Tuesday, July 12, 2016

ရက် ၁၀၀၊ ဘာပြောင်းသလဲနှင့် ချင့်ချိန်နိုင်စွမ်း

(၁)

အတော်တော့ စိတ်ပျက်စရာ ကောင်းလှ၏။
အဲလေ၊ သူတို့ကိုလည်းအပြစ်ပြောလို့မရပြန်။
သည်လိုဖြစ်အောင် လုပ်ထားခဲ့ကြသည်ပဲ။
နောက်ပြီးတော့ အားလုံးက သည်စနစ်ကြီးကို ရွံမုန်းလှပြီ။
သည်စနစ်ကြီးကို ရွံမုန်းလှလို့ဘဲ၊ သည်စနစ်ကြီးကို ပြောင်းချင်လို့ဘဲ တနိုင်ငံလုံး သောင်းသောင်းဖြဖြ မဲထည့်ခဲ့ကြတာ မဟုတ်လော။
သည်တော့ သူတို့မျှော်လင့်ထားသည်ကို လေးစားရမည်သာ ဖြစ်၏။
သူတို့မျှော်လင့်ထားသလို ဖြစ်မလာ(သေး)သည့်အတွက် မခံချိ မခံသာဖြစ်နေကြသည်ကို ကိုယ်ချင်းစာရမည်သာ ဖြစ်၏။
သို့သော်လည်း အလျင်မလိုကြပါနှင့်ဦး ခင်ဗျာ။

(၂)

ဖေ့စ်ဘုတ်ပေါ်လာတာ အတော်လေးကောင်း၏။ အတော်လေးလည်း မကောင်းပါ။
ကောင်းသည့်အချက်မှာ လူများ၏ အဆင့်အတန်း၊ သဘောသဘာဝ၊ သူတို့ခံစားချက်၊ ၎င်းတို့၏ အလိုဆန္ဒ၊ ရလိုမှု၊ စသည်တို့ကို အူမချေးခါးမကျန် သိရသည်။ လူအပေါင်းတို့သည် မိမိ ဘယ်လိုလူမျိုးဖြစ်သည်ကို ဖေ့စ်ဘုတ်ပေါ်တွင် ကြေငြာကြကုန်၏။ ထို့ကြောင့်လည်း ကျွန်ုပ်တို့မှာ ဘယ်သူကတော့ ဘယ်လိုသဘောထားရှိသည်ကို မည်သူ့အားမျှ မမေးရပါဘဲလျက်၊ မည်သည့်အိမ်မှ မလည်ရပါဘဲလျက် အိမ်မှာနေရင်း သိနိုင်လေ၏။

ဖေ့စ်ဘုတ်၏ မကောင်းသည့်အချက်မှာ အချိန်များကို ဖဲ့ယူစားသုံးခြင်း ဖြစ်လေသည်။ ဖေ့စ်ဘုတ်သည် ဘိန်းထက် ဆိုးသေး၏။ ကျွန်ုပ်မှာ အရေးကြီးသည့်အလုပ်များရှိလျှင် ဖေ့စ်ဘုတ်ကို ယောင်လို့မှ မဖွင့်ရဲ။ ဖေ့စ်ဘုတ်ကို ဖွင့်လိုက်သည်နှင့် ထိုတစ်ညလုံး၊ တစ်နေ့လုံးကို ဖေ့စ်ဘုတ်က စားသွားသည်သာ ဖြစ်၏။

ထို့ပြင် ကျွန်ုပ်တို့မှာ အထွေအထူးသတင်းစာ ရှာဖတ်စရာမလို။ ဖေ့စ်ဘုတ်တွင် ဟုတ်တာရော မဟုတ်တာရော အကုန်ဖတ်နိုင် လေသည်။ ထိုအချက်အလက်များ မှန်မမှန်ကိုမူ ကိုယ်ပိုင်ဉာဏ်နှင့် ချင့်ချိန်ယုံဘို့ လို၏။ (ဤကား စကားချပ်။)

(၃)

လူသည်ရွှံ့ရုပ်နှင့်တူ၏။
လူငယ်ဘ၀သည် ယခုမှ ကမ်းပါးက ခူးလာသည့် ရွှံ့နှင့်တူသည်။
ဆယ်ကျော်သက်ဘ၀မှာ ရွှံ့ကိုအရုပ်လုပ်ပြီး အခြောက်ခံထားတာနှင့်တူသည်။
လူကြီးမှာမူ ခြောက်နေသည့် ရွံ့ရုပ်ကို မီးဖုတ်ကာ ကြွေရည်သုတ်ထားတာနှင့် တူ၏။

ရွှံ့အစိုဘ၀တွင် လိုသလို ပြုပြင်ယူလို့ရသည်။ မင်းသမီးရုပ်ယူမလား။ နွားရုပ်ယူမလား။ ရွှံ့မခြောက်မီကာလတွင် မင်းသမီးရုပ်ကို မကြိုက်က ဖျက်ကာ နွားရုပ်လုပ်နိုင်သည်။ နွားရုပ်ကို မကြိုက်ပြန်က ဆင်ရုပ်လုပ်နိုင်သည်။
သို့သော် ခြောက်သွားသောအရုပ်ကိုမူ သည်လို လွယ်လွယ်နှင့်မရတော့။ ရေစိမ်ပြီး ပြန်နှုးရမည်။ ရွှံဘ၀ပြန်ရောက်သွားမှ ပြင်ယူလို့ ရနိုင်မည်။ သို့သော် ပြင်လို့ရနိုင်သည့် အခြေအနေတွင်ရှိသေး၏။
မီးဖုတ်ပြီး ကြွေရည်သုတ်ထားသည့် အရုပ်ကို ပြင်လို့ရနိုင်ပါမည်လော။ ဝေးစွ။ ကျွဲရုပ်လုပ်ထားသော ကြွေရည်သုတ်အရုပ်ကို ပန်းအိုးလေးဘ၀ ပြောင်းချင်သဖြင့် အတင်းရောအဓမ္မပါ ပြင်သည်ဆိုပါစို့။ လက်နှင့်ပြောင်းလို့မရဘူးလား။ တတ်နိုင်လျှင် စက်ကြီးဖြင့် အတင်းရောကာရော ပြောင်းကြည့်ပါ။ ကြွေရုပ် ကျိုးကြေ ကွဲအက်သွားသည်မှအပ ပန်းအိုးတော့ ဖြစ်လာနိုင်စရာ မရှိပါ။

သည်ကဲ့သို့ပင် ကလေးဘ၀ဆိုတာ ပြုလွယ်ပြင်လွယ် ရှိသည်။ သူ့ဗီဇပါလာသည့်အတွက် အတင်းအကြပ် လုပ်ယူလို့ မရတာကလွဲလို့ ကျန်တာ တော်တော်များများ ကိုယ့်စိတ်ကြိုက် ပြင်ယူလို့ရသည်။
သို့သော် လူငယ်လူရွယ်ဘ၀ဖြစ်သွားလျှင် နည်းနည်းခက်လာသည်။ သူ့ကိုယ်ပိုင်အယူအဆတွေ၊ သူ့ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေရှိလာပြီ။ သို့တိုင် အချိန်ယူပြီးပြင်လျှင် ရသေးသည်။
လူကြီးဖြစ်လာပြီဆိုလျှင်မူ မလွယ်တော့ပါ။ အဘယ်မျှ မလွယ်သနည်းဟူမူ မြတ်စွာဘုရားတောင် ကျွတ်ထိုက်သူကိုသာ ချွတ်လေသည်။ မြတ်စွာဘုရားတောင် မချွတ်နိုင်ဆိုတော့ ကျွန်ုပ်တို့လိုလူများအဖို့ အဘယ်ဆိုဘွယ်ရာ ရှိတော့အံ့နည်း။
သို့သော် အားလုံးတော့မဟုတ်ပါ။ ၎င်းတွင် မူလကရှိပြီးသား ပညာအခြေခံပေါ်မူတည်ပြီး ပြင်လို့ရနိုင်ပါသည်။ သို့သော် ဤသည်မှာ အနည်းစုသာဖြစ်လေ၏။

ပစ္စည်းတစ်ခုပျက်သည်ဆိုပါစို့။ ပျက်သည့်အပိုင်းကို အသစ်လဲထည့်လိုက်လျှင် ချက်ချင်းကောင်းသွားနိုင်၏။
သို့သော် လူပျက်တာကို သည်ကဲ့သို့ လွယ်လွယ်နှင့်ပြင်လို့ ရစကောင်းလော။ မလွယ်ပါ။ မလွယ်ရေးချ မလွယ်ပါလေ။
ထို့ထက် လူ့အသိုက်အ၀န်းကြီးတစ်ခုလုံးပျက်သွားတာ ပိုဆိုးသေးသည်။

လူတစ်ဦး၊ လူတစ်စုက မြန်မာပြည်ကြီးကို ရစရာမရှိအောင် ဖျက်ဆီးသွားသည်။
ဖျက်သမှ ဆယ်စုနှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့၏။
ပညာရေးစနစ်ပျက်သည်၊ အုပ်ချုပ်ရေးစနစ်ပျက်သည်၊ စနစ်တွေ၊ စည်းကမ်းတွေ အကုန်ပျက်သည်။
အဆိုးဆုံးမှာကား လူများကို ငတုံးများဖြစ်အောင်၊ ကိုယ်ကျင့်တရားပျက်စီးအောင် လုပ်လိုက်ခြင်းပင်ဖြစ်တော့၏။

သည်ကဲ့သို့ အဖက်ဖက်မှ ပျက်စီးယိုယွင်းနေသည့် တိုင်းပြည်ကြီးကို NLD အစိုးရလည်း တက်လာရော ၀ုန်းဒိုင်းဆို နတ်ရေကန်ထဲ ပစ်ချလိုက်သလို မီးတွေကလည်း နေ့တိုင်းမှန်မှန်လာ၊ ဖုံးလိုင်းတွေကလည်း ကောင်းသွား၊ ကားတွေလည်းချောင်၊ လူတွေကလည်း လူတော်လူကောင်းလေးတွေဖြစ်၊ စည်းကမ်းတွေကလည်း ကျလို့။ အောင်မယ် ၀န်ဆောင်မှုတွေကလည်း ကောင်းမှကောင်း၊ မျက်နှာလေးတွေဆိုတာ ပြုံးလို့ချိုလို့ပါလား။ ဟေ့ကောင်မ၊ ဟိုလူကြီးက အရင်ကသာ ရမယ်ဆို ဘနဖူး သိုက်တူးတာ။ အခုတော့ ပါးစပ်ထဲ လက်ထည့်လို့တောင် မကိုက်တတ်တော့ ပါလားတော့ ဟော့ ဟော့  . . . . . စသည် စသည် . .  ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်နေကြတာကိုဖြင့် ကျွန်တော် အလွန်စိတ်ပျက်လှ ပါသည်။

နောက်မှ အော် - သူတို့ကို အဲသလိုဖြစ်အောင် အဲသည်စနစ်ကြီးက လုပ်လိုက်ပေတာကိုး ဟု စိတ်ဖြေရသည်။

ပြောင်းမယ်၊ ပြောင်းမယ်နဲ့ ဘာပြောင်းသလဲ မေးနေကြသူများအား၊ ငါကိုယ်နှိုက်ကရော ဘယ်လောက် ပြောင်းနေပြီလဲ လို့ ပြန်မေးကြည့်စမ်းပါ ဟု တိုက်တွန်းလိုက်ရပါသည်။

(၄)

ရာစုနှစ်တစ်ဝက်ကျော် ဖျက်ဆီးခဲ့သောတိုင်းပြည်ကြီးကို ရက် (၁၀၀) လောက်လုပ်ရုံနဲ့ အကုန်ပြင်လို့ မဖြစ်နိုင်မှန်း သိသပေါ့ ခင်ဗျာ။ မိတ်ဆွေတို့ ပြောမှ မဟုတ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်လုပ်ပုံလေးနဲ့ယှဉ်ပြီး နည်းနည်းလောက် စဉ်းစားကြည့်ကြစမ်းပါလားခင်ဗျ။
ကျွန်တော် site inspection လုပ်တော့ တွေ့ရသော safety finding များကို အတန်းအစား သုံးခုခွဲသည်။
Class A - ခုချက်ချင်းလုပ်ရမည့်ကိစ္စ
Class B - ဒီနေ့အပြီးလုပ်ရမည့်ကိစ္စ
Class C - ဒီတစ်ပတ်အတွင်း အပြီးလုပ်ရမည့်ကိစ္စ

အပေါ်ကပြုတ်ကျလျှင် သေနိုင်သည်။ ထို့ကြောင့် အပေါ်မှပြုတ်ကျနိုင်သည့်အရာများဆို နက်ဖြန်သဘက် ရွှေ့နေလို့မရ။ အခု ချက်ချင်းလုပ်ရသည်။ မတော် ကိုယ်လည်းနောက်လှည့်လိုက်ရော တစ်ယောက်ယောက် ပြုတ်ကျသေတယ်ဆို မခက်ပါလား။ အဲသဟာ Class A.

သို့ပေသိ အမှိုက်တွေရှင်းတာ၊ ရေတွေ ခပ်ထုတ် ရှင်းလင်းတာကျ အချိန်ယူရမည်။ ဒါကို တစ်ရက် အချိန်ပေးသည်။ ၂၄ နာရီအတွင်း အပြီးရှင်း။ အဲဒါကျတော့ Class B.

လက်မှတ်ယူဘို့ကိစ္စ (ဥပမာ - လျှပ်စစ်သုံးပစ္စည်းများအတွက် LEW inspection sticker) ကျတော့ တစ်ပတ် အချိန်ပေးသည်။ ဒါက Class C.

ကျွန်တော်ကတော့ ရက် (၁၀၀) ကိစ္စကို Class A ကိစ္စ လို့ မြင်ပါသည်။ ခုချက်ချင်းရှင်းလို့ရတာတွေ အချိန်ဆွဲမနေနဲ့။ ရက် (၁၀၀) အတွင်းရှင်း။ ကျန်တာတွေ နောက်မှ ဖြည်းဖြည်းချင်း အချိန်ယူရှင်းမည်။ သည်သဘော ဖြစ်ပါလိမ့်မည်။

နောက်ပြီး တစ်နိုင်ငံလုံးကို နှိုးဆော်ပြီး အမှိုက်ကောက်ပြတဲ့ကိစ္စ။ တသက်လုံးက ပစ်လာခဲ့တဲ့ အမှိုက်တွေကို တခါတည်း ကောက်ရုံနဲ့ ရှင်းမသွားနိုင်မှန်း လူတိုင်းသိပါသည်။ ဤသို့လုပ်သည်မှာ (နိုင်ငံတော်သမ္မတက ပန္နက်တင်မင်္ဂလာ အခန်းအနားတွင် ရွှေအုတ်ဖြင့် ပန္နက်ချသလိုမျိုး) ပရိုပဂန်ဒါ မျှသာဖြစ်ပါ၏။ လူထုကို “ငါတို့တက်လာပြီ။ ဟောသလို လုပ်မကွ” ဟု ကြွေးကြော်ကာ လက်တွေ့လုပ်ပြခြင်း ဖြစ်ပါသည်။ ဘယ့်နဲ့ နိုင်ငံအုပ်ချုပ် မင်းလုပ်မဲ့သူက တချိန်လုံး အမှိုက်လိုက်ကောက်နေလို့ ဖြစ်ပါလိမ့်မတုံး။

နောက်တစ်ခု -
ဟောဒီလူတွေ ဒီလိုနာမည်ဆိုးတွေ ရှိလျက်သားနဲ့ ဘာလို့ပြန်ခန့်သလဲ၊ ဒီလူတွေအကြောင်း မစုံစမ်းဘူးလား၊ မသိဘူးလား - ဟုတ်စ။ ဟို အင်ဂျင်နီယာတစ်ဦး ရေးထားသလို ဟို ၀န်ကြီးကတော့ ဘယ်ပုံ။ မန္တလေးက ဟိုဒေါက်တာကတော့ ဘယ်နည်း . . . ထားပါတော့။

ကျွန်တော်တို့အားလုံးသည် စနစ်ဆိုး၏ သားကောင်များ ဖြစ်ပါသည်။ သူတို့ကို အဲသလိုဖြစ်အောင် အဲသည်စနစ်က ပုံသွင်း ပေးထားလိုက်တာဖြစ်၏။ သို့တိုင် ၎င်းတို့၌ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံများစွာရှိသည်။ အထက်တွင် ပြောခဲ့သလို NLD တက်လာရုံမျှဖြင့် ထိုသူတို့ နေ့ချင်းညချင်း ပြောင်းလိုက်ဘို့ဆိုတာ အဘယ်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ NLD မပြောပါနှင့်။ မိုးပေါ်က ဘိုးသိကြားဆင်းကယ်ရင်တောင် နေ့ချင်းညချင်းပြောင်းလာဘို့ဆိုတာ မဖြစ်နိုင်။

ကောင်းပင် မကောင်းသော်လည်း အစိုးရယန္တယားကြီး လည်ပတ်ရန် ၎င်းတို့၏ အတတ်ပညာနှင့် အတွေ့အကြုံများကို ဆက်လက်အသုံးချရန် လိုသေးသဖြင့် မကောင်းမှန်းသိသိနှင့် ခန့်ထားရပါသည်။ မကောင်းတာက တစ်နိုင်ငံလုံးဖြစ်၏။ မကောင်းဘူးဆိုပြီး ဖြုတ်ရလျှင် တစ်နိုင်ငံလုံးကလူတွေကို မြောက်ကိုးရီးယား (ဟုတ်ပေါင်) မြောက်ဝင်ရိုးစွန်း သွားပို့ထားရုံသာ ရှိတော့မည်။

၎င်းတို့ကို အပြစ်မပြောပါနှင့်။ ကိုယ်ကကောင်းအောင်နေပြပါ။ တစ်ယောက်ချင်းကောင်းလာလျှင် ပတ်ဝန်းကျင် ကောင်းလာ မည်။ ပတ်ဝန်းကျင်ကောင်းလာလျှင် အနှီ မကောင်းသောလူကြီးသည် မကောင်းမှုလုပ်ရမှာ အလိုလိုရှက်လာလိမ့်မည်။ ၎င်းတို့ကို ကဲ့ရဲ့သင်္ဂြီုဟ် အတင်းဆိုနေခြင်းဖြင့် ထိုလူကြီး ကောင်းလာစရာ မရှိပါ။ ပိုလို့ပင် ဆိုးသွားပါလိမ့်ဦးမည်။

မြန်မာပြည်မှလာခဲ့သော ကျွန်ုပ်တို့သည် စင်ကာပူရောက်သော် အလိုလို တန်းစီကျင့်ရသွား၏။ အမှိုက်ကို ဖြစ်ကတတ်ဆန်း ပစ်ရမှာ အလိုလို လက်တွန့်နေလေပြီ။ ဤသည်မှာ ပတ်ဝန်းကျင်က သင်ပေးလိုက်တာဖြစ်၏။ မိတ်ဆွေတို့ ငယ်ငယ်က ကျေးညီနောင်အကြောင်း သင်ဖူးပါသည်။ သဟာနှင့်များတောင် ထိုကျေးညီနောင်အကြောင်း အဘယ်ကြောင့် မေ့ထားဘိ သနည်း။

နောက်ပြီး အခုတက်လာသည့် အမတ်မင်းများ၊ ၀န်ကြီးများ၊ ၀န်ကြီးချုပ်များကိုလည်း မဟုတ်တာတွေ အတင်းတုတ် နေမည့်အစား သူတို့မှားနေလျှင် ပြင်ပေးရမည်။ သူတို့မသိလျှင် ပြောပြပေးရမည်။ လူပေကပဲ။ ဘယ့်နှာလုပ် ရာနှုန်းပြည့် ကောင်းနေ၊ တော်နေပါမည်လဲ။ သူတို့မသိတာတွေရှိမည်။ မတတ်တာတွေ အများကြီးရှိမည်။ မသိတာ၊ မတတ်တာသည် အပြစ်မဟုတ်။ မသိချင်တာ မတတ်ချင်တာသာ အပြစ်ဖြစ်သည်။ မသိတာကို သိသယောင်ပြုတာ၊ မတတ်တာကို တတ်သယောင်ပြုတာသာ အပြစ်ဖြစ်သည်။ ကိုယ်မှားနေတာကို မှားမှန်းဝန်မခံ၊ ကိုယ်မသိတာကို မသိမှန်း ၀န်မခံတာသာ အပြစ်ဖြစ်သည်။

(၅)

နိဂုံးချုပ်ပါမည်။

တိုင်းပြည်တစ်ခုကို တည်ဆောက်ရာတွင် အစိုးရချည်းလုပ်လို့မရ။ တိုင်းသူပြည်သားတို့၏ အား လိုသည်။
သို့ဆိုသော် ငယ်ငယ်ကသင်ခဲ့ရသည့် ဆရာတင်မိုး၏ ကဗျာတပိုင်းတစကို ရွတ်မိ၏။ အလှကိုယ်စီ တဲ့။

မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်။
စပယ်ဖူးလည်း၊ သူ့ဂုဏ်ထူးနှင့်၊ ငုံဖူးနှင့်။

လူတိုင်းလူတိုင်းတွင် ကောင်းကွက် တစ်ခုစီ ရှိသည်။
မိမိ၏ကောင်းကွက်များကို ဖော်ထုတ်ကာ လူ့လောကကောင်းကျိုးကို သယ်ပိုးကြပါစို့။

ထိုမှတက်၍ဆိုရသော် -
တိုင်းပြည်တည်ဆောက်ရေးတွင် မိမိတတ်နိုင်သည့်နေရာမှနေ၍ အစွမ်းကုန် ပါဝင်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၃ ဇွန်လ၊ ၂၀၁၆။ ည ၁၁း၀၈ နာရီ

No comments: