QP (Architect)၊ QP (Structural) နှင့် QP (M&E) တို့အဖြစ် ခန့်ထားရသည်။ဆောက်လုပ်မည့်ကန်ထရိုက်တာ Builder ကိုလည်း သတ်မှတ်ရသည်။
ပထမဦးစွာ URA ခေါ် Urban Redevelopment Authority သို့ Planning Permission အတွက် ခွင့်ပြုချက်တင်ပြတောင်းခံရသည်။ URA သည်လည်း Ministry of National Development (MND) ၏ လက်အောက်ခံဌာနတစ်ခု ဖြစ်သည်။
ထို URA မှ Written Permission ရရှိပြီးပါက QP (Architect) အနေဖြင့် Building Plans (Architectural Plans) ကို BCA သို့ တင်ပြရသည်။ BCA မှစစ်ဆေးပြီး သတ်မှတ်ထားသည့် စံများ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည်များကို တွေ့ရှိပါက Written Direction (WD) ခေါ် ပြန်လည် ပြင်ဆင်ခိုင်းသည့်အချက်များကို ဖော်ပြထားသည့်စာ ပြန်ပေးမည်။ ထိုအခါ ပြန်လည်ပြင်ဆင်၍ ထပ်မံ တင်ပြရသည်။ သတ်မှတ်ထားသည်များ ကိုက်ညီပါက Building Plan Approval ကို ချပေးလိုက်မည် ဖြစ်သည်။
Building Plan (BP) Approval ရရှိပြီးပါက ထို BP Approval နှင့်တွဲ၍ Structural Plan (ST) ကို ဆက်လက်တင်ရမည်ဖြစ်သည်. ST ကို Design ပိုင်းတာဝန်ယူထားသော QP (Structural) အနေဖြင့် တင်ရမည်ဖြစ်သည်။(အချို့ ကုမ္ပဏီများနှင့် ပရောဂျက်များတွင် ဒီဇိုင်းပိုင်းနှင့် ကြီးကြပ် ကွပ်ကဲသော အပိုင်းဟူ၍ ခွဲထားပြီး QP နှစ်ဦးတာဝန်ယူတက်သည်။ အများအားဖြင့် QP တစ်ဦးထဲကသာ နှစ်ပိုင်းစလုံး တာဝန်ယူလေ့ရှိသည်။)
ထို ST တွင် ဒီဇိုင်း တွက်ချက်ထားပုံ အသေးစိတ်ကို စင်္ကာပူ စတန်းဒတ်အရ သတ်မှတ်ထားသော Building code များနှင့် Code of Practice များ အသုံးပြု၍ တွက်ချက်တင်ပြရမည်။ ထို့သို့ QP (Structural) ၏အသေးစိတ်တွက်ချက်ထားပုံအပြင် အကယ်၍ ပရောဂျက်တန်ဖိုး  ၁၅ မီလီယံ ကျော်ပါက Accredited Checker ခေါ် သီးခြားစစ်ဆေးသူထံ တင်ပြစစ်ဆေးခံပြီးမှ BCA သို့တင်ရမည်ဖြစ်သည်။ BCA မှစစ်ဆေးပြီး သတ်မှတ်ထားသည့် စံများ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည်များကို တွေ့ရှိပါက Written Direction (WD) ခေါ် ပြန်လည်ပြင်ဆင်ခိုင်းသည့်အချက်များကို ဖော်ပြ ထားသည့်စာ ပြန်ပေးမည်။ ထိုအခါ ပြန်လည်ပြင်ဆင်၍ ထပ်မံ တင်ပြရသည်။
သတ်မှတ်ထားသည်များ ကိုက်ညီပါက Structural Plan Approval ကို ချပေးလိုက်မည် ဖြစ်သည်။ထို Approval ရပြီးလျှင်တော့ လုပ်ငန်း စတင်ရန် Design ပိုင်းအနေဖြင့် ပြည့်စုံမှု ရှိပြီဖြစ်သည်။ ထိုနောက်လုပ်ငန်းစတင်ရန် လုပ်ငန်းလုပ်ဆောင်ရန် ခွင့်ပြုချက် Permit to Commencement Work တင်ပြတောင်းခံရသည်။ ထိုပုံစံတွင် Owner, Consultants QP, Buiilder နှင့် လုပ်ငန်းခွင် အရည်အသွေး စစ်ဆေးကြီးကြပ်ရန် RE နှင့် RTO တို့အားလုံး လက်မှတ်ရေးထိုး၍ တင်ရသည်။လုပ်ငန်းကို အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးရန် နှင့် QP အားအထောက်အကူဖြစ်စေရန် အရည်အသွေးမီ Resident Engineer (RE) နှင့် Resident Technical Officer (RTO) များကို ပရောဂျက် တန်ဖိုးအပေါ်မူတည်၍ သတ်မှတ်ထားသော အရေအတွက် အတိုင်းခန့်ထားရသည်။
ထို RE နှင့် RTO များသည် Consultants မှ ခန့်ထားရမည်ဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်ရာတွင် ရှုပ်ထွေးမှုမဖြစ်စေဘဲ လွတ်လပ်စွာ ဆောင်ရွက် နိုင်ရန် Builder မှ ခန့်ထားခြင်းမျိုး ခွင့်မပြုပါ။RE နှင့် RTO သည် QP ကိုယ်စား ဆိုဒ်ကို Drawing အတိုင်း ဆောက်လုပ်ရန်၊ သတ်မှတ်ထားသော Standard များနှင့်ကိုက်ညီစေရန် ကြီးကြပ်ကွပ်ကဲ ရသူများဖြစ်ပြီး လုပ်ပိုင်ခွင့်နှင့်အတူ တာဝန်ခံမှုရှရသူများလည်းဖြစ်သည်။ လိုအပ်ပါက BCA ထံသို့ တိုက်ရိုက် တင်ပြနိုင်သူများဖြစ်သည်။ထို Approval ရရှိပြီးပါက အခြားသော ဌာနဆိုင်ရာများမှ သတ်မှတ်ထားချက်များနှင့် ကိုက်ညီပြီးလျှင် (ဥပမာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အလုပ်ဥပဒေများ စသည်) လုပ်ငန်းစတင်နိုင်ပြီဖြစ်သည်။
            လုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်းတွင်လည်း QP, RE တို့၏ အရည်အသွေး ထိန်းကျောင်းမှုများနှင့် ကြုံတွေ့ရသည့် ဒီဇိုင်းပိုင်းဆိုင်ရာများကို ဖြေရှင်းဆောင်ရွက်ကြရသည်။ BCA မှလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးမည်သာ ဖြစ်သည်။ ထိုသို့စစ်ဆေးစဉ်အတွင်း မသင့်လျော်စွာ လုပ်ကိုင်ထား သည်များရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ချက်ချင်းဖြေရှင်းတင်ပြရှင်းလင်းလုပ်ဆောင်ရသည်။
            တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဆိုပါက TOP ခေါ် Temporary Occupation Permit ယာယီနေထိုင်ခွင့်ပြုမိန့်ရရန် BCA သို့ တင်ပြ ရသည်။ BCA မှ ကျွမ်းကျင်သူများပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါမှ ခွင့်ပြုမိန့်ချပေးမည်ဖြစ်သည်။ မကိုက်ညီသည့် အရာများတွေ့ရှိပါက ပြန်လည်ပြင်ဆင်ရပြီး ဒုတိယ၊တတိယ အကြိမ်စသည်ဖြင့် အကြိမ်ကြိမ်စစ်ဆေးမည် ဖြစ်သည်။ TOP ရပြီးလျှင် လူများနေထိုင်၍ ရပြီဖြစ်သည်။ သို့သော်လည်း ဒီဇိုင်းပိုင်း ကိစ္စများအနေဖြင့် မပြီးသေးဘဲ မူလမဆောက်လုပ်မီက တင်ထားသည့်ဒီဇိုင်းနှင့် ဆောက်လုပ်စဉ်အတွင်း အသေးစား ကွဲလွဲမှုများကို ဖော်ပြပြီး လက်ရှိဆောက်လုပ်ထားသည့် ပုံစံ (As Build Drawings) များနှင့် ဒီဇိုင်းတွက်ချက်မှုများကို ပြန်လည်တင်သွင်းရသည်။ အားလုံး သတ်မှတ်ချက်များနှင့် ကိုက်ညီပါမှ CSC ခေါ် Certificate of Statutory Completion ကိုရရှိမည်ဖြစ်ပြီး လုပ်ငန်းစဉ်များပြီးဆုံးပြီ ဖြစ်သည်။ နောက်ပိုင်း အဆောက်အအုံ ခိုင်ခန့်စိတ်ချရမှုအတွက် သတ်မှတ်ထားသော ကာလအပိုင်းအခြားများအတိုင်း ဆက်လက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်သည်။
            အထက်ပါလုပ်ငန်းစဉ်များကို ကြည့်ရှုပါက Submission လုပ်ငန်းစဉ်များ ရှုပ်ထွေးကြန့်ကြာမှုများ ရှိနိုင်သည်ဟု ယူဆစရာ ဖြစ်နေသော်လည်း အမှန်တကယ်မှာ မရှိပေ။ Submission လုပ်ငန်းစဉ်တိုင်းကို Online မှ ဆောင်ရွက်နိုင်သည်။ ဆောင်ရွက်ကြသည်ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသည့် ဌာနအနေနှင့်လည်း သတ်မှတ်ထားသည့် အချိန်အပိုင်းအခြားအတွင်း ပြန်လည်အကြောင်းပြန်ကြားပေးရသည်သာဖြစ်သည်။ သက်ဆိုင်ရာ Submission အမျိုးအစားအလိုက် အများဆုံးကြာမည့်အချိန်များနှင့် လိုအပ်ချက်များကို အလွယ်တကူ ရှင်းလင်းစွာ ဖော်ပြထားသည်ဖြစ်သည်။ အရာတိုင်းကို ပွင့်လင်း မြင်သာမှုရှိအောင် ဆောင်ရွက်ထားခြင်းအားဖြင့် မလိုလားအပ်သော အရှုပ်အထွေးများကိုမဖြစ်ပေါ်နိုင်အောင် တားဆီးထားသည်။
System ၏လည်ပတ်နေပုံကို အမြဲမပြတ် စောင့်ကြည့်နေပြီး အကယ်၍ Accident တစ်ခုခုကြုံတွေ့မိပါက အရေးယူရုံမျှဖြင့် ရပ်တန့်မသွားဘဲ system ၏ မည့်သည့်အစိတ်အပိုင်းမှ လစ်ဟာသွား၍ ဤကဲ့သို့ ကြုံတွေ့ရသည်ဆိုသည်ကို အမြဲလေ့လာဆန်းစစ်သည်။ လေ့လာတွေ့ရှိပါက ထိုလစ်ဟာမှု ကို အသစ်ပြင်ဆင် ဖြည့်စွတ်၍ နောင်မဖြစ်နိုင်အောင် တားဆီးလိုက်နိုင်သည်။ အဆင့်တိုင်းအတွက်လည်း Engineer, Professional Engineer, Qualified Person, Resident Engineer, Resident Technical Officer, Accredited Checker စသည်ဖြင့် လိုအပ်သော Professional များကို သူ့နေရာနှင့်သူ အသုံးချနိုင်ရန် ရေးဆွဲပြဌာန်းထားသည်။ အဆောက်အအုံ ပုံစံရေးဆွဲ စဉ်မှ ပြီးစီးသည်အထိ အဆင့်တိုင်းကို သက်ဆိုင်သူများမှ အဆင့်ဆင့် တာဝန်ခံစေခြင်း၊ ပြန်လည်စစ်ဆေးခြင်းများကြောင့် အဆောက်အအုံ ပြိုကျပျက်စီးခြင်း စသည့်မတော်တဆမှုများမှာ လုံးဝမဖြစ်သလောက် အခြေအနေထိကို ရောက်ရှိနေပြီဖြစ်သည်။Institution ကိုခိုင်မာအောင် အဆင့်ဆင့်တည်ဆောက်ထားပြီး အသက်ဝင် လှုပ်ရှားနေအောင် လုပ်ကိုင် ဆောင်ရွက်ထားခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။

(၃) လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် အကြံပြုတင်ပြချက်

            ယနေ့လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံတွင် Building Law နှင့် Building Codes များ ရှိနေသော် လည်း လက်ရှိအချိန်တွင် ခေတ်မမီတော့ခြင်း၊ ထိုဥပဒေများကို အသက်ဝင်အောင် ဆောင်ရွက်ရမည့် သီးခြားအဖွဲ့အစည်း မရှိသေးခြင်း တို့ကြောင့် ဖြစ်ပေါ်ခဲ့ပြီးသော နောင်ဖြစ်ပေါ်လာနိုင်သော မတော်တဆမှုတို့၏ အန္တရာယ်မှာ ရှိနေသေးသည်သာ ဖြစ်သည်။ မိမိတို့ နိုင်ငံအနေနှင့် နိုင်ငံတကာ အဆင့်မီ ဆောက်လုပ်ရေး အက်ဥပဒေနှင့် ထိုဥပဒေကို အသက်ဝင်အောင် လှုပ်ရှားဆောင်ရွက်သည့်အဖွဲ့များ ပေါ်ပေါက်လာအောင် ဆောင်ရွက်သင့် သည်ဟု အကြံပေးတင်ပြလိုပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဌာနတစ်ခုတည်း အဖွဲ့အစည်းတစ်ခုထဲမှ ဆောင်ရွက်၍သင့်တော်မည် မဟုတ်ဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့တော်စည်ပင်သာယာရေး ကော်မတီများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာများ အသင်းနှင့် အခြားပညာရှင်များ စသည်ဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု အကြံပေးတင်ပြလိုပါသည်။ မိမိတို့ စင်္ကာပူမှ အဖွဲ့များအနေဖြင့် လိုအပ်သောအချက်အလက်များကို ရှာဖွေပေးနိုင်ပြီး လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေပါသည် ဟုတင်ပြလိုက်ရပါသည်။    

ကျေးဇူးတင်ပါသည်။

ဝင်းမြင့် B.E (Civil), M.Sc(Civil Engineering)
ထွန်းနောင်မြင့် B.E (Civil), M.Sc(Civil Engineering)
Myanmar Transitional Platform
၁၊ မေ၊ ၂၀၁၃ 

No comments: