Thursday, May 2, 2013

ပြည်သူ့ကျန်းမာရေးဆိုင်ရာမူဝါဒများ နှင့် အခြေခံသတင်းအချက်အလက်များ၏ အခန်းကဏ္ဍ


စာတမ်းအနှစ်ချုပ်

နိုင်ငံတနိုင်ငံ၏ အခြေခံကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များရရှိနိုင်မှုသည် ထိုနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် မရှိမဖြစ်အရေးပါပါသည်။ အခြားတဖက်တွင်လည်း ကျန်းမာရေးဆိုင်ရာဘတ်ဂျက်မှာ အကန့်အသတ်ရှိပါသည်။ အကန့်အသတ် ရှိသော ဘတ်ဂျက်ကို အလိုအပ်ဆုံးသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တို့တွင် ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေးမှာ မူဝါဒရေးဆွဲသူတို့ အတွက် အထူးတလည် ဂရုပြုရမည်အချက်ဖြစ်ပါသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကြံ့ခိုင်သောကျန်းမာရေးဆိုင်ရာအချက်အလက်တို့ကို ကောက်ယူအသုံးချနိုင်မှုမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး(WHO)၏ သုံးသပ်ချက်အရဆိုလျှင် အားနည်းလျက်ရှိပါသည်။
ကျန်းမာရေးသတင်းအချက်အလက်စနစ် (Health Information System) ဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖော်ဆောင်လမ်းညွှန်၍ နိုင်ငံအများက လိုက်နာဆောင်ရွက်ကြသော စနစ်တခုရှိပါသည်။ မြန်မာနိုင်ငံအနေနှင့်လည်း ၁၉၇၈ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ ၂၀၀၇ခုနှစ်တွင်ပြုလုပ်သော သုံးသပ်မှုအရ တိုင်းတာသော ရည်ညွှန်းချက်အများစုတွင် (ရှိ၊ သို့သော် အားနည်း) ဟူသော သုံးသပ်ချက်အများဆုံးရရှိပါသည်။
ဤစာတမ်းတွင် မူဝါဒများဖော်ဆောင်ရာ၌ သတင်းအချက်အလက်များ မည်သို့အသုံးချသည် ဆိုသည်နှင့် ကြံ့ခိုင်၍ အချိန်အနည်းငယ် အတွင်းလက်တွေ့အသုံးချနိုင်မည့် သတင်းအချက်အလက်များကိုဒေသအလိုက် သက်ဆိုင်ရာကျန်းမာရေးဌာန၊ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်း၍ တပိုင်တနိုင် မည်သို့ကောက်ယူနိုင်သည်ကို တင်ပြထားပါသည်။
အကျဉ်းချုပ်အားဆိုလျှင် ပြည်သူလူထုအတွင်း ရောဂါတခု (ဥပမာ ဆီးချိုရောဂါ) နှင့်ပတ်သတ်၍ ကျန်းမာရေးပညာပေးကိစ္စများ ဆောင်ရွက်ရန် မူဝါဒချမှတ်ရာ၌ ပြည်သူလူထုအတွင်း မည်သူတို့တွင် အဖြစ်များသည် မည်သို့နေထိုင်စားသောက်မှုပုံစံရှိကြသည် အစရှိသည့် သတင်းအချက်အလက်များ ရှိမှသာလျှင် ရှိသောဘတ်ဂျက်ငွေဖြင့် အဖြစ်အများဆုံးသော လူတန်းစား၊ဒေသတို့ကို ဦးတည်ချက်ထား၍ ကျန်းမာရေး ပညာပေးခြင်း ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်လုပ်ကိုင်နိုင်ရေးတို့အတွက် အထောက်အကူပေးခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့မဆောင်ရွက်နိုင်လျှင် သဲထဲရေသွန်သလို ငွေကုန်အရာမထင်ဖြစ်ပေမည်။
ကျန်းမာရေးသတင်းအချက်အလက်များ ကောက်ယူရာတွင် လူထုအခြေပြုကောက်ယူမှုစနစ် (population based) နှင့် ကျန်းမာရေး ဌာနများမှတဆင့် ကောက်ယူမှု (institution based)ဟူ၍ နှစ်မျိုးရှိပါသည်။ ပြုပြင်ရန်ရှိသည်တို့မှာ ကျန်းမာရေးဌာနများမှ ကောက်ယူသော အချက်အလက်များကို ပိုမို၍ ကြံ့ခိုင်အောင် ပြုပြင်ဆန်းစစ်ရန်နှင် ဒေသအလိုက် အသေးစားပရောဂျက်များဖြင့် လက်ရှိအခြေအနေကို ခန့်မှန်း သုံးသပ်နိုင်မည့် သတင်းအချက်အလက်ကောက်ယူမှုတို့ကို လုပ်ဆောင်ရန်ဖြစ်ပါသည်။ Myanmar Transitional Platform အနေဖြင့် အသေးစားပရောဂျက်များ ဖော်ဆောင်လုပ်ကိုင်ရာတွင်၎င်း ရှိထားပြီးသော အချက်အလက်များကို စုစည်း၍ သုံးသပ်အကြံပြုပေးရာတွင်၎င်း အကူအညီပေးနိုင်သည်များ ရှိပါသည်။

လက်ရှိအခြေအနေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၀၇ခုနှစ်တွင် ပြုလုပ်သော သုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ ကျန်းမာရေးသတင်း အချက်အလက် စနစ်အတွင်းရှိ ရည်ညွှန်းချက်များ၏ ကြံ့ခိုင်အသုံးဝင်မှုအဆင့်များမှာ (၁) သတင်းအချက်အလက်အတွက် သုံးသောငွေကြေးနှင့် တခြားအရင်းအမြစ်များ - ၅၂%၊ (၂) ကျန်းမာရေးညွန်းကိန်းများ - ၆၆%၊ (၃) သတင်းအရင်းအမြစ်များ - ၄၉%၊ (၄) အချက်အလက်များကို အသုံးချမှု - ၄၅%၊ သတင်းအချက်အလက်များ - ၆၄%၊ (၅) ဖြန့်ဝေမှုနှင့် အသုံးပြုမှု - ၅၂% တို့ဖြစ်ကြပါတယ်။ ခြုံငုံသုံးသပ်ချက်မှာ ရရှိသင့်သောစနစ်ရှိသောလည်း ကောက်ယူပုံ၊ ပြန်လည်ဖြန့်ဝေပုံနှင့် အသုံးချမှုတို့မှာ အားနည်းလျက်ရှိနေသေးသည်ဟူ၍ဖြစ်ပါသည်။

စာတမ်း၏ အဓိကရည်ရွယ်ချက်များ

၁။ ပြည်သူ့ကျန်းမာရေးဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော်ရာတွင် အကန့်အသတ်ရှိသော ငွေ၊    အချိန်၊လူ၊ ပစ္စည်း အစရှိသည်တို့ကို    
    အလိုအပ်ဆုံးနေရာတို့တွင် ထိရောက်စွာ အသုံးချနိုင်ရန် လိုအပ်ကြောင်းတင်ပြရန်
၂။  ထိုသို့ထိရောက်စွာ အသုံးချနိုင်ရေးတွင် သတင်းအချက်အလက်များ၏ အရေးပါပုံကို တင်ပြရန်
၃။ ထိုသို့သတင်းအချက်အလက်များ ရှာဖွေကောက်ယူရာတွင် ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်နိုင်မည့် လက်တွေ့ကျသော
    နည်းလမ်းများကို ဆွေးနွေးအကြံပြုရန်

သတင်းအချက်အလက်များ၏ အရေးပါပုံ

ကျန်းမာရေးဆိုင်ရာမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရာမှာ သတင်းအချက်အလက်များအား မည်ကဲ့သို့ အသုံးပြုနိုင်သည်ဆိုသည်ကို အောက်ပါပုံတွင်ကြည့်ရှုနိုင်ပါသည်။



သတင်းအချက်အလက်များကောက်ယူအသုံးပြုပုံနည်းစနစ်များ

ကျန်းမာရေးနှင့်ဆိုင်သော သတင်းအချက်အလက်များ ကောက်ယူရာတွင် လူထုအခြေပြုကောက်ယူမှုနှင့် အစိုးရဌာနများ (ဆေးရုံ ဆေးခန်းများအပါအဝင်) မှတဆင့် ကောက်ယူမှုဟူ၍ နှစ်မျိုးရှိပါသည်။

လူထုအခြေပြုစနစ်ဖြင့်ကောက်ယူရာတွင် -

(၁) လူထုအတွင်းဆင်း၍ကောက်ယူခြင်း (population surveys)
(၂) ဖွားသေစာရင်း၊ မှတ်ပုံတင်ခြင်း၊ အစရှိသည်ဖြစ်ရပ်တို့ကို ပြုစုမှတ်တမ်းတင်ခြင်း (civil registration)
(၃) နိုင်ငံလုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း (Census) ဟူ၍ သုံးမျိုးရှိပါသည်။

ကျန်းမာရေးဌာနနှင့် အခြားအစိုးရဌာနများမှတဆင့်ကောက်ယူရာတွင် -

(၁)  တကိုယ်ရေကျန်းမားရေးမှတ်တမ်းများ (individual records)
(၂) ဌာနဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုစာရင်းများ (service records)
(၃) ဌာနဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် အသုံးပြုမှုမှတ်တမ်းများ (resource records) ဟူ၍ သုံးမျိုးရှိပါသည်။

နိုင်ငံအများစုတွင် ကောက်ယူပုံစနစ်နှစ်မျိုးလုံးကို အသုံးပြု၍ တိုင်းသူပြည်သားတို့၏ ကျန်းမာရေးအဆင့်အတန်းကို အတိအကျသိရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြပါသည်။ မြန်မာနိုင်ငံတွင် ကောက်ယူမှုစနစ်နှစ်ခုလုံးတွင် အားနည်းချွတ်ယွင်းချက်များ ရှိနေပါသည်။

ခိုင်မာသောသတင်းအချက်အလက်ရရှိနိုင်ရေး ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ

Ø လက်ရှိကျန်းမာရေးဌာနများနှင့် အခြားသောအစိုးရဌာနများမှ ကောက်ယူနေသော အချက်အလက်များ၏ ကြံ့ခိုင်မှုကို ဆန်းစစ်ရန်နှင့် ပြုပြင်ရန် လိုအပ်ပါသည်။
Ø ပြည်နယ်၊ တိုင်းအလိုက် ကျန်းမာရေးစစ်တမ်းများကို သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစိုးရများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်း ကောက်ယူနိုင်ပါသည်။
Ø နိုင်ငံတကာအဖွဲ့အစည်းများမှ ကောက်ယူရရှိထားသော အချက်အလက်များကို တိုက်ဆိုင်ညှိနိုင်း၍ ပိုမိုပြည့်စုံတိကျသော ကျန်းမာရေး စစ်တမ်းများ ရရှိနိုင်ပါသည်။
Ø ပမာဏသေးငယ်သော စစ်တမ်းများကို ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပူးတွဲကောက်ယူနိုင်လျှင် ပဏာမအသုံးဝင်သော သတင်းအချက်အလက်များရနိုင်ပါသည်။

ဆွေးနွေးတင်ပြအကြံပြုချက်များ

Ø  လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းကို တိကျစွာ ဖော်ပြနိုင်သော သတင်းအချက်အလက်များ များစွာ အားနည်းနေပါသည်။
Ø  ခိုင်မာသောသတင်းအချက်အလက်များသည် လက်ရှိရင်ဆိုင်နေရသော ကျန်းမာရေးပြဿနာများ၏ အတိမ်အနက်၊ ဦးစားပေးရမည့် လုပ်ငန်းစဉ်တို့ကို ရှင်းလင်းစွာ သိမြင်သဘောပေါက်စေပါသည်။
Ø  အကန့်အသတ်ရှိသော ဘတ်ဂျက်ကို ထိရောက်အကျိုးရှိစွာ သုံးနိုင်ရန် ခိုင်မာသော သတင်းအချက်အလက်များမှာ များစွာအရေးပါပါသည်။
Ø  ပြည်သူ့မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက်များကို အဆင့်တိုင်းတွင် သုံးနိုင်ပါသည်။
Ø  အချက်အလက်စုဆောင်းကောက်ယူရာတွင် ပြည်တွင်းပြည်ပရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရတို့ပူးပေါင်း၍ ပရောဂျက်အသေးစားများဖြင့် စတင်ဆောင်ရွက်နိုင်ပါသည်။

Myanmar Transitional Platform အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များ

Ø  ပြည်တွင်းပြည်ပရှိ နိုင်ငံတကာအဖွဲ့အစည်းများမှ ကောက်ယူရရှိထားပြီးသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေစုဆောင်း၍ သုံးသပ်အကြံပြုချက်များ တင်ပြပေးနိုင်ပါသည်။
Ø  ပြည်သူ့ကျန်းမာရေးမြှင့်တင်ရေးကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေများ ပြုစုပြင်ဆင်ရာတွင် အခြားသောနိုင်ငံတို့၌ အကောင်အထည်ဖော်နေပြီးဖြစ်သော အကောင်းဆုံးနမူနာတို့ကို ရှာဖွေ၍ မြန်မာနိုင်ငံနှင့် အဆင်ပြေသင့်လျော်မည့် နည်းလမ်းများကို အကြံပြုတင်ပြပေးနိုင်ပါသည်။
Ø  ကျန်းမာရေးနှင့်ဘဝနေထိုင်မှုပုံစံဆိုင်ရာစစ်တမ်းများ (health and behavioural surveys) ကောက်ယူရန်ရှိလျှင် သုတေသနဆိုင်ရာ အကူအညီများ ပေးနိုင်ပါသည်။
Ø  ရည်ညွန်းအုပ်စု (target groups) များအတွက် တပိုင်တနိုင်စစ်တမ်းငယ်များ၊ သုတေသနပရောဂျက်များ လုပ်ဆောင်လိုလျှင် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ အကောင်အထည်ဖော်နိုင်ရန် ကြိုးစားပေးနိုင်ပါသည်။


စာကိုးစာရင်း

1) Components of a Strong Health Information System: A Guide to HMN Framework, WHO
2) Myanmar Health Information System: Review and Assessment, Ministry of Health   (Myanmar), March 2007
3) Country Health Information Systems: A Review of the Current Situations and Trends, Health Metrics Network, 2011


ဒေါက်တာသိန်းသန်းဝင်း
M.B.,B.S (YGN), Master in Public Administration (NUS)
Director, Health Education and Research (HOME Singapore)
Myanmar Transitional Platform
email: theinthanwin23@gmail.com


No comments: