Tuesday, September 20, 2016

ထမင်းစားခြင်း အနုပညာ (၂)

(၅) ဘိုးတော်ဘုရားလွမ်းခဲ့ရသော ကျွန်ုပ်တို့တောမှ အစားအစာများ

ကျွန်ုပ်တို့ကျေးရွာတွင် နွေအခါများ၌ ဟင်းကျွေးရှားလိုက်သည်မှာ ပြောစရာမရှိ။ အဘယ်မျှရှားသနည်းဟူမူ ဟင်းချိုချက်စရာ မရှိ၍ ရေနွေးကိုဆူအောင်ကြိုပြီး ကြက်သွန်နီလှီးထည့်၊ ဆားခပ်ကာ သောက်ကြရသည်။ ကုန်းကြောင်းဟင်းချိုဟု ခေါ်သည်။ ထိုဟင်းချိုနှင့် အဖက်ဟင်းကိုလည်း ကြည့်လိုက်ဦး။ ငြုပ်သီးခြောက်ကို ဆားနှင့်ရောထောင်းထားသော ငြုပ်သီးဆားထောင်း သို့မဟုတ် ငြုပ်သီးကိုထောင်းကာ ကြက်သွန်နီကို ပါးပါးလှီး၍သုပ်ထားသော ငြုပ်သီးသုပ်ဖြစ်၏။ ထိုဟင်းချိုနှင့် ငြုပ်သီးသုပ် ကိုပင် တစ်ခါတစ်ခါ ကျွန်တော် လွမ်းမိပေသေး၏။ အမှန်ကိုပြောရလျှင် မက်ဒေါ်နယ်ကို တစ်ခါတရံစားရတာ ကြိုက်သည့်တိုင် ကုန်းကြောင်းဟင်းချိုနှင့် ငြုပ်သီးသုပ်လောက် မမက်မောပါ။

ကျွန်တော်တို့ငယ်စဉ်က ယခုလိုမဟုတ်။ ရွာ့အပြင်ထွက်ပြီး လယ်တစ်ကွင်းနှစ်ကွင်းစာမျှ ကျော်လိုက်လျှင်ပင် တောစပ်သို့ ရောက်သည်။ မနက်မိုးလင်းလျှင် ကျွန်တော်တို့မောင်နှမတစ်သိုက် အဖေကြီးပုဆိုးကို ခေါင်းပေါ်တင်ကာ ဟင်းသီးဟင်းရွက်ခူး သွားကြသည်။ တောစပ်ရှိ သခွတ်ပင်ကြီးများအောက်တွင် သခွတ်ပွင့်တွေ ဖွေးနေအောင် ကြွေကျနေသည်ကို နွားများနှင့် အပြိုင် အပြေးအလွှား ကောက်ကြရ၏။ နွားများလည်း သခွတ်ပွင့်၏ ခါးသက်သက်အရသာကို ကြိုက်သည်ထင့်။

ဆောင်းတွင်းနံနက်များတွင် သခွတ်ပွင့်ကောက်သည်၊ ၀ရိုး၊ ကညွတ်ရိုး၊ ပတတ်ရိုး၊  ဖလံတောင်မွေးရိုးစသည်တို့ ချိုးကြသည်။ ကင်းပုံညွန့်၊ ယင်းတိုက်ရွက် စသည်တို့ခူးသည်။ မိုးဦးကျစ၊ မီးလောင်ထားသောမြေကြီးပေါ်တွင် ပတတ်စာတို့ ပွင့်တတ်သည်။ မိုးတွေရွာလာပြီဆိုတော့ တောင်ပေါ်တက်ကာ အင်ဥကောက်ကြသည်။ ဖက်သန်းသီး၊ ကင်မလင်းရွက်စသည်တို့ ခူးဆွတ် ကြသည်။

မနက် ၉ နာရီလောက်ဆို အိမ်ပြန်ရောက်ပြီ။ ဒေါ်ဒေါ်ခင်ကြိုင်ရေ၊ ဒေါ်လေးသန်းတင်ရေ၊ သခွတ်ဖျားလာဖြတ်လှည့်ဗျို့ ဟု အိမ်နီးနားချင်းများကို ဟင်းစားဝေငှ၏။ သူတို့က သခွတ်ဖျားဖြတ်ရင်း အတင်းအဖျင်း ပြောကြ၏။ သခွတ်ဖျားကိုဖြတ်ကာ ဟင်းချိုချက်သည်။ ကျန်သည့်သခွတ်ရိုးကိုခွဲကာ အခြောက်လှမ်း၏။ ထိုသခွတ်ရိုးခြောက်ကို ရေနွေးဖျောကာ ငါးပိရည်နှင့် တို့စားနိုင်သည်။ အထဲမှ သခွတ်ဆံများကိုလည်း အခြောက်ခံကာ သုတ်စားနိုင်သေးသည်။ ဟိုး အစပိုင်းတွင်ပြောခဲ့သည့် ဘိုးရွှေဖာလွမ်းလှသည့် သခွတ်ပွင့်ဟင်းချိုမှာ ဤဟင်းချိုပင် ဖြစ်သတည်း။   

ကျွန်တော်တို့တောမှာ တစ်လနေလို့ တစ်ခါ အသားမစားရစဖူး။ နတ်ကသည့်အခါကျမှ နတ်ကသည့် ၀က်သားကို စားကြရသည်။ ကျွန်တော်ငယ်ငယ်က အလွန် ချေးများလှ၏။ နတ်ပွဲကျ ၀က်သားကို ရွံလို့မစား။ ရွာထဲတွင် ၀က်ပေါ်ပြီဆိုလျှင် မမက ငါလည်းတစ်စိတ်ပါမယ်ဟေ့ ဆိုကာ ကျွန်တော်တို့ကို အူစုံအသည်းစုံ ချက်ကျွေး၏။ တစ်ခါတရံမှ စားရတော့ အလွန် စားကောင်းလှ၏။ (ငါလည်းတစ်စိတ်ပါမယ်ဟေ့ ဆိုသည်မှာ ၀က်ကိုအကောင်လိုက်ဝယ်၊ ကျသမျှပိုက်ဆံ၏ လေးပုံတစ်ပုံကို ပေး။ ထို့နောက် ထွက်သည့်ဝက်သား၏ လေးပုံတစ်ပုံကိုယူကာ ပြန်ရောင်းခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ၀က်ပေါ်ရာမှရသည့် ကလီစာ၊ ခေါင်း၊ ခြေထောက် စသည်တို့ကိုလည်း လေးပုံတစ်ပုံရသဖြင့် မမ ၀က်ပါလျှင် ကျွန်တော်တို့ ၀က်သား အ၀တီးရ လေသည်။)

တခါတခါတော့ အရီးမယ်ကြိုင်က လူလေးရေ နင့်အမေမိပွေးတို့ခြံထဲက ဆူးပုပ်ရွက်သွားချူချေဟု ခိုင်းတတ်သည်။ ကျွန်တော်က ၀ါးလုံးတံချူတစ်ချောင်းနှင့် ဆူးပုပ်ရွက်သွားခူးရ၏။ တခါတလေ ကင်မွန်းချင်ရွက် ခူးရသည်။ မိုးတွင်းဘက် ကောက်စိုက်ချိန်တွင် ကောက်စိုက်သမများကို ထမင်းကျွေးရသည်။ ထိုအခါ ဟင်းလျာအဖြစ် ငါးပိကိုငြုပ်သီး၊ ဆား စသည်တို့နှင့်ရောထောင်း၊ မြေစလောင်းဖုံးတွင်ကပ်ကာ မီးဖုတ်ထားသော ငါးပိဖုတ် နှင့် ချဉ်ရည်ဟင်း စသည်တို့ဖြင့် ကျွေးမွေး၏။ ထိုငါးပိဖုတ်ကို ကျွန်တော် အလွန်ကြိုက်၏။ ဟိုတစ်ခေါက်ရန်ကုန်ပြန်တော့ မမကို ထိုငါးပိဖုတ်မျိုး ဖုတ်ခိုင်းသည့် တိုင် ငယ်ငယ်ကလို သိပ် စားလို့မကောင်းတော့ပါချေ။ ထိုအခါကျမှ ဘိုးတော်ဦးဝိုင်းကို ကိုယ်ချင်းစာမိတော့၏။

ကျွန်တော်မှတ်မိနေသေးသော ထမင်းတစ်ဝိုင်းရှိပါသေးသည်။ တစ်ခုသောနွေရာသီကျောင်းပိတ်ရက် ရွာမှာရှိနေသခိုက် ဦးကြီးဖိုးထောင်နှင့် လေးမျက်နှာတစ်ဖက်ကမ်းရှိရွာမှ အလှူသို့ လိုက်သွား၏။ ရွာနာမည်တော့ မမှတ်မိတော့ပါ။ ထိုအလှူတွင် ထမင်းကို ငါးခြောက်ကြော်၊ ငါးပိကြော်၊ ဟင်းချိုများဖြင့်ကျွေးရာ အလွန်စားကောင်းလှလေသည်။ ထမင်းစားအပြီး ဖရဲသီးများလည်းကျွေးလိုက်သေး၏။ ထိုအလှူထမင်းဟင်းကို ကျွန်တော် ယခုထိတိုင် လွမ်းမိနေပါသေးသည်။

(၆) အစားအသောက်နှင့် ကျန်းမာရေး

ကျွန်တော် တစ်နှစ်နေလို့ ဆယ်ခါပြည့်အောင် မှန်မကြည့်စဖူး၊ ခေါင်းမဖြီးစဖူးပါ။ သို့တိုင် အစားအသောက်နှင့် ပတ်သက်လာ လျှင်တော့ အလွန် ရွံတတ်သည်။

တက္ကသိုလ်ကျောင်းသားဘ၀က ကျောင်းတက်ရအောင် ရန်ကုန်သို့လာရာတွင် သာရဝေါမှ ရန်ကုန်သို့ ရထားစီးလာရ၏။ ကျောင်းပြီးလို့ ဘွဲ့ရသည့်တိုင် ကျွန်တော် တစ်ခါမှ ထိုင်ခုံနှင့် ကျကျနန မစီးခဲ့ရစဖူး။

ရထားပေါ်တွင်သော်လည်းကောင်း၊ ရထားဘူတာများတွင်သော်လည်းကောင်း အစားအသောက်များ ရောင်းကြသည်။ မုံ့ဟင်းခါး၊ ခေါက်ဆွဲသုပ်၊ ထမင်း စသည်။ သို့သော် ထိုလမ်းမှ အစားအသောက်များကို ကျွန်တော် တစ်ရံတဆစ်မျှ ၀ယ်မစား ဖူးခဲ့ပါချေ။ ၀ယ်စားဖို့မဆိုထားနှင့်။ သူတို့ အနားရောက်လာလျှင်ပင် ခပ်ဝေးဝေးက ရှောင်တတ်ပါသည်။ သူတို့ ဈေးရောင်းတာ လည်း ကြည့်လိုက်ဦး။

ရထားပေါ်မှာ အပြေးအလွားရောင်းရတာဆိုတော့ ဈေးရောင်းရန်အတွက် တိုလီမုတ်စမှန်သမျှကို ဗန်း၊ သို့မဟုတ် တောင်းအတွင်း ထည့်ပြီးသယ်ကြ၏။ မုန့်ဟင်းခါးသည် ဆိုပါစို့။ ဟင်းရည်အိုးကတစ်ဖက်၊ မုန့်ဖတ်၊ ဆီချက်၊ ငြုပ်သီးပုလင်း စသည့်တိုလီထွာလီများကတစ်ဖက် ဆိုင်းထမ်းနှင့် ထမ်းရောင်း၏။ ဟင်းရည်အိုးပါသောဆိုင်းထမ်းဖက်တွင် ထိုင်ခုံချိတ်ထားပြီး အခြားဆိုင်းထမ်းဖက်တွင် ပန်းကန်ခွက်ယောက်များကိုဆေးရန် ရေအနည်းငယ်ထည့်ထားသည့် ရေချိုင့်ကို ချိတ်ဆွဲထား၏။

မြန်မာပြည်ကရထားများမှာ ဘယ်ကရေရလို့ ဘယ်ကရေကို လဲရမှာတုံးခင်ဗျာ။ သာရဝေါဘူတာက စတက်လာကတည်းက ဆေးလိုက်တဲ့ရေ။ ကြည့်မြင်တိုင်ဘူတာရောက်မှ တစ်ခါလဲတာပ။ ဆိုတော့ သည်ချိုင့်အတွင်းမှ ရေကို မကြည့်ဘဲ တွေးကြည့်ရုံနှင့်ပင် ဝေါ့ . . . ။ ပန်းကန်ကိုဆေးပြီးတော့ ပြောင်သွားအောင် အ၀တ်နှင့် သုတ်လိုက်သေး၏။ သုတ်လိုက်သည့် အ၀တ်မှာလည်း ချိုင့်ထဲကရေနှင့် ရှေ့သွားနောက်လိုက် ညီပါပေသည်။ ရေဆေးပြီး မသုတ်ပဲထားလျှင် အဟုတ်သား။ အ၀တ်နှင့်သုတ်လိုက်ခါမှ အနှစ်နှစ်အလလက မလျှော်ခဲ့သော ထိုလက်သုတ်ဝတ်မှ ချေးများသည် ပန်းကန်ကို ပိုလို့ပင် ညစ်ပတ်စေလေသေး၏။

ပန်းကန်ဆိုလို့လည်း ကြည့်လိုက်ဦး။ ဘယ် ခင်ဗျာ။ လမ်းဘေးဈေးသည်ပေကပဲ။ ဘယ် NGO ကမှ အင်ဗက်စမင့်အတွက် ထုတ်ပေးထားတာ မဟုတ်ပေကပဲ။ ကိုယ့်ရှိတာလေးနဲ့ ရင်းနှီးရတာဆိုတော့ ဘယ့်နှာလုပ် ပန်းကန်အကောင်းစားတွေဘာတွေ ၀ယ်နိုင်မှာတုံး။ အပေါစား ပလတ်စတစ်ဖြင့်လုပ်ထားသည့် ပန်းကန်ခွက်ယောက်များ ဖြစ်ပေသည်။ အသစ်မှာကတည်းက ဖုံဖွားဖွားနှင့် အသရေမလှသည့် ပန်းကန်များမှာ သုံးဖန်များလာသည့်အခါ အမျှင်များထွက်ကာ ဘယ်လိုမှ မတင့်တယ်တော့ ပါချေ။ ထိုမတင့်တယ်လှသည့် ပလတ်စတစ်ပန်ကန်များကို ရေညစ်တွင်ဆေးပြီး လက်သုတ်ညစ်နှင့် သုတ်လိုက်သောအခါ . . ။ စာရေးဘို့ တစေ့တစောင်း လေ့လာသည့်တိုင် ထိုအနားသို့ ကျွန်တော်မကပ်ဝံ့ပါချေ။ 

ခေါက်ဆွဲသုတ်သည်၊ ထမင်းသည်စသော အခြားအသည်များမှာလည်း အလားတူပင်ဖြစ်၏။ သို့တိုင် လူအများမှာ ထိုမုန့်၊ ထမင်း စသည်များကို မြိန်ရည်ရှက်ရည် သုံးဆောင်ကြသည်ကို တွေ့ရပါသည်။ အနို့ ဗိုက်ကဆာသကိုးဗျာ။  

ရန်ကုန်ရွှေမြို့တော်ကြီးဘက် တချက်လောက်လှည့်ကြည့်လိုက်ပါဦး။
ရန်ကုန်ဘူတာကြီးထဲတွင် ဈေးခြင်းတောင်းကလေးများချကာရောင်းနေသည့် အသုတ်သည် စသည်တို့ကို တွေ့ကြပါလိမ့်မည်။ ၎င်းတို့မှာလည်း ခုနင်က ရထားပေါ်က ဈေးသည်များနှင့် မထူးပါ။ အတူတူပင်ဖြစ်၏။ အနို့ မြို့ထဲမှာ ရေက ဘယ်နားသွား ခပ်ရမတုံးဗျာ။ သည်တော့ အိမ်ကသယ်လာသည့် လက်ဆွဲချိုင့်ကလေးတွင် ရေတစ်ဝက်လောက်ထည့်ပြီး တစ်နေ့လုံးဆေး၏။

လမ်းဘေးဆိုင်တော်တော်များများမှာ ရေမြောင်းကိုခွဆောက်ထားတာ ဖြစ်သည်။ ရေမြောင်းအတွင်းတွင် ရေမဟုတ်တော့ သော ရေများရှိနေလေ၏။ ထိုမြောင်းများအပေါ်တွင် ဆိုင်တည်ခင်းကာ ခုံများနှင့်ထိုင်စားကြသည် ဆိုတော့။

သို့သော် သည်ဆိုင်များတွင်လည်း သူသူငါငါ သည်လိုစားသောက်နေကြသည်ပဲ။ ကျွန်ုပ်တစ်ယောက်တည်း စံလွဲနေတာ ဖြစ်ချိမ့်မည်။

သြော် - မေ့တော့မလို့။ ကျွန်တော်တို့ကျောင်းသားဘ၀က ထမင်းတစ်ပွဲကို ၃ ကျပ်ဖြစ်၏။ ခေါက်ဆွဲကြော်ဆို ၆ ကျပ်။ ထိုအချိန် (၁၉၈၄ - ၈၅ လောက်) က ၃၈ လမ်းတွင် ဈေးတစ်ခုရှိသည်။ ဈေးမှာ မဲမှောင်၊ ကျပ်တည်း၊ ကျဉ်းမြောင်းပြီး ညစ်ပတ်လှ၏။ ထိုဈေးထဲတွင် ထမင်းဆိုင်များရှိသည်။ အတော်ဈေးသက်သာ၏။ ထမင်းတစ်ခါစား ၅ မတ်လောက်သာ ကျသည်။ သို့သော် ညစ်ပတ်လှ၏။ ရေနွေးအိုးအဖုံးများတွင် ငါးပိရည်များ ပေကျံလျှက်၊ တို့စရာဟင်းသီးဟင်းရွက်များမှာလည်း ဘယ်တုံးကတည်းက ကျန်နေတာတွေ မသိ။ ထိုဆိုင်များတွင် ကျွန်တော်တစ်ခါလား စားဖူး၏။ နောက်တော့ မသတီတာနှင့် မစားဖြစ်ပါ။

မိတ်ဆွေများခင်ဗျာ -
စားသောက်ဆိုင်ဆို နောက်ဖက်သွားမကြည့်ပါနှင့်။ ရှေ့မှာပဲ အေးအေးဆေးဆေးထိုင်စားပါ။ မတော်တဆ ယောင်မှားပြီး ဆိုင်နောက်ဖက်ရောက်သွားမိပါက စားသောက်ထားသည်တို့ အကုန်ပြန်ထွက်ကုန်လိမ့်မည်။ သို့သော် ယခုတော့ အတော်လေး တိုးတက်လာပါပြီ။ ကျွန်တော် ခရီးသွားရင်း အပေါ့အပါးသွားရန် စားသောက်ဆိုင်များနောက် ရောက်တော့ တစေ့တစောင်း အကဲခတ်ကြည့်ရာ အတော်လေး သန့်ရှင်းသည်ကို တွေ့ရသည်။ (ဥပမာ - ၁၁၅ မိုင်စခန်းမှ စားသောက်ဆိုင် များ) အိမ်သာများမှာလည်း ရေကိုသုံးလာကြပြီဖြစ်ရာ အတော်လေး သန့်လာပါပြီ။

(ယခင်အခါကာလများကမူ အများသုံးအိမ်သာဆို ယောင်လို့မှ အပေါက်ဝနားတောင် မသွားပါလေနှင့်။ အရှင်လတ်လတ် ငရဲကျသကဲ့သို့ ခံစားရပါလိမ့်မည်။)

ဤသည်မှာ စားသောက်ဆိုင်များအကြောင်း ဖြစ်၏။ လူများကို နည်းနည်းလောက် စေ့ငုကြည့်ရအောင်။

ကျွန်တော်တို့ လေးမျက်နှာတွင်နေစဉ် ကျောင်းတက်ရန် ရန်ကုန်သို့လာသည့်အခါ လေးမျက်နှာမှ အိုင်သပြုသို့ မော်တော် စီးရ၏။ တစ်ခေါက်တွင် ကျွန်တော့်ဘေးနား၌ အဖိုးကြီးအဖွားကြီးစုံတွဲ လိုက်ပါလာ၏။ မော်တော်မှာ ထိုင်ခုံနှင့်မဟုတ်။ ကြမ်းခင်းပေါ် သည်အတိုင်း တင်ပလ္လင်ခွေကာ ထိုင်စီးရသည်။

အဖိုးနှင့်အဖွားမှာ ပါလာသည့်ထမင်းချိုင့်ကိုဖွင့်လျှက် မနက်စောစောစာကို မော်တော်ပေါ်တွင်ပင်စားကြ၏။ စားပြီးတော့ အသင့်ပါလာသည့်ရေပုလင်းကို ဖွင့်ကာ သောက်ကြ၏။ အဖိုးကြီးက ရေဖြင့်ပလုပ်ကျင်းပြီး ပလုပ်ကျင်းထားသည့်ရေများကို ထွေးမထုတ်ပဲ ဂလုပ်ဂလုပ်ဖြင့်မျိုချလိုက်လေ၏။ အောင်မလေးဗျော့။ ကျွန်တော့်မှာ အံချင်စိတ်ကို မနည်းထိန်းထားရသည်။

ကျွန်တော့်မိတ်ဆွေ တောင်သာသား ကိုရွှေသန်းလည်း ပလုပ်ကျင်းရေကိုမျိုချသည်သာ ဖြစ်လေသည်။ နောက်တော့မှ အင်၊ ငါလွဲတာပါလား။ ၀ါးပြီးသားထမင်းလုပ်တောင် မျိုချရသေးတာ။ ပါးစပ်ထဲရောက်ပြီးသားရေကို မျိုချတာ ဘာမှားသလဲ ဟု ဆင်ခြင်မိ။ သို့သော် ပလုပ်ကျင်းပြီး ရေကိုမျိုချဘို့ရာ ကျွန်ုပ် မသတီပါ။

ယခု အလုပ်ထဲတွင် နေ့လည်စာကို ကျွန်တော် လုပ်ဖော်ကိုင်ဘက်များနှင့် အတူစားကြ၏။ အားလုံးထမင်းစုစားကြသည့်အထဲ စားသောက်ပြီး လက်တွေပါးစပ်တွေဆေး၊ ပလုပ်ကျင်းတာ ကျွန်တော်တစ်ယောက်သာရှိ၏။ ကျန်သည့်လူများမှာ တစ်ယောက် မှ လက်ဆေး၊ ပါးစပ်ဆေးတာ၊ ပလုပ်ကျင်းတာ မတွေ့ရ။

ကလေးများကိုလည်း အစားအစာ စားသောက်ပြီး လက်ဆေး၊ ပါးစပ်ဆေး၊ ပလုပ်ကျင်းသည့်အကျင့် လုပ်ပေးထားရသည်။ ခံတွင်းသန့်ရှင်းရေးသည်လည်း အရေးမကြီးပါသလော။

အချို့မှာ စားသောက်ပြီး ပန်းကန်ခွက်ယောက်များ၊ ဇွန်းများ၊ အိုးများကို မဆေးပဲသည်အတိုင်း ထားတတ်ကြ၏။ ညဘက်စား ထားသည်များကို နက်ဖြန်ကျမှ ဆေးသည်။ တချို့များဆို အိုးထဲမှာ မှိုတက်သည်ထိ ထားတတ်ကြ၏။ ထိုမိန်းမမျိုးနှင့် ညားမှာကို ကျွန်တော်က ကျားဖင်နှိုက်ရမှာထက် ကြောက်သေးသည်။

ကျွန်တော်ကတော့ ကျွန်တော့နှမများရော၊ တူ၊ တူမများကိုပါ စားသောက်ပြီးသည်နှင့် ချက်ချင်း အိုးခွက်ပန်းကန်များကို ဆေးကြောဘို့ အတင်းတွန်းလေသည်။ သန်းခေါင်လောက်ဗိုက်ဆာ၍ စားလျှင် သန်းခေါင်လောက်မှာ ဆေးတတ်ရမည်။ စားတော့ စားတတ်ပြီး မဆေးတတ်ဆိုတာ ကျွန်တော့်အဘိဓာန်မှာမရှိစေရ။

သြော် တစ်လက်စတည်းပြောလိုက်ပါရစေဦး။ ချက်စရာပြုတ်စရာများဝယ်သည့်အခါ အထူးသတိထားရသည်။ ရက်လွန်တတ်သည့် ပစ္စည်းများပါပါက ထိုပစ္စည်းများကို ဦးစွာချက်ပြုတ်ရသည်။ အထားခံသည့်ပစ္စည်းကို နောက်မှ ချက်ရသည်။ နောက်ပြီး စားစရာများကို ကုန်ခါနီးဆဲဆဲ ထပ်ဝယ်သည်ဆိုပါစို့။ ယခင်ဝယ်ထားသည့် ပစ္စည်းများကို ဦးစွာ ကုန်အောင်ချက်ပြီးမှ နောက်ဝယ်လာသည်များကို ချက်ရသည်။ ဤသည်ကို First In, First Out Rule ဟု ခေါ်၏။

၂၀၀၅ ခုနှစ်များလောက်ဆီက ကျွန်တော် ပါယာလေဘာတွင် နေရသည်။ ထိုအိမ်တွင် ပြည်ကြီးတရုတ်မများနှင့် အတူနေရ၏။ ရေခဲသေတ္တာလည်း မျှသုံးပေါ့။ တစ်ခုသော တနင်္ဂနွေတွင် ကျွန်တော် ရေခဲသေတ္တာကိုရှင်းတော့ အောက်ဘက် အသီးအရွက်များထည့်သည့် အံထဲတွင် အောက်ဆုံး၌ ပုပ်နေပြီဖြစ်သော အသီးအရွက်များကိုတွေ့ရာ ကျွန်တော်လည်း စိတ်တိုလှသည်နှင့် ကောင်းတာရော မကောင်းတာပါ အကုန်လွှင့်ပစ်လိုက်သည်။

ဆိုးသည်မှာ သူတို့ဟင်းများချက်ရာတွင် ဟင်းအိုးထဲ မီးများဝင်တောက်အောင် တရှဲရှဲနှင့် အသားကုန်ကြော်ခြင်းဖြစ်၏။ ဤကဲ့သို့ကြော်သည့်အခါ ကြမ်းပြင်ပေါ်သို့ ဆီမှုန်များကျသည်။ သူတို့က ကြော်ဘို့လောက်သာသိသည်။ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ဖို့ကျ ရူးချင်ယောင်ဆောင်ကြ၏။ ကိုယ်က အိမ်ရှင်မဟုတ်တော့ ပြောရခက်သည်။ ချွဲကျိကျိကြမ်းပြင်ကို ကျွန်တော် မုန်းလှသည်။ ထို့ကြောင့် တနင်္ဂနွေနေ့တိုင်းလိုလို ကြမ်းတိုက်ရလေ၏။ ဆိုးလိုက်ပါတဲ့ဘ၀။

(၇) ထမင်းစားနည်း အနုပညာ

၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ထိ Keppel သင်္ဘောကျင်းတွင် လုပ်ရစဉ်က ကျွန်တော် ထမင်းကို ကန်တင်းတွင် စား၏။ ဟင်းသုံးမျိုးနဲ့မှ ၂ ကျပ်ပဲဆိုတော့ စားရတာတန်လှ၏။ ကန်တင်းဆိုတော့ လူပေါင်းစုံလာစားသည်။ သူရို့က ဟင်းချက်တော့ ကြက်သွန်ဖြူကို အခွံမခွာပဲ အလုံးလိုက် ထည့်ချက်သည်။ တရုတ်အဘိုးကြီးများက ထိုကြက်သွန်ဖြူများကို အလုံးလိုက် ပါးစပ်ထဲ ထည့်ဝါး၏။ နောက်ပြီးမှ အခွံများကို စားပွဲပေါ် တဖွီးဖွီးနှင့် ထွေးထုတ်သည်။ အရိုးအရင်း၊ ကြက်သွန်ခွံများနှင့် ပေပွနေသော စားပွဲကို ရောက်စက ကျွန်တော် အတော်စိတ်ပျက်မိ၏။

ကျွန်တော်တို့က စားပြီးသား အရိုးအရင်းများကို ထမင်းပန်းကန် နှုတ်ခမ်းပေါ်တင်သည်။ သူတို့က စားပွဲပေါ်ချ၏။ စားပြီးသားနှင့် မစားရသေးတာကို ခွဲသည့်သဘော။ စားသောက်ပြီးကြတော့ စားပွဲဝိုင်းကို ရေစိုဝတ်ဖြင့် သန့်ရှင်းရေးလုပ်ရာ ပြန်ပြောင်သွားသည်။

ဆိုတော့ သူတို့နည်းအတိုင်း အရိုးများကို စားပွဲပေါ်ချတာ ပိုမှန်လေမလားဟု တွေးမိလာသည်။ ဒါ့ထက်ကောင်းတာကတော့ အရိုးအရင်းထည့်စရာ ပန်းကန်လုပ်ပေးထားလျှင် ပိုကောင်းမည်။ ပန်းကန်မရှိလျှင်တောင် တဖွီးဖွီးနှင့်ထွေးမထုတ်ပဲ ကိုယ့်အနားတွင် သပ်သပ်ယပ်ယပ် ပုံထားက ပိုကောင်းပေမည်။ အခြားသူများကို အနှောက်အယှက်မဖြစ်တော့။

နောက်ပြီး ကျွန်တော်အလုပ်လုပ်နေသည့်အခန်းမှ ဝေါင်းခေါ် အဖိုးကြီးက Fishball Noodle စသည်တို့ ၀ယ်စားသည်။ ခေါက်ဆွဲကို ရေနွေးဖျောပြီး ငါးဆုပ်များ ထည့်ထားတာ ဖြစ်၏ ။ သူတို့က ဟင်းရည်ကို ဖလူးဖလူးနှင့် အသံမြည်အောင် သောက်ကြသည်။ သူတင်မဟုတ်။ အခြားသူများလည်း ဖလူးကြသည်သာ ဖြစ်၏။ သူတို့ထုံးစံနဲ့သူတို့တော့ ဟုတ်လို့။ ကျွန်တော်တို့ကျတော့ ဟင်းရည်သောက်လျှင် တရှူးရှူး တရှဲရှဲ အသံမြည်အောင် မသောက်နဲ့ဟု ဆုံးမသည်။

တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ပေကိုး။

ကျွန်တော်ငယ်စဉ်က မြတ်စွာဘုရားညွှန်ပြသော ထမင်းစားနည်းဆိုတာ ဖတ်ဖူး၊ မှတ်ဖူးပါသည်။ စုစုပေါင်း (၁၃) ချက်ပါ၏။ အကုန်မမှတ်မိတော့ပါ။

အောက်ပါတို့မှာ ထမင်းစားသည့်အခါ လိုက်နာသင့်သည့် ယေဘူယျစည်းမျဉ်းများ ဖြစ်ပါသည်။ မိမိတို့သားသမီးများကို သင်ပြကြပါကုန်။

v  လူကြီးမိဘအရင် ထမင်းဟင်းများကို မနှိုက်ရ။ မိမိကဦးစွာစားလိုလျှင် လူကြီးမိဘများကို စားဦးစားဖျား ဦးချပြီးမှ စားပါ။ (ဤသည်မှာ ကျွန်ုပ်တို့ ယဉ်ကျေးမှုဖြစ်ပါသည်။)
v  ထမင်းကိုင်ထားသောလက် အနားမရောက်မီ ပါးစပ်ကို ကြိုဟမထားရ။
v  ထမင်းလုပ်ကို ပါးစပ်အတွင်းဝင်အောင် ထည့်စားပါ။ လျှာကိုအပြင်ထုတ်ပြီး ထမင်းလုပ်အားသိမ်းမယူရ။
v  လက်ခုံများတွင် ထမင်းလုံးများ ပေကျံနေအောင် မစားရ။
v  ထမင်းဟင်းများပေကျံနေသောလက်ကို လျှာဖြင့် မလျက်ရ။
v  ထမင်းဟင်းများ ပါးစပ်ပတ်လည်တွင် ပေကျံမနေအောင် ဂရုစိုက်ပါ။
v  ထမင်းစားရင်း စကားများစွာ မပြောရ။
v  ထမင်းကို တန်ရုံသာယူ၍ ခွံ့ရမည်။ မဆန့်မပြဲ ပလုပ်ပလောင်း မစားရ။
v  ထမင်းကို ဣနြေ္ဒရရ စားရမည်။ မည်မျှဆာလောင်နေသည်ဖြစ်စေ ကမူးရှုးထိုး မစားရ။
v  အစားအသောက်ကို တပျပ်ပျပ်မြည်အောင် မစားရ။
v  ဟင်းရည်သောက်သည့်အခါ တရှုးရှုး တရှဲရှဲမြည်အောင် မသောက်ရ။
v  လက်ဖြင့်ထမင်းစားလျှင် ထမင်းစားနေသည့်လက်ဖြင့် ဇွန်းများကို မကိုင်ရ။ ညာသန်ဖြစ်လျှင် ဘယ်လက်ဖြင့်ကိုင်ပါ။
v  ထမင်းလုံးများ ဘေးသို့စင်ကျကာ ပေပွနေအောင် မစားရ။
v  မိမိကုန်နိုင်သလောက်သာထည့်၍ ထည့်သမျှ အကုန်စားရမည်။
v  အရိုးအရင်းများကို ဘေးပတ်လည်တွင် ပေပွနေအောင် မပစ်ရ။ ဖြစ်နိုင်လျှင် အရိုးအရင်းထည့်သော ပန်းကန်ဖြင့်ထည့်ပါ။ မရနိုင်လျှင် မိမိပန်းကန်အနီးတွင် သေသေသပ်သပ် ပုံထားပါ။
v  ထမင်းဟင်းများကို ကုန်နိုင်သလောက်သာ ထည့်စားပါ။ ထည့်ထားသမျှ အကုန်စားပါ။ အရိုးအရင်း စသည့် စားမရသည့် အရာများမှလွဲ၍ ထမင်းဟင်းများကို ပန်းကန်ထဲတွင် လုံးဝမကျန်တော့သည့်ထိ အကုန်အစင်စားပါ။
v  ထမင်းဟင်းပြင်သည့်အခါ နှာခေါင်းမနှိုက်ရ။ ဟိုကိုင်သည်ကိုင် မကိုင်ရ။
v  ထမင်းစားနေသည့်အနီးတွင် ချွဲမဟပ်ရ။ တံတွေးမထွေးရ။ ဂွီးကနဲ နှပ်မညှစ်ရ။ ချွဲဟပ်လို၊ တံတွေးထွေးလို၊ နှပ်ညှစ်လိုလျှင် မမြင်ကွယ်ရာ သွားထွေး/ညှစ်ပါ။
v  ထမင်းစားထားသည့်ပါးစပ်ဖြင့် ရေမသောက်ရ။ ရေသောက်မိလျှင် ရေခွက်ကို ကျကျနန ဆေးကြောရမည်။
v  တစ်ယောက်ယောက် စားသောက်နေသည်ကို ပြူးပြဲနေအောင် မကြည့်ရ။ ဘယ်လိုဘယ်ချမ်းသာပဲ မကဲ့ရဲ့ရ။
v  စားသောက်ပြီးလျှင် ပါးစပ်နှင့်လက်များကို ဆေးကြောပါ။ ပလုပ်ကျင်းပါ။
v  ပါးစပ်မဆေးရသေးပဲ ရေမသောက်ပါနှင့်။
v  စားသောက်ပြီးလျှင်ပြီးချင်း အိုးခွက်ပန်းကန်၊ ဇွန်းများကို ဆေးကြောသန့်စင်ပါ။ ထမင်းစားစားပွဲကို ရေစိုဝတ်နှင့် သန့်စင်ပါ။
v  ခုံပေါ်တက် ဆောင့်ကြောင့်ထိုင်စားခြင်းသည် မည်သူ့ကိုမှ မထိခိုက်ပါ။ သို့တိုင် ဤအရာကို သိပ်ကောင်းလှသည့် အမူအကျင့်ဟု မဆိုနိုင်။ ဖြစ်နိုင်ပါက မလုပ်ပါနှင့်။

တွေးမိသမျှ/မှတ်မိသမျှ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ အားလုံးပြည့်စံသည်ဟု မဆိုလိုပါ။ ထို့ပြင် သည်အတိုင်း အတိအကျ လိုက်နာရမည်ဟုလည်း မဆိုလိုပါ။ သည်လိုစားလျှင်တော့ ပိုကောင်းလိမ့်မည်ဟု ယခင် ဖတ်မိ၊ မှတ်မိထားသည်များအား စုဆောင်း အကြံပြုထားခြင်းမျှသာ ဖြစ်ပါသည်။

ဤတွင် ထမင်းစားခြင်းအနုပညာ ပြီးပါပြီ။

ထမင်းကို အလေအလွင့်မရှိ၊ သပ်သပ်ယပ်ယပ် စားတတ်သူများ ဖြစ်ကြပါစေကုန်သတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၅ သြဂုတ်၊ ၂၀၁၆။ နေ့လည် ၁၂း၄၅ နာရီ

No comments: