Tuesday, July 12, 2016

ဖေ့စ်ဘုတ်

ဖေ့စ်ဘုတ်သည် ကျွန်ုပ်၏ တစ်နေ့တာ အချိန်တော်တော်များများကို ယူငင်ထားလေရာ ဤပြဿနာမှ လွတ်ကင်းစေရေးအတွက် ကျွန်ုပ်သည် ဖေ့စ်ဘုတ်သုံးသည့်အချိန်များကို လျှော့ချရန် ကြိုးစားလေ၏။ ထို့ကြောင့် ဖေ့စ်ဘုတ်သုံးပြီး friend များ ရှာမည့်အစား ဖေ့စ်ဘုတ်တွင်သုံးသည့်နည်းများအတိုင်း ပြင်ပလောကတွင် friend များရရန် ကြိုးစားလေတော့သည်။

သို့နှင့် နေ့စဉ်လမ်းလျှောက်ရင်း ယနေ့ ကျွန်ုပ် ဘာဟင်းနှင့်ထမင်းစားခဲ့ကြောင်း၊ ယခု ကျွန်ုပ် ပျော်ရွှင်နေသည် သို့မဟုတ် ၀မ်းနည်းနေသည် ဆိုသည့်အကြောင်း၊ မနေ့ညက ကျွန်ုပ် ဘာတွေလုပ်ခဲ့သည် ဆိုသည့်အကြောင်း၊ နောင် ဘယ်သူနှင့် ဘာတွေလုပ်ဦးမည် စသည့် အရေမရ အဖတ်မရများကို ဖြတ်သွားဖြတ်လာများအား ပြောပြနေလေ၏။

ထို့ပြင် ထိုသူများအား ကျွန်ုပ်တို့မိသားစုဓာတ်ပုံများ၊ ကျွန်ုပ်၏အချစ်တော်ခွေးပုံ၊ ကျွန်ုပ်အီအီးညှစ်မရ၍ ပတ်ဘလစ်တွိုင်းလက်အတွင်း ဒုက္ခရောက်နေပုံ၊ ပန်းခြံအတွင်း မည်သူနှင့်ကမြင်းကြောထနေပုံ၊ မည်ကာမတ္တ ပရဟိတလုပ်ငန်းလေးများလုပ်လျက် တကယ့် မဟာကရုဏာရှင်ကြီးပုံစံ အချိုးချိုးထားပုံ၊ တစ်ခါဖူးမှ လှည့်မကြည့်ခဲ့သော ဘကြီးတို့ရွာသွားလျှက် (ရွေးကောက်ပွဲနီးလာသဖြင့်) ဘာတွေလုပ်ပေးလိုက်မည်၊ ညာတွေလုပ်ပေးလိုက်မည်နှင့် အလွန်အင်မတန် တာဝန်သိတတ်နေပုံ အစရှိသည်များကို ဓာတ်ပုံများလည်းပေး၊ ရွှန်းရွှန်းဝေအောင်လည်း တွင်တွင်ပြောပြနေလေ၏။

ထိုမျှသာမကသေး။ သူတို့ပြောစကားများကိုလည်း အကျအန နားထောင်လျှက် လက်မထောင်ပြခြင်း၊ သူတို့အားလည်း ကြိုက်နှစ်သက် (like) ပေးခြင်းများလည်း ပြုလုပ်ပေသေး၏။

အိုး၊ မဆိုးဘူးဗျ။ ဒီနည်းလေးလည်း ဖေ့စ်ဘုတ်လို အလုပ်ဖြစ်သားပေကလား။ အခု အကျွန်ုပ်၌ ဖောလိုဝါ (follower) (နောက်မှ တကောက်ကောက် နောက်ယောင်ခံလိုက်နေသူ) လေးဦးကြီးများတောင် ရနေပြီ ဖြစ်၏။

ထိုသူတို့ကား ရဲအရာရှိနှစ်ယောက်၊ ပုဂ္ဂလိကစုံထောက်တစ်ယောက် နှင့် စိတ်ရောဂါအထူးကု ဆရာဝန်တစ်ယောက်တို့ ဖြစ်ပေသတည်း။

ခွက်ဒစ်း အော်ရီဂျင်နေတာ (အင်္ဂလိပ်ဘာသာမှ ပြန်ဆိုပါသည်။)

တစ်နေ့သုံးခါ၊ ရယ်ကြပါမူ၊ ရောဂါကင်းပ၊ ချမ်းသာရလိမ့်။
(လူတွေ့တိုင်းရယ်ပြနေ၍ ရွာသာကြီးခေါ်သွားခံရလျှင်မူ ကျွန်ုပ်တာဝန်ယူမည် မဟုတ်ပါကြောင်း။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၆ စက်တင်ဘာ၊ ၂၀၁၅
 Jurong Polyclinic
 (ဆေးစစ်ရန် ဆရာဝန်စောင့်ရင်း ရေး၏။)

No comments: