Thursday, May 2, 2013

ကမ္ဘာတစ်ဝှမ်း e-Government ဆိုင်ရာ ဖြစ်ထွန်းမှုများနှင့် မြန်မာနိုင်ငံ


အနှစ်ချုပ်

ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်း e-Governmant လှုပ်ရှားမှုများ တင်ပြရင်း  မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကွာခြားချက် များကိုလေ့လာပြီး  လက်တွေ့ကျသော လုပ်ဆောင်နိုင်ဖွယ်ရာများကို အကြံပြုပေးလိုခြင်းဖြစ်သည်။
အသုံးများသောe-Governmantအကောင်အထည်ဖော်မှု စံပုံစံများ၊ ကုလသမဂ္ဂ၏ စစ်တမ်း၊ စိတ်ဝင်စားစရာရှေ့ဆောင် ဖြစ်ထွန်းမှုများစသည့် နယ်ပယ်များကိုထိတွေ့မိတ်ဆက်ထားပါသည်။ ကမ္ဘာပေါ်မှ တိုးတက်ဖြစ်ထွန်းမှုများကိုလေ့လာပြီး e-Government ဖော်ဆောင်ရာတွင် အစိုးရအတွင်းပိုင်း လုပ်ငန်းဆောင်ရွက်ရာ ၌ နည်းပညာအသုံးချမှု၏ အရေးကြီးပုံကိုမီးမောင်းထိုးပြထားသည်။
အစိုးရအတွင်းပိုင်း လုပ်ငန်းဆောင်ရွက်ရာတွင် နည်းပညာအသုံးချမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် တိုးတက်ဆောင်ရွက်ရန် လိုနေသေး သည့် အချက်များကိုလည်း အကြံပြုထားသည်။ အဓိက အာရုံစိုက်ရမည့် နယ်ပယ်များမှာ   ဒီဂျစ်တယ်နည်းအားဖြင့် ဖန်တီးထားသောစာရွက်စာတမ်း၊ ဓါတ်ပုံ၊ ဂရပ်သရုပ်ဖော်ပုံများအသုံးပြုမှု (Digitization) တိုးတက်လာရေး၊ စာရင်းအင်းအချက်အလက်များကို Database များအသုံးပြု သိုမှီးမှု (Database and Data Modelling) မြင့်တက်လာရေး နှင့် လုပ်ငန်းဆက်သွယ်ဆောင်ရွက်ရာတွင် ICT နည်းပညာအသုံးပြုမှုကို တိုးတက်သုံးစွဲလာနိုင်ရေးတို့ ဖြစ်သည်။
ထိုမှတစ်ဆင့် လုပ်ငန်းများလုပ်ဆောင်ရာနှင့် စီမံကိန်းများ စီမံခန့်ခွဲရာတွင် သမားရိုးကျနည်းများအစား မြန်ဆန်ထိရောက်သော ခေတ်မီ နည်းပညာအသုံးပြုမှု အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းလုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။
ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသူများကလည်း လုပ်ငန်းလိုအပ်ချက်များ လေ့လာရာတွင်လည်းကောင်း၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရေးတွင် လည်းကောင်း ကူညီဆောင်ရွက်နိုင်ကြောင်း တင်ပြထားသည်။


e-Governmant မိတ်ဆက်

e-Governmantဆိုသည်ကို e အီလက်ထရောနစ် နှင့် Governmantအစိုးရအုပ်ချုပ်ရေး နှစ်ပိုင်းဆက်စပ်ထားသောစကားလုံး ဖြစ်ကြောင်း နားလည်ကြသည်။ အစိုးရတစ်ရပ်နှင့် ထိစပ် ဆက်ဆံနေရသော ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ နှင့် အခြားနိုင်ငံအစိုးရများ ကြားဆက်သွယ် ဆောင်ရွက်မှုများကိုခေတ်ပေါ် အီလက်ထရောနစ် နည်းပညာဖြင့် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မှုများကို e-Government initiative ဟုဆိုကြသည်။
အီလက်ထရောနစ် နည်းပညာဟုဆိုရာတွင် ICT ဟုအတိုကောက် ခေါ်ကြသောသတင်းအချက်အလက်နှင့်  ဆက်သွယ်ရေးနည်းပညာ  (Information and Communication Technology) ကိုဆိုလိုသည်။ သတင်းအချက်အလက်ဟုဆိုရာတွင် အချက်အလက်သက်သက် (Data)  ထက် အသုံးဝင်မှု အဓိပ္ပါယ်ရှိသောသတင်းအချက်အလက် ကိုဆိုလိုသည်။ Data အချက်အလက်များကိုစုစည်းပြီးမူဝါဒများဆုံးဖြတ်ချက်ချရာတွင် အသုံးပြုနိုင်သော Information သတင်းအချက်အလက်များအဖြစ် အသွင်ပြောင်းယူကြရသည်။ ယင်းသတင်းအချက်အလက်များသည် မြန်ဆန် သွက်လက်စွာစီးဆင်းနိုင်သော Communication ဆက်သွယ်ရေးနည်းပညာများနှင့် ပေါင်းစပ်လိုက်သောအခါ လွန်စွာထိရောက်သော စနစ်တစ်ခုကို ရလေသည်။
e-Government ကိုအကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ဆက်ဆံရသောတစ်ဖက်အဖွဲ့အစည်းပေါ်မူတည်၍ ပုံစံအမျိုးမျိုးခွဲခြားကြသည်။ G2C (Government to Citizens)၊ G2B (Government to Businesses)၊ G2E (Government to Employees)၊ G2G (Government to Governments)၊ C2G (Citizens to Governments) စသည်ဖြင့် ခွဲခြားပြောကြလေသည်။ မည်သို့ပင် အကောင်အထည်ဖော်မှုများ ကွဲပြားစေကာမူ အဓိကရည်ရွယ်ချက်မှာ အစိုးရ၏ ဝန်ဆောင်မှုများ၊ အစိုးရဌာနများမှ ပံ့ပိုးပေးသော သတင်းအချက်အလက်များကို နည်းပညာအကူအညီဖြင့် ထိရောက်၊ လွယ်ကူ၊ မြန်ဆန်လာအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။

e-Government Readiness Survay

ယနေ့ အချိန်အခါတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ဆက်သွယ်ပြီးအစိုးရလုပ်ငန်းများလုပ်ဆောင်ရာတွင် ထိရောက် မြန်ဆန်မှုကို လိုလားလာကြသည်နှင့်အမျှ အစိုးရများသည် e-Government ကိုစိတ်ဝင်တစားဖော်ဆောင်လာကြရသည်။ ကုလသမဂ္ဂကဲ့သို့ အဖွဲ့အစည်းများကလည်း ကမ္ဘာ့အစိုးရများအတွက် e-Government Readiness ကိုလေ့လာပြုစုပြီးထုတ်ပြန် ကြေညာပေးကြသည်။ ၂ဝ၁၂ ထုတ်ပြန်ချက်အရ e-Government ဦးဆောင်သူများတွင် ထိပ်ဆုံးဆယ်နိုင်ငံတွင် အာရှမှ နှစ်နိုင်ငံပါဝင်သည်။ နံပါတ်တစ်စွဲသူမှာ တောင်ကိုရီးယား နိုင်ငံဖြစ်သည်။ စင်္ကာပူကအဆင့် ၁ဝ ချိတ်သည်။ ထိပ်ဆုံးဆယ်နိုင်ငံကိုအောက်တွင် ဖော်ပြပေးလိုက်ပါသည်။

1.     Republic of Korea
2.     Netherlands
3.     United Kingdom
4.     Denmark
5.     United States
6.     France
7.     Sweden
8.     Norway
9.     Finland
10.  Singapore

စိတ်ဝင်စားစရာ ဖြစ်ထွန်းမှုများ

၂ဝဝ၉ ခုနှစ်တွင် ဗြိတိသျှ ဝန်ကြီးချုပ်  Gordon Brown က  Tim Berners-Lee အား UK အစိုးရ၏ အချက်အလက်များအား ပိုမိုပွင့်လင်း လာစေရန် လုပ်ဆောင်မည့် စီမံကိန်းတွင် တာဝန်ပေးသည်။ Tim Berners-Lee ဆိုသူမှာအင်တာနက် World-Wide-Web ကိုတီထွင်သူတစ်ဦးဖြစ်သည်။ W3C foundation တည်ထောင်သူနှင့် Open Data Institute ဥက္ကဌ ဖြစ်ပြီးသတင်းအချက်အလက်များပွင့်လင်းလာစေရန် ဦးဆောင် ဆော်သြသူတစ်ဦး ဖြစ်သည်။ UK အစိုးရ၏ စီမံကိန်းဖြစ်သော data.gov.uk ဖြစ်ပေါ်လာမှုတွင် Tim Berners-Lee မှာ အရေးပါသောသူတစ်ဦး ဖြစ်လာခဲ့သည်။ Open Government လှုပ်ရှားမှုအဖြစ် ကမ္ဘာ့နိုင်ငံအများက ဝိုင်းဝန်းကြိုးစားကြရာ ယနေ့ထိ နိုင်ငံပေါင်း သုံးဆယ်ကျော်ခန့် ပါဝင်လာခဲ့ကြသည်။ ကုလသမဂ္ဂကလည်း Open Government လှုပ်ရှားမှုများကို ၂ဝ၁၂ e-Government လေ့လာချက် စစ်တမ်းတွင် အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့သည်။
အဆိုပါ နိုင်ငံများ ကြိုးပမ်းနေသည့် Open Government လှုပ်ရှားမှုဆိုသည်မှာ အစိုးရများတွင် ရှိသော ထိုက်သင့်သည့် အချက်အလက်များကို လူအများ လွယ်ကူစွာ ထိတွေ့နိုင်စေရန် ဖွင့်ပေးခြင်းပင် ဖြစ်သည်။ ထိုသို့ ဖွင့်ပေးခြင်းအားဖြင့် ပြည်သူများ၊ ပညာရှင်များ၊ လုပ်ငန်းများက အချက်အလက် များကို အသုံးချပြီး အစိုးရတစ်ရပ်ကပေးသော ဝန်ဆောင်မှုများကို ပိုမို ထိရောက်ကောင်းမွန်လာစေရန် အကြံပေးနိုင်သောပါဝင် ဆောင်ရွက်နိုင်သော အဆင့်ရောက်စေရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဂရပ်များ၊ သရုပ်ဖော်ပုံများ၊ မြေပုံများတွင်မက အချက်အလက် ပေါင်းစုံကို ပေါင်းစုအသုံးချနိုင် သော နားလည်လွယ်သည့် ပုံစံများဖြင့် ပုံဖော်ပြသနိုင်သော  Data visualization နည်းပညာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုရန် ကြိုးစားနေကြ ပေသည်။ နည်းပညာများ၏ ကျေးဇူးကြောင့် အချက်အလက်အစုများ (Data Sets) အမျိုးမျိုးကို မြင်သာထင်သာရှိသောရုပ်ပုံများအဖြစ် ပုံဖော်၍ ရလာသည်။ Open Government လှုပ်ရှားမှုမှာ e-Government ၏  မျက်နှာစာတစ်ခုဖြစ်သော e-participation ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုကို အမြင့်ဆုံးမျှော်မှန်းပြီး ကြိုးစားကြခြင်းပင် ဖြစ်သည်။ e-participation မှသည် အမြင့်ဆုံး e-Decision Making အထိ ပါဝင်ပတ်သက်မှုကို နည်းပညာ စွမ်းအားဖြင့် မြှင့်တင်လိုခြင်းဖြစ်သည်။ Open Data Project များတွင် အပြာနုရောင် ချယ်ထားသော အစိုးရဌာနများ ချိတ်ဆက်ပါဝင်မှုကို အောက်ပါ ပုံတွင် လေ့လာနိုင်ပါသည်။


e-Governmentအတွင်းနှင့် အပြင်

e-Government စနစ်တစ်ခုကိုလေ့လာရာတွင် အစိုးရ၏ ဝန်ဆောင်မှုကိုယူသည့်တစ်ဖက်အဖွဲ့ အစည်းနှင့် ဆက်နေသည့် အပိုင်းနှင့် အစိုးရဌာနတွင်းလုပ်ငန်းလုပ်ဆောင်သည့် အပိုင်း နှစ်ပိုင်းခွဲခြားကြည့်နိုင်ပေသည်။ အစိုးရအတွင်းပိုင်းအလုပ်လုပ်ပုံကိုအပြင်မှ အစိုးရဝန်ဆောင်မှုကို ယူသောအဖွဲ့အစည်းများ ပြည်သူများကမမြင်နိုင်ပေ။ သို့ဖြစ်ရာအစိုးရအတွင်းပိုင်းအလုပ်လုပ်ပုံတွင် နည်းပညာမသုံးပဲ ပြင်ပအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ဆက်ဆံရေးအတွက် ဆက်သွယ်ရေးနည်းပညာအဖြစ်သာသုံးမည်ဆိုပါက ဖြစ်နိုင်ပေသည်။
သို့ရာတွင် ထိုသို့ အကောင်အထည် ဖော်ထားသော e-Government စနစ်တစ်ခုသည် အောင်မြင်သင့်သလောက် မအောင်မြင်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဆက်သွယ်ရေး နည်းပညာများမှ ပံ့ပိုးပေးလာသော အမြန်နှုန်းကို အတွင်းပိုင်းရှိ ရှေးရိုး လုပ်ငန်းလုပ်ဆောင်မှုများနှင့် စီမံခန့်ခွဲမှုပုံစံကအလျင်မီအောင် လုပ်ဆောင် နိုင်ခြင်းမရှိခြင်းကြောင့် ပင်ဖြစ်သည်။ နည်းပညာအသစ်၏ အမြန်နှုန်းနှင့် ဖိအားသည် လုပ်ငန်းဆောင်ရွက်ပုံ အဟောင်းအပေါ်သို့ သက်ရောက်မည် ဖြစ်သည်။ အထက်တွင်ဖော်ပြထားသော Open Government လှုပ်ရှားမှုများအထိ ဖြစ်ထွန်းလာကြသော လမ်းကြောင်းကို ပြန်စမ်းစစ်ကြည့်ပါက အစိုးရလုပ်ငန်းတွင်းရှိသတင်းအချက်အလက်များနှင့် အစိုးရလုပ်ငန်းလုပ်ဆောင်ပုံတွင် နည်းပညာအသုံးပြုမှု၏ အရေးပါပုံကိုတွေ့မြင်နိုင်ပေသည်။
ထို့ကြောင့် အစိုးရလုပ်ငန်းဆောင်တာများကိုနည်းပညာသုံးပြီးဆောင်ရွက်နိုင်စေရန် ပြုပြင်ပြောင်းလဲရေးများမှာအရေး ကြီးပေသည်။ သို့ဖြစ်ရာအစိုးရဌာနတွင်းလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှု မြင့်မားခြင်းမှာ e-Government လုပ်ငန်းများဖော်ဆောင်ရာတွင် အရေးကြီးသည့် အချက်ဖြစ်သည်။ ဌာနတွင်းနည်းပညာအသုံးပြုမှု နည်းပါးနေပါက e-Government မှ ပေးနိုင်သောအကျိုးရလာဒ်များကိုအပြည့်အဝရရှိနိုင်ရန် ခက်ခဲပေသည်။ ပြိုင်ကားတစ်စီးဖြစ်ရန် ပြိုင်ကားဘီးနှင့် ကိုယ်ထည်သာမက  ပြိုင်ကားတစ်စီးနှင့် သင့်တော်သောအင်ဂျင်လိုအပ်သကဲ့သို့ပင်ဖြစ်သည်။ အစိုးရဌာနတွင်းနည်းပညာအသုံးပြုမှု မြင့်မားစေရန်မှာနည်းပညာအသုံးချနိုင်သောလူသားအရင်းအမြစ် ဖွံ့ဖြိုးရေးသည်လည်းအခြေခံလိုအပ်ချက် ဖြစ်လာပေသည်။


လက်ရှိအခြေအနေကိုသုံးသပ်ခြင်း

e-Government နှင့် ပတ်သက်ပြီးအခြေခံအကောင်အထည်ဖော်မှုများနှင့် စိတ်ဝင်စားစရာ ဖြစ်ထွန်းမှုများကိုလေ့လာကြည့်ပြီးသည့်နောက် မြန်မာနိုင်ငံလက်ရှိရောက်ရှိနေသောအခြေအနေကိုစဉ်းစားသင့်ပေသည်။ e-Government နှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ၏ ခရီးရောက်မှုကို သုံးသပ်ရာတွင် အောက်ပါ အချက်အလက်များကို အခြေခံရမည်ဖြစ်သည်။

1.     ဒီဂျစ်တယ်နည်းအားဖြင့် ဖန်တီးထားသောစာရွက်စာတမ်း၊ ဓါတ်ပုံ၊ ဂရပ်သရုပ်ဖော်ပုံများအသုံးပြုမှု (Digitization)
2.     စာရင်းအင်းအချက်အလက်များကို Database များအသုံးပြု သိုမှီးမှု (Database and Data Modelling)
3.     လုပ်ငန်းဆက်သွယ်ဆောင်ရွက်ရာတွင် ICT နည်းပညာအသုံးပြုမှု (Operational Communication)
4.     စီမံကိန်းများလုပ်ငန်းအဆင့်ဆင့် စီမံခန့်ခွဲမှုများတွင် နည်းပညာအသုံးပြုမှု (Operational Workflow Management)
5.     စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်များ Management Information System (MIS) နည်းပညာအသုံးပြုမှု
6.     မူဝါဒဆုံးဖြတ်ချက်များအတွက် Decision Support System (DSS) နည်းပညာအသုံးပြုမှု
7.     နည်းပညာအသုံးချနိုင်သည့် လူသားအရင်းအမြစ် အားကောင်းမှု (Human Resource Development)
8.     ဆက်သွယ်ရေးအခြေခံအဆောက်အအုံများအားကောင်းမှု (ICT Infrastructure)
9.     သတင်းအချက်အလက် လုံခြုံရေးအတွက် နည်းပညာဖြင့် ဆောင်ရွက်ထားမှု (IT security)
10.  e-Government ဝန်ဆောင်မှုများအသက်ဝင်လာစေရန် အားပေးသောဥပဒေများ၊ နည်းဥပဒေများ ပြဌာန်းထားနိုင်မှု (Legal and Regulatory Framework)
11.  e-Government ဝန်ဆောင်မှုများကို ပြည်သူများနှင့် အခြားအဖွဲ့အစည်းများဆက်သွယ် သုံးစွဲနိုင်မှု (Service Availability)

အထက်ပါ အချက်များကိုခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက ၁ မှ ၆ အထိသည် အစိုးရလုပ်ငန်းဆောင်တာများတွင် နည်းပညာအသုံးချမှုနှင့် သက်ဆိုင်သည်။၇ မှ ၁ဝ အထိသည် လုပ်ငန်းအောင်မြင်ရန်နှင့် အောင်မြင်မှုကို ထိန်းကျောင်းရန် အခြေခံ လိုအပ်ချက်များဖြစ်သည်။ အမှတ် ၁၁ သည် ရည်မှန်းထားသောအသိုင်းအဝိုင်းများထံသို့ ရည်မှန်းထားသော ဝန်ဆောင်မှု ရောက်မရောက် တိုင်းတာ အကဲဖြတ်နိုင်သော အချက်ဖြစ်သည်။

မြန်မာနိုင်ငံ အတွက် အကြံပြုချက်များ

လက်ရှိအခြေအနေကို လေ့လာကြည့်ပါက အခြေခံလိုအပ်ချက်များဖြစ်သည့် ၇ မှ ၁ဝ အထိအချက်များသည် အနည်းနှင့် အများ အစပျိုး လုပ်ဆောင်ပြီး ဖြစ်သည်ကိုတွေ့ရသည်။ အင်တာနက် အသုံးပြုနိုင်သောလူဦးရေ မြင့်တက်လာခြင်း သည်လည်း e-Government Initiative များအတွက် ကောင်းသောအထောက်အပံ့ဖြစ်ပေသည်။ ဝန်ကြီးဌာနများတွင် ကွန်ပျူတာ သင်တန်းပြီးထားသော ဝန်ထမ်းများအနည်းနှင့် အများရှိပြီး ဖြစ်သည်မှာ လည်းကောင်းခြင်းတစ်ခု ဖြစ်သည်။ အစိုးရဌာနများအောက်တွင် ကွန်ပျူတာဌာနများကို မြင်တွေ့နေရသည်မှာလည်း ကောင်းသောအချက်ပင်။ လုပ်ငန်းဆောင်ရွက်ရာတွင် ထိထိရောက်ရောက် အသုံးချမှု နည်းနေသေးသည့် အလျှောက် လုပ်ငန်းသုံး ကွန်ပျူတာများ ရှိသင့်သည်ထက် နည်းပါး နေသည့် အချက်ကတော့ သတိပြုစရာဖြစ်သည်။
သို့ဖြစ်ရာ အစိုးရလုပ်ငန်းတွင်းတွင် နည်းပညာအသုံးချမှုများ တိုးတက်ရေးသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး နယ်ပယ်ဖြစ်သည်ဟု တွေးဆနိုင်ပေသည်။ လက်ရှိအခြေအနေမှ တိုးတက်မှုနှုန်း မြင့်မားလာစေရန် အကြံပြုချက်များကို အောက်တွင် ဖော်ပြထားပါသည်။ အကြံပြုရာတွင် ကုန်ကျစားရိတ်နှင့် သတင်းလုံခြုံရေးသာမက လုပ်ငန်း အဆင့်ဆင့် ချောမွေ့နိုင်သော အစိုးရ လုပ်ငန်း အတွင်းပိုင်းမှ စတင် ပြောင်းလဲမှုပုံစံကို အခြေခံ ပါသည်။

အကြံပြုချက် ၁ ။   ။ စာရွက်စာတမ်းများအစား နည်းပညာအသုံးချမှု တိုးမြှင့်ရန် စီမံကိန်းချပြီးဆောင်ရွက်ရေး

ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိ အစိုးရဌာနများ အများစုတွင် လုပ်ဆောင်နေသကဲ့သို့ စာရွက်စာတမ်းနှင့် ဒီဂျစ်တယ် နည်းပညာများ တပြိုင်နက် တွဲဖက် အသုံးချနေသည်များကို ရာထားချက်များ သပ်မှတ်ပြီး လျှော့ချသင့်သည်။ လက်ရှိ ရှိပြီးသား လုပ်ငန်းသုံး အချက်အလက်များကိုလည်း သင့်တော်သော Data Modelling နည်းပညာများသုံး၍ အချက်အလက် ရှာဖွေချိန် လျော့ကျလာအောင် လုပ်ဆောင်သင့်သည်။

အကြံပြုချက် ၂ ။   ။ ဆက်သွယ်ရေး နည်းပညာအသုံးချနိုင်အောင် ဆောင်ရွက်ရေး

ဌာနပိုင် လုံခြုံရေး တပ်ဆင်ထားသော email စနစ်များ တပ်ဆင်ခြင်း၊ ဌာနတွင်း ဝန်ထမ်းများအသုံးပြုရန်နှင့် အခြားဌာနများနှင့် တွဲစပ် အသုံးပြုရန် လုံခြုံရေး အစီအမံများ ပါသော အချက်အလက် ဝန်ဆောင်မှု စနစ်များ တည်ထောင်ခြင်း စသောလုပ်ငန်းများဖြင့် စတင်သင့်သည်။ အကြံပြုချက် ၁ အတိုင်း အချက်အလက်များကို နည်းပညာဖြင့် စုစည်းလာနိုင်ပါက တိုးတက်မြန်ဆန်သော ဆက်သွယ်ရေးနည်းပညာများကို အသုံးချနိုင်လျှင် ဌာနတွင်းသာမက ဌာနအချင်းချင်း ဆက်သွယ်ရေးသည်လည်း အလွန်လျှင်မြန်လာမည်ဖြစ်သည်။

အကြံပြုချက် ၃ ။   ။ လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုတွင် နည်းပညာအသုံးချခြင်း

တပြိုင်နက်တည်းတွင် လုပ်ငန်းစီမံခန့်ခွဲမှုတွင် ကွန်ပျူတာ အသုံးချမှု တိုးချဲ့သည့်အနေဖြင့် စီမံကိန်းစီမံခန့်ခွဲမှုတွင် အလွန်ထိရောက်သော Project Management Software များကို စမ်းသပ် အသုံးပြုသင့်ပေသည်။ ကုန်ကျစားရိတ်နှင့် နည်းပညာအားဖြင့်လည်း မမြင့်မားလှသလို လက်တွေ့ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်ပေသည်။ ထိုမှ တစ်ဆင့် ပိုအဆင့်မြင့်သော Workflow Management Software များနှင့် Management Information System များ တိုးတက် အသုံးပြုနိုင်ရန် လမ်းစများ ပွင့်လန်းလာမည် ဖြစ်သည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

ထိုကဲ့သို့ အစိုးရဌာနများ အောက်ခြေ အတွင်းပိုင်းမှ အဆင့်ဆင့် နည်းပညာ အသုံးပြုမှုကို တိုးမြှင့်ယူသည့် ပုံစံကို အသုံးချသည့်အတွက် အောက်ပါ အကျိုးကျေးဇူးများကို နည်းပညာ အကူအညီဖြင့် ရရှိလာပေမည်။

·         အစိုးရလုပ်ငန်းဆောင်ရွက်မှု မြန်ဆန်တိကျလာခြင်း
·         ဆုံးဖြတ်ချက် ချရာတွင် သုံးသော အချက်အလက်များ လွယ်ကူမှန်ကန်လာခြင်း
·         စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အမှားအယွင်းနည်းပါးလာခြင်း
·         အချိန်နှင့် တပြေးညီစီမံခန့်ခွဲမှုများလုပ်နိုင်ခြင်း
·         နည်းပညာအသုံးချ ဆက်သွယ်ရေးတွင်နှင့် လုံခြုံရေးဆိုင်ရာ အစီအမံများကိုလည်း ရင်းနှီးကျွမ်းဝင်လာခြင်း
·         နေ့စဉ် အသုံးချ နည်းပညာများ ဖြစ်သည့်အတွက် ဝန်ထမ်းများ စီမံခန့်ခွဲသူများ၏ ယုံကြည်မှု မြင့်တက်လာခြင်း

ထိုအချိန်တွင် အစိုးရကပေးနိုင်သော e-Government ဝန်ဆောင်မှုများကို သက်ဆိုင်သည့် အသိုင်းအဝိုင်းများ ရရှိသုံးစွဲနိုင်စေရန် တံခါးဖွင့် ပေးရန်သာ လိုပေတော့မည်။ ဌာနတွင်းကိုင်တွယ်လုပ်ကိုင်နေသည့် ထိုသို့ အစိုးရအတွင်းပိုင်းနေရာများတွင် နည်းပညာအားဖြင့်လည်းကောင်း ကျွမ်းကျင်မှုအားဖြင့်လည်းကောင်း ပြင်ဆင်ထားပြီးချိန်တွင် e-Government စနစ်များအောင်အောင်မြင်မြင် ပွင့်လင်းဖြစ်ထွန်းရန်မှာ ပိုမိုလွယ်ကူ လာပေမည်။ အထက်တွင်တင်ပြထားသကဲ့သို့သောလုပ်ငန်းအတွင်းပိုင်း အနှစ်သာရရှိရှိ ပြင်ဆင်ထားသည့် ပုံစံသည်သာ ၂၁ ရာစုပညာခေတ်၏ နည်းပညာတိုးတက်မြန်ဆန်မှုဖိအားနှင့် စိမ်ခေါ်မှုများစွာအတွက် သင့်တော်သောပုံစံပင် ဖြစ်ပါသည်။

နိုင်ငံတကာတွင် ပျံ့နှံ့ ရောက်ရှိနေကြသော ပညာရှင်များမှ ကူညီပေးနိုင်သည့် နေရာများ

၁။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးတွင် ပါဝင်ကူညီခြင်း၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်း
၂။ အစပျိုး အဆင့်များဖြစ်သော နည်းပညာအသုံးချမှု တိုးမြှင့်ရေးနှင့် ပတ်သက်၍ ကနဦး လုပ်ငန်းလိုအပ်ချက်များ လေ့လာမှုတွင် ပါဝင်ဆောင်ရွက် အကြံဥာဏ်ပေးနိုင်ခြင်း
၃။ ရှိထားသော နိုင်ငံတကာအတွေ့အကြုံများကို အသုံးချပြီး မူဝါဒ ရည်မှန်းချက်များနှင့် လက်ရှိအခြေအနေ ကွာခြားမှုများကို ခန့်မှန်း တွက်ချက်ပေးနိုင်ခြင်း

ကျေးဇူးတင်ပါသည်။


ကိုးကား

Open Data Project
Linked Data
http://www.w3.org/wiki/SweoIG/TaskForces/CommunityProjects/LinkingOpenData
United Nations' eGovernmentSurvay 2012
Open Data, Democracy and Public Sector Reform, Aug 2010. Tim Davies


Thein Myint Win
B.E. Mech, YTU
B.CIS (Hons), LMU
IT System Integration Specialist, Singapore


No comments: