Tuesday, September 20, 2016

ဖောင်ဝပ်နှင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း (၁)

(၁) ဖောင်ဝပ် မတော်တဆမှုများ

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က တောင်ကြီးတွင် ဖောင်ဝပ်ပြိုလဲမှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ရ၏။ ၂၀၁၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က မန္တလေးတွင် ဖောင်ဝပ်ပြိုလဲခဲ့ရာ လူ နှစ်ဦး သေဆုံးခဲ့သည်။


ယခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က နား၊ နှာခေါင်း ဆေးရုံဝင်းအတွင်း ဆောက်လုပ်ဆဲ ငါးထပ်တိုက်တွင် ၅ လွှာအတွက် ကွန်ကရိလောင်းနေစဉ် ဖောင်ဝပ်ပြိုကျမှုဖြစ်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု သိရပါသည်။ ထို မတော်တဆမှုအတွက် သက်ဆိုင်ရာကုမ္ပဏီကို ဒဏ်ငွေ ၅ သိန်း တပ်ရိုက်ကြောင်းလည်း သတင်းများတွင် ဖတ်ရ၏။






မတော်တဆမှုတစ်ခုဖြစ်ခဲ့လျှင် ထိုမတော်တဆမှု အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် အကြောင်းရင်း (Root Cause) ကို ဆန်းစစ်လေ့လာဘို့ လိုပါသည်။ အကြောင်းရင်းကိုသိပါမှ နောင်အလားတူ မတော်တဆမှုများမဖြစ်အောင် (To prevent the recurrence) ကာကွယ်နိုင်မည်။

ဖြစ်လာသည့်အမှုကိစ္စအတွက် တစ်ဦးတစ်ယောက်ကို အပြစ်ပုံချခြင်းဖြင့် သို့မဟုတ် ပြစ်ဒဏ်ပေး အရေးယူလိုက်ခြင်းဖြင့် ထိုမတော်တဆမှုမျိုး ထပ်မံဖြစ်မလာစေရန် တားဆီးနိုင်မည်မဟုတ်ပါ။

မတော်တဆမှုဖြစ်ခြင်းသည် အကြောင်းတစ်ချက်တည်းကြောင့်မဟုတ်မူ၍ အကြောင်းများစွာ ပေါင်းဆုံပါဝင်နေ၏။ ထိုအကြောင်းများစုလိုက်သောအခါ ရလဒ်အဖြစ် မတော်တဆမှု ဖြစ်သည်။ ထိုအကြောင်းများတွင် အောက်ပါတို့ (အားလုံးမဟုတ်ပါ) ပါဝင်နေ၏။

၁။ အသုံးပြုသည့် ပစ္စည်းများ မမှန်ကန်ခြင်း/မကောင်းမွန်ခြင်း (Defective material)
၂။ လုပ်ကိုင်သည့်နည်းစနစ် မမှန်ကန်ခြင်း / မှားယွင်းခြင်း (Wrong method/technique)
၃။ မည်သို့လုပ်ကိုင်ရမည်ဟူသော စနစ်မရှိခြင်း (Lack of Safet Work Procedure)
၎။ စနစ်တကျတွက်ချက်/ရေးဆွဲထားသော ဒီဇိုင်းမရှိခြင်း (Lack of design)
၅။ လုပ်ကိုင်သူများသည် စနစ်တကျ လေ့ကျင့်ထားသူများ မဟုတ်ခြင်း (Unskill workers)
၆။ အလုပ်လုပ်နေသည့်အဖွဲ့အား အနီးကပ် ကြီးကြပ်မှု မပေးခြင်း (Lack of close supervision)
၇။ စစ်ဆေးမှုမရှိခြင်း (Lack of inspection)
၈။ ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ စနစ်များမရှိခြင်း (Lack of the Laws, Rules and Regulations, Code of Practices, Standards)

ယခု ကျွန်တော် ဖောင်ဝပ်အသုံးပြုခြင်းဆိုင်ရာ အန္တရာယ်ကင်းရေး စည်းမျဉ်းစည်းကမ်းများအကြောင်း တင်ပြပါမည်။ သို့သော် ဖောင်ဝပ်အမျိုးအစားများစွာရှိသဖြင့် ယခု ယေဘူယျ အချက်အလက်များကိုသာ ဖော်ပြနိုင်ပါလိမ့်မည်။ ထို့ပြင် ဤဆောင်းပါး သည် ဖောင်ဝပ်ကို အန္တရာယ်ကင်းအောင် မည်ကဲ့သို့ဆင်ရ/ဖြုတ်ရမည်ဟူသော အကြောင်းမျှသာဖြစ်ပြီး ဖောင်ဝပ်ဒီဇိုင်း မဟုတ်ပါ။ ဖောင်ဝပ်ဒီဇိုင်းမှာ အင်ဂျင်နီယာများ၏ အလုပ်ဖြစ်ပြီး ဆောင်းပါးတစ်ပုဒ်မျှလောက်နှင့်လည်း မလုံလောက်ပါ။

ဖောင်ဝပ်ဆင်ပုံ၊ ဖြုတ်ပုံကိုလည်း စာဖတ်ရုံမျှနှင့် မတတ်ကျွမ်း၊ နားမလည်နိုင်ပါ။ အကယ်၍ ဖောင်ဝပ်အန္တရာယ်ကင်းရေး သင်တန်း (Formwork Safety Training Course) ပေးစေလိုပါက စာရေးသူထံ ဆက်သွယ်နိုင်ပါသည်။ (email: aye475@gmail.com)

(၂) ဥပဒေ၊ နည်းဥပဒေနှင့် စနစ်များ ရေးဆွဲပြဌာန်းခြင်း (Development of Laws, Regulations and Standards)

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်၍ ရေးဆွဲပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများသည် လည်းကောင်း၊ လုပ်ကိုင်ရာတွင် လိုက်နာရန် ပြဌာန်းထားသည့် စံချိန်စံညွှန်းများသည်လည်းကောင်း အလွန်အားနည်းနေပါ သေးသည်။

မည်သည့်လုပ်ငန်းကိုလုပ်သည်ဖြစ်စေ စနစ်တကျ ရေးဆွဲပြဋ္ဌာန်းထားသည့် စနစ် (Myanmar Standards or Code of Practice)  ရှိရန် လို၏။ ဖောင်ဝပ်ဆင်ရာ/ ပြင်ရာ/ ဖြုတ်ရာတွင်လည်း ဖောင်ဝပ်ကို မည်ကဲ့သို့ဆင်ရမည်၊ မည်သည့်ပစ္စည်းများ သုံးရမည်၊ မည်သည့်ဖောင်ဝပ်အတွက် မည်သည့်ဒီဇိုင်းများလိုသည်၊ ဖောင်ဝပ်အန္တရာယ်ကင်းရေးအတွက် မည်သူ့၌ အဓိက တာဝန်ရှိသည်၊ ထိုတာဝန်ရှိသူသည် ဖောင်ဝပ် အန္တရာယ်မဖြစ်အောင် မည်ကဲ့သို့ လုပ်ကိုင်ရမည် စသည်တို့ကို အသေးစိတ် ပြည့်စုံစွာ ပြဌာန်းထားရန် လိုပါသည်။

သို့မှသာ လုပ်ငန်းလုပ်ကိုင်သူများအဖို့ မည်သူက ဦးစီး၍ မည်သည့်ပစ္စည်းများသုံးပြီး မည်ကဲ့သို့လုပ်ကိုင်မည်၊ တပ်ဆင်ထား သည့်ဖောင်ဝပ် အန္တရာယ်ကင်း/မကင်း မည်ကဲ့သို့စစ်ရမည်ကို သိနိုင်ပေလိမ့်မည်။

အောက်ဖော်ပြပါစာရင်းမှာ ဖောင်ဝပ်နှင့် ပတ်သက်သည့် စင်ကာပူမှ ဥပဒေနှင့်စနစ်များ ဖြစ်၏။ စာဖတ်သူတို့ သိသာစေရန် သို့မဟုတ် ရည်ညွှန်းနိုင်ရန် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

Ø  WSH Act 2006
Ø  WSH (Construction) Regulations - Part IX Formwork Structures
Ø  WSH (Work At Height) Regulations 2013
Ø  CP23 - Code of Practice for Formwork
Ø  CP14 - Code of Practice for Scaffolds
Ø  Code of Practice for Working Safely At Height

(၃) ဖောင်ဝပ်သင်တန်း

မည်သည့်အလုပ်ကိုလုပ်ကိုင်သည်ဖြစ်စေ ထိုလုပ်ကိုင်သူအား (သန့်ရှင်းရေးလုပ်သားမှအစ) စနစ်တကျ လေ့ကျင့်သင်ကြား ပေးရန်လိုပါသည်။ သို့မဟုတ်ပါက ထိုလုပ်သားသည် ၎င်းလုပ်ရမည့်အလုပ်ကို သေချာစွာ တတ်မြောက်ကျွမ်းကျင်မည် မဟုတ်ပါ။

စင်ကာပူမှ WSH Act တွင် အလုပ်လုပ်မည့်လုပ်သားတိုင်းကို သက်ဆိုင်သည့် သင်တန်းများပေးရန်မှာ အလုပ်ရှင်၏ တာဝန် ဖြစ်ကြောင်း ဥပဒေပြဌာန်းထားပါသည်။

သင်တန်းဟူရာ၌ အလုပ်သမားများအတွက်သာမကပဲ ကြီးကြပ်ရေးမှူး၊ မန်နေဂျာ၊ အင်ဂျင်နီယာ၊ အလုပ်ရှင် အားလုံး ပါ ပါသည်။ ဤကဲ့သို့ စနစ်တကျ လေ့ကျင့်သင်ကြားပေးမှသာ မန်နေဂျာသည် မန်နေဂျာအလျောက်၊ ကြီးကြပ်ရေးမှူးသည် ကြီးကြပ်ရေးမှူးအလျောက်၊ အလုပ်သမားသည်လည်း အလုပ်သမားအလျောက် မိမိတို့လုပ်ကိုင်ရမည့်အလုပ်၊ မိမိတို့ ထမ်းဆောင်ရမည့် တာဝန်၊ မိမိတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေများကို သေချာကျနစွာ သိနိုင်မည်။

ဖောင်ဝပ်ဆင်ရာတွင်လည်း ဖောင်ဝပ်ကိုဆင်မည့် အလုပ်သမားအားလုံး၊ ဖောင်ဝပ်ဆင်ရာတွင် ကြီးကြပ်မည့် ကြီးကြပ်ရေးမှူး အားလုံးကို ၎င်းတို့ဆင်မည့် ဖောင်ဝပ်နှင့်ပတ်သက်သော သင်တန်းပေးရန် လိုပါသည်။ သို့မှသာ အလုပ်သမားများသည်လည်း စနစ်တကျ ဖောင်ဝပ်ဆင်တတ်မည်။ ကြီးကြပ်ရေးမှူးများသည်လည်း အလုပ်သမားများ တပ်ဆင်ထားသည့် ဖောင်ဝပ် မှန်/မမှန် စစ်ဆေးနိုင်မည်။ အလုပ်သမားများ မှားနေပါက လမ်းမှန်ရောက်အောင် ပြင်ပေးနိုင်မည်။

သေးငယ်သော ဖောင်ဝပ်များဆိုလျှင် အကြောင်းမဟုတ်။ ကြီးမားသော၊ မြင့်မားသော အချို့ဖောင်ဝပ်များအတွက် လက်မှတ်ရ အင်ဂျင်နီယာ၏ တွက်ချက်မှု လိုပါသည်။ ထိုအင်ဂျင်နီယာသည်လည်း မည်သည့်ဖောင်ဝပ်အတွက် မည်ကဲ့သို့ ပစ္စည်းများ သုံးရမည်။ အန္တရာယ်ကင်းသည့် ဖောင်ဝပ်ဖြစ်အောင် မည်ကဲ့သို့ ဆင်ရမည်၊ ဖောင်ဝပ်အပေါ် မည်သည့်ဝန်အားများ သက်ရောက်မည်၊ မည်သည့်အချက်များက ဖောင်ဝပ်ပြိုလဲမှုကို ဖြစ်စေနိုင်သည် စသည်တို့ကို ကောင်းစွာ သိရှိနားလည် ထားရန် လို၏။

အရေးကြီးသည်မှာ သင်ကြားလေ့ကျင့်ပေးထားသည့် တတ်မြောက်ကျွမ်းကျင်သော ဖောင်ဝပ်ဆင်သည့်လုပ်သားများက ဖောင်ဝပ်ကြီးကြပ်ရေးမှူး၏ အနီးကပ် ကြီးကြပ်မှုအောက်တွင် ပြဌာန်းထားသော စနစ်များအတိုင်း စနစ်တကျ တပ်ဆင်ရေး ဖြစ်၏။

ဖောင်ဝပ်ဆင်ရာတွင် သင်ကြားလေ့ကျင့်ပေးထားသူများက ဖောင်ဝပ်ကြီးကြပ်ရေးမှူး၏ အနီးကပ် ကြီးကြပ်မှုအောက်တွင် ဆင်ရမည်ဟု စင်ကာပူတွင် ဥပဒေဖြင့် ပြဌာန်းထားပါသည်။ ဖောင်ဝပ်အတွက် သင်တန်းများမှာ အလုပ်သမားများအတွက် Formwork Safety Course for Workers နှင့် ကြီးကြပ်ရေးမှူးများအတွက် Formwork Supervisors Safety Course တို့ ဖြစ်၏

(၄) ဖောင်ဝပ်အမျိုးအစား (Types of formworks)

ဖောင်ဝပ်ကို သမားရိုးကျဖောင်ဝပ် (Conventional formwork) နှင့် ကြိုဆင်ဖောင်ဝပ် (System formwork ) ဟု နှစ်မျိုး နှစ်စား ခွဲခြားနိုင်ပါသည်။

ကြိုဆင်ဖောင်ဝပ်ကို သက်ဆိုင်ရာကုမ္ပဏီများက ဒီဇိုင်းဆွဲပြီး ဖောင်ဝပ်ပစ္စည်းများကို ငှားရမ်းကြသည်။ မည်ကဲ့သို့ဆင်ရမည်၊ ဖြုတ်ရမည် စသည်ကိုလည်း ထိုကုမ္ပဏီများကပင် လုပ်ငန်းခွင်ထဲ လာရောက်ကာ သင်တန်းပေးကြသည်။ အလုပ်သမားများ ဆင်ထားပုံမှန်မမှန်ကိုလည်း ၎င်းတို့က ကြီးကြပ်ရေးမှူးတစ်ယောက်ကို ခန့်ထားပေးကာ လုပ်ငန်းခွင်ထဲ၌ အချိန်ပြည့် စောင့်ကြည့်ကြီးကြပ်စေသည်။ ဖောင်ဝပ်လဲပြိုခြင်း စသည့် အကြောင်းတစုံတရာ ဖြစ်ပေါ်လာပါက ထို ဖောင်ဝပ်ငှားရမ်းသည့် ကုမ္ပဏီ၌သာ အပြည့်အ၀ တာဝန်ရှိ၏။

ကြိုဆင်ဖောင်ဝပ်တွင် အဆောက်အဦဒီဇိုင်းပေါ်လိုက်ကာ ပုံသဏ္ဍာန် အမျိုးမျိုးရှိသည်။ အသုံးများသည့် ကြိုဆင်ဖောင်ဝပ်များ မှာ -
Ø  Table form (Slab လောင်းရန်အတွက်သုံး)
Ø  Jump form (ဓာတ်လှေခါးနံရံများ သွန်းလောင်းရန်အတွက်သုံး)
Ø  Wall form (နံရံများ ပုံလောင်းရန်သုံး)
Ø  Column form (တိုင်များ ပုံလောင်းရန်သုံး) - တို့ဖြစ်၏။





ကြိုဆင်ဖောင်ဝပ်များ၏ အားသာချက်မှာ တစ်ခါဆင်ထားပြီး လုပ်ငန်းပြီးဆုံးသည်ထိ သုံးသွားနိုင်သဖြင့် ထပ်ခါတလဲလဲ မဆင်ရတော့ပဲ အချိန်ကုန်သက်သာသည်။ ပစ္စည်းအလေအလွင့်နည်းသည်။ လူအင်အားကို ချွေတာနိုင်သည်။ သမားရိုးကျ ဖောင်ဝပ်များထက် ပိုပြီး စိတ်ချရသည်။

သို့သာ် ထိုဖောင်ဝပ်၏ အားနည်းချက်မှာ ပုံသဏ္ဍာန်၊ အရွယ်၊ နေရာ အကန့်အသတ် ရှိသည်။ ဥပမာ အဆောက်အဦဒီဇိုင်းတွင် ကွဲပြားခြားနားသည့် ကော်လံအမျိုးအစား များစွာပါလာပါက ကြိုဆင်ဖောင်ဝပ် များစွာ လိုမည်ဖြစ်၏။ အဆင်မပြေနိုင်။ အလွန်ကျဉ်းသည့်နေရာ၊ အနိမ့်အမြင့်မတူသည့်နေရာများတွင် ကြိုဆင်ဖောင်ဝပ်များ သုံးရန် မလွယ်ကူချေ။

သမားရိုးကျဖောင်ဝပ်ဆိုသည်မှာ ငြမ်းဆင်သည့်ပစ္စည်းများသုံးလျှက် ဖောင်ဝပ်ဆင်ခြင်း ဖြစ်သည်။ သမားရိုးကျဖောင်ဝပ်၏ အားသာချက်မှာ မည်သည့်နေရာမဆို မည်သည့်ပုံစံဖြစ်စေ ဆင်၍ရခြင်းဖြစ်၏။ ပုံသဏ္ဍာန်၊ အရွယ်၊ နေရာ အကန့်အသတ်မရှိ။ အားနည်းချက်မှာ ကွန်ကရိတစ်ခါလောင်းတိုင်း တစ်ခါ ဖောင်ဝပ်ဆင်ရခြင်းဖြစ်၍ ပစ္စည်းအလေအလွင့်များသည်၊ လူအင်အား များစွာ သုံးရသည်၊ အချိန်ကုန်သည်၊ လူပင်ပန်းသည်။



(၅) ဖောင်ဝပ်ဆင်မည့် ပစ္စည်း


ဖောင်ဝပ်ဆင်မည့်ပစ္စည်းသည် ကြံ့ခိုင်ရမည်၊ တောင့်တင်းရမည်၊ အပြစ်အနာအဆာ ကင်းရမည်။ သူ့အပေါ် သက်ရောက် နေသည့် ၀န်အားလုံး၏ဒဏ်ကို ခံနိုင်ရည်ရှိရမည်။

ဖောင်ဝပ်ဆင်မည့်ပစ္စည်းများသည် သတ္တုသော်လည်းကောင်း၊ သစ်သားသော်လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် သုံးမည့် သတ္တု၊ သစ်သားစသည်တို့၏ အရည်အသွေးနှင့်အရွယ်အစားကို သတ်မှတ်ပေးရမည်။ ဖောင်ဝပ်ပေါ် သက်ရောက်မည့် အပေါ်ဘက်မှသက်ရောက်နေသည့်အား (Vertical force)၊ ဘေးတိုက်သက်ရောက်မည့်ဝန်အား (Lateral force) ၊ လေတိုက်အား (Forced by wind )၊ တုန်ခါအား (Forced induced by Vibration) စသည်တို့အပေါ်မူတည်ကာ မည်သည့် ပစ္စည်းသုံးရမည်၊ ထိုပစ္စည်း၏ခံနိုင်ရည်အား၊ အမျိုးအစား၊ အရွယ်စသည်တို့ကို စနစ်တကျ သတ်မှတ်ပြဋ္ဌာန်းပေးထားရန် လို၏။

မည်သည့်နေရာတွင် မည်သည့်ပစ္စည်း သုံးရမည်ကို Code of Practice တွင် ဖော်ပြထားသည်။ ဖောင်ဝပ်ကြီးကြပ်ရေးမှူးက ဖောင်ဝပ်အတွက် သုံးသည့်ပစ္စည်းများသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ပြည့်မီ၊ မမီ၊ အပြစ်အနာအဆာ ရှိမရှိ စသည်တို့ကို စစ်ဆေးရန်လို၏။

(၆) ဖောင်ဝပ်ဆင်ရန် ပြင်ဆင်ခြင်း (Preparation for Erection)

ဖောင်ဝပ်ဆင်တော့မည်ဆိုလျှင် ပထမဦးစွာ ကွန်ကရိလောင်းမည့်နေရာကို ဖော်ပြထားသည့် ပုံ (construction drawing) ကို နားလည်ရပါမည်။ နေရာအကျယ်အ၀န်း၊ အနိမ့်အမြင့်၊ တက်၊ ဆင်းရန်နေရာ စသည်။ မည်သည့်နေရာတွင် ဖောင်ဝပ် ဆင်ရမည်ဆိုသည်ကို သိလျှင် ဆင်မည့်ဖောင်ဝပ်အတွက် လိုအပ်သည့် ပစ္စည်းစာရင်းကို အရေအတွက်နှင့်တကွ ပြုစုရပါမည်။ ဥပမာ -

Bill of Material for formwork

Ø  ငြမ်းစင်ဘောင် (Scaffold frame) 
Ø  ဆက်တိုင် (joint pin)
Ø  ချုပ်တန်း (cross bracing)
Ø  အခြေ (Jack base)
Ø  ယူထိပ် (U head)
Ø  ထုပ်တန်း (Bearer)
Ø  အခြေချုပ်တန်း (foot tie)
Ø  ထောင့်ဖြတ် ချုပ်တန်း(diagonal bracing)
Ø  ကာ့ပလင် (coupling)
Ø  ငြမ်းစင်ပြား (scaffold planks)
Ø  သစ်သားချောင်း (Timber)
Ø  အထပ်သားပြား (Plywood)
Ø  ရိုက်သံ (Nails)
Ø  သွပ်ကြိုး (GI Wire)

ထို့နောက် ဖောင်ဝပ်ဆင်မည့်နေရာကို အမှိုက်သရိုက်လုံးဝမရှိအောင် ရှင်းလင်းပါ။ ဖောင်ဝပ်ပစ္စည်းများကို ထိုနေရာနှင့် မဝေးလှသည့်နေရာတွင် ပစ္စည်းအမျိုးအစားအလိုက် သပ်ယပ်စွာ ပုံထားပါ။ လိုအပ်လျှင် အလွယ်တကူ ရယူနိုင်ပါစေ။ အခြား မသက်ဆိုင်သူများ၊ ယာဉ်များ မ၀င်နိုင်စေရန် ဖောင်ဝပ်ဆင်မည့်နေရာနှင့် ပစ္စည်းများထားသည့်နေရာကို တိပ်ဖြင့် ပတ်ပတ် လည်ကာရံထားပါ။ “ဖောင်ဝပ်ဆင်နေသည်။ အန္တရာယ်ရှိသည်။ မ၀င်ရ” ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားပါ။

အပိုင်း (၂) သို့ ဆက်ရန်


No comments: