Tuesday, September 20, 2016

AEIS Test ဖြေခြင်း

အလုပ်ကတဖက်၊ သားကိုစာပြရတာတဖက်၊ ရန်ကုန်သင်တန်းအတွက် presentation slides တွေ ပြင်နေရတာတဖက် နဲ့ အတော့်ကို မအားလပ်ပါ။ ထို့ကြောင့် AEIS Test ဖြေခြင်းကို ပြည့်ပြည့်စုံစုံ ရေးလိုသည့်တိုင် မရေးနိုင်ခြင်းအတွက် မိတ်ဆွေများအား တောင်းပန်အပ်ပါသည် ခင်ဗျား။


AEIS Test ကို ယခုမှ စဖြေမည့် သားသားမီးမီးတို့အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အကျဉ်းမျှ ရေးသားလိုက်ပါ၏။

(၁)

AEIS Test လျှောက်သည့်အခါ ကလေး၏ အသက်ကိုလိုက်၍ P2/P3, P4/P5, Sec 1, Sec 2, Sec 3 စသဖြင့် ချပေးပါလိမ့်မည်။




 စင်ကာပူကျောင်းများတွင် CA1, CA2, SA1, SA2 ဟု စာမေးပွဲ (၄) ခု ရှိ၏။ ပထမနှစ်ဝက် (ဇန္န၀ါရီမှ မေလထိ) ၏ အလယ်တွင် CA1 (Continual Assessment 1) ကိုဖြေရသည်။ ထိုနှစ်ဝက်ကုန်လျှင် SA1 (Semestral Assessment 1) ကို ဖြေရသည်။ ဒုတိယနှစ်ဝက်မှာ ဇူလိုင်မှ နိုဝင်ဘာထိ ဖြစ်ပြီး ထိုစာသင်နှစ်ဝက် အလယ်တွင် CA2 (Continual Assessment 2) ကိုဖြေရသည်။ ထိုနှစ်ဝက်ကုန်လျှင် SA2 (Semestral Assessment 2) ကို ဖြေရ၏။

P2/P3 လျှောက်သူများအနေနှင့် P1/P2 အတန်းမှ CA2, SA2 မေးခွန်းများ၊ P3 ၏ CA1, SA1 စာမေးပွဲ မေးခွန်းများကို ကြိုတင် လေ့ကျင့်ထားပါ။

P4/P5 လျှောက်သူများအနေနှင့် P3/P4 အတန်းမှ CA2, SA2 မေးခွန်းများ၊ P5 ၏ CA1, SA1 စာမေးပွဲ မေးခွန်းများကို ကြိုတင် လေ့ကျင့်ထားပါ။

စာမေးပွဲ မေးခွန်းဟောင်းများကို အောက်ပါ link များ၌ download လုပ်လို့ရပါသည်။

၂၀၁၆ ခုနှစ်အတွက် AEIS စာမေးပွဲဖြေဆိုခွင့်ကို 5/7/16 မှ 19/8/16 အတွင်း အွန်လိုင်း လျှောက်ထားနိုင်ပါသည်။ လျှောက်ထားအပြီး လိုအပ်သော စာရွက်စာတမ်းများနှင့် စာမေးပွဲကြေး - စင်းဒေါ်လာ ၆၇၂ ကို တစ်ပတ်အတွင်း စာမေးပွဲဌာနသို့ တင်ပြရပါမည်။ နောက်ကျလျှင် စာမေးပွဲဝင်ခွင့် လက်ခံလိမ့်မည် မဟုတ်ပါ။

စာရွက်စာတမ်းများကို လူကိုယ်တိုင် သွားတင်လိုလျှင် Ministry of Education Headquarters, 1 North Buona Vista Drive 138675 တွင် တင်နိုင်ပါသည်။ ၀င်ပေါက်နားတွင် Customer Service ရှိ၏။ ထိုအနားမှကောင်တာတွင် တင်ခဲ့ပါ။ Buona Vista MRT မှ လမ်းလျှောက်သွားလို့ရပါသည်။ ထိုနေရာတွင်ပင် ပိုက်ဆံ တပါတည်း ပေးခဲ့လို့ရပါသည်။

အကယ်၍ ပိုက်ဆံကို ချက်လက်မှတ်ဖြင့်ရေးပို့လိုပါက Singapore Examinations and Assessment Board, 298 Jalan Bukit Ho Swee, Singapore 169565 သို့ပို့ပါ။ ချက်ပေါ်တွင် Singapore Examinations and Assessment Board ဟု ရေးပါ။

စာရွက်စာတမ်းများကို SEAB_AS@seab.gov.sg သို့ အီးမေးဖြင့်လည်းပို့နိုင်ပါ၏။ စာရွက်စာတမ်းနှင့် ချက်လက်မှတ်များ လက်ခံရရှိကြောင်း အီးမေးပြန်ပို့ လာပါလိမ့်မည်။

14/9/16 တွင် Entry Proof စာရွက်ကို အီးမေးဖြင့် ပို့ပေးလာပါလိမ့်မည်။ ထိုစာရွက်ကို print ထုတ်ကာ စာမေးပွဲခန်းသို့ ယူသွားရန် မမေ့ပါနှင့်။

Entry Proof ပုံစံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


 ယခုနှစ်အတွက်  စာမေးပွဲ ရက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

P1/P2 - 21/9/16
P4/P5 - 22/9/16

စာမေးပွဲကို Singapore Expo တွင် ကျင်းပပါ၏။ Expo MRT တွင် ရှိ၏။ မနှစ်က သားတို့ P2/P3 ဖြေရတာ hall 9 တွင် ဖြစ်ပါသည်။

အောင်စာရင်းကို 14/12/16 တွင် ထုတ်ပြန်ပါလိမ့်မည်။ ကျောင်း ရ/မရသာ အကြောင်းကြားပြီး ဘယ်နှစ်မှတ်ရသည် စသည်ဖြင့် ထုတ်ပြန်မည်မဟုတ်ပါ။

စာမေးပွဲအောင်သူများသည် ချထားပေးသောကျောင်းများသို့ 15/12/16 မှ 29/12/16 အတွင်း သတင်းပို့ကြရပါမည်။

စာမေးပွဲမအောင်သူများကတော့ ချောင်တစ်ချောင်တွင် ကုပ်ပြီးငိုပါလေ။
(အဲလေ မွှားသွားလို့၊ ဘွာ ဘွာ)
စာမေးပွဲမအောင်သူများ နောက် supple စာမေးပွဲ ရှိပါသေး၏။ ထိုစာမေးပွဲဖြေခွင့်ကို နောက်နှစ် ဇန္န၀ါရီလတွင် လျှောက်ရ ပါသည်။ ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ဖြေရသည်။ ထိုစာမေးပွဲကို SAEIS (Supplementary AEIS) ဟု ခေါ်၏။

(၂) စာမေးပွဲဖြေခြင်း

စာမေးပွဲဖြေရန် အောက်ပါပစ္စည်းများ ထည့်ယူသွားပါ။

၁။ Entry Proof letter
၂။ ပတ်စ်ပို့၊ Student Pass, Dependant’s Pass စသည်
၃။ 2B ခဲတံ ၃ ချောင်းလောက်၊ ခဲဖျက်၊ ဘောပင်၊ ပေတံ
၎။ သောက်ရေပုလင်း
၅။ အနွေးထည်
၆။ မနက်ပိုင်း သင်္ချာဖြေရပြီး နေ့လည်ပိုင်း အင်္ဂလိပ်စာ ဖြေရပါသည်။ ထိုနားချိန်တွင် စားသောက်ရန် ထမင်းဘူး စသည်။
၇။ ပြန်နွှေးလိုက နွှေးရန် သင်္ချာ၊ အင်္ဂလိပ်စာအုပ်များ

စာရွက်စာတမ်းများ စုံအောင်ယူသွားပါ။ မစုံက စာမေးပွဲဖြေခွင့်ပေးမည်မဟုတ်သဖြင့် အိမ်မှထွက်ခါနီး သုံးကြိမ်တိတိ ပြန်စစ်ပါလေ။

စာမေးပွဲက မနက် ၉ နာရီတွင် စပါသည်။ စာမေးပွဲခန်းသို့ ၁ နာရီလောက် စောရောက်အောင် သွားပါ။ တစ်ကမ္ဘာလုံးမှ လူများ တန်းစီနေရာနောက်တွင် တန်းစီပါ။ ကိုယ့်ကလေး ၀င်ရမည့်အလှည့်ရောက်လျှင် ကဒ်ပြားကလေးများ ပေးပါလိမ့်မည်။ စာမေးပွဲပြီးလို့ ကလေးကို ကြိုသည့်အခါ ထိုကဒ်ပြားပြပြီး အခန်းတွင်း ၀င်ရပါသည်။ P2 ကို အပြာ၊ P3 ကို အစိမ်း စသဖြင့် အရောင် ခွဲထားပေး၏။

စာမေးပွဲခန်းအတွင်းသို့ ဖုံး၊ ဂဏန်းပေါင်းစက်၊ အခြားစာရွက်စာတမ်းများ ယူသွားခွင့်မပြုပါ။ Entry Proof စာရွက်နှင့်အတူ Terms and Conditions စာရွက်ပါပေးပါလိမ့်မည်။ ထိုစာရွက်ကို သေသေချာချာဖတ်ပါ။

စာမေးပွဲဖြေရာတွင် OAS (Optical Answer Sheet) ဖြင့် ဖြေရတာ ပါပါသည်။ ထိုအဖြေလွှာနှင့် ကျင့်သားရစေရန် ကလေးကို လေ့ကျင့်ပေးပါ။

အောက်တွင် အဖြေလွှာ နမူနာကို ဖော်ပြထားပါသည်။



စာမေးပွဲမေးခွန်းက မှားမှန်ရောထွေး အမှန်ရွေး (Multiple Choice) ဖြစ်၏။ အဖြေမှန်ကိုရွေးပြီး မှန်သည့်အဖြေ (ဥပမာ - 1,  2 စသည်) ရွေးကာ ပေးထားသည့် အဖြေကွက်တွင် ခဲဖြင့် မဲနေအောင် ခြစ်ရပါမည်။

Entry Proof စာရွက်တွင် Index Number ပါပါသည်။ ထိုနံပါတ်ကို ထိပ်ဆုံးတွင် ဦးစွာ ခြစ်ရမည်။ မမှားပါစေနှင့်။

ထိုအောက်တွင် မေးခွန်းတစ်ခုအတွက် အဖြေကွက် ၄ ကွက် ပေးထားသည်။ ရှေ့ဆုံးမှ ဂဏန်းမှာ ပုစ္ဆာနံပါတ်ဖြစ်ပြီး နောက်ဖက် စက်ဝိုင်းထဲမှ 1  2  3  4 တို့မှာ အဖြေများဖြစ်၏။ မှန်သည့်အဖြေတွင် ခဲဖြင့် လုံးဝမဲနေအောင်ခြစ်ပါ။
အကယ်၍ မှားဖြေမိပါက ခဲဖျက်ဖြင့် လုံးဝ သန့်စင်သွားသည်ထိ ဖျက်ရန်လိုပါသည်။

ထိုအဖြေလွှာများကို ကွန်ပြူတာဖြင့် scan ဖတ်ပြီး စစ်တာဖြစ်ပါသည်။ ထို့ကြောင့် သေသေချာချာမဖျက်သဖြင့် စက်က မှားဖတ်ပါက ထိုပုစ္ဆာအတွက် အမှတ်ရတော့မည် မဟုတ်ပါ။

အားလုံးအဆင်ပြေကြပါစေခင်ဗျား -

အေးငြိမ်း
၂၆ ဇူလိုင် ၂၀၁၆။ ညနေ ၇း ၄၁ နာရီ


No comments: