Tuesday, September 20, 2016

ကျွန်ုပ် မအူမလည်နှင့် Safety Officer ဖြစ်လာရပုံအကြောင်း

(၁)

ရိုးသားစွာဝန်ခံရလျှင် ကျွန်ုပ် Safety Officer ဖြစ်လာရခြင်းမှာ safety ကို စိတ်ဝင်စားလှလို့လည်း မဟုတ်။ Safety အကြောင်း ကောင်းစွာနားလည် တတ်ကျွမ်းလို့လည်း မဟုတ်ပါ။
မအူမလည် ယောင်တီးယောင်နနှင့် မျက်စိလည်လမ်းမှား ရောက်လာတာသာ ဖြစ်လေသည်။

ကျွန်ုပ် Safety Officer ဖြစ်လာရခြင်းမှာ ကိုနွယ်ဝင်း၏ အတင်းရောအဓမ္မပါ တိုက်တွန်းမှုကြောင့် ဖြစ်ရကား ကျွန်ုပ်အနေနှင့် အနှီ မောင်မင်းကြီးသား မောင်နွယ်ဝင်းကို အထူးကျေးဇူးတင်ရမည် ဖြစ်ပေသည်။

အကျယ်ကို ဆိုပါအံ့။

(၂) Safety အစ

၂၀၀၇ ခုနှစ် ဇူလိုင်လလောက်မှ ၂၀၀၉ ဒီဇင်ဘာလလောက်ထိ စင်ကာပူနိုင်ငံ၊ ပူလောအူလာကျွန်းပေါ်တွင် တည်ဆောက်နေ သည့် ECC Project ၌ ကျွန်တော်လုပ်ခဲ့၏။ သည်ပရောဂျက်မတိုင်မီ Marinteknik ဆိုသည့် သင်္ဘောကျင်းတွင် လုပ်ခဲ့သည်။ ထိုသင်္ဘောကျင်းသူဌေးက အလူမီနီယမ်ကိုယ်ထည် လူစီးသင်္ဘောကလေးများဆောက်ကာ ရောင်းစာတာ ဖြစ်သည်။ ထိုသင်္ဘောကျင်းတွင် လုပ်ခဲ့သည်ဆိုငြား ဘာမှ မယ်မယ်ရရမလုပ်ရပဲ အချိန်ကုန်ခဲ့တာ ဖြစ်၏။ ထိုအကြောင်း ခရစ္စတိုဖာ ပေါက်ကျိုင်းတွင် အပြည့်အစုံရေးခဲ့ပြီ။ ယခု ပြောလိုရင်းမှ ဘေးချော်သွားမည်စိုး၍ ချန်ခဲ့ပါအံ့။

Marinteknik တွင် မယ်မယ်ရရ အလုပ်မရှိ၍ သမ်းဝေငိုက်မြည်းနေစဉ် တစ်နေ့သ၌ တယ်လီဖုံး တဂွမ်ဂွမ်မြည်လာ၏။ ယခင် ၄ နှစ်လုပ်ခဲ့သော ကုမ္ပဏီဖြစ်သည့် Union Alloy မှ မန်နေဂျာဖြစ်သူ Melvin က လှမ်းဖုံးဆက်ခြင်းဖြစ်သည်။ သူတို့ရထားသော ပရောဂျက်တွင် ကျွန်ုပ်ကိုအလိုရှိနေပါ၍ အလျှင်အမြန်လာခဲ့ပါမည့်အကြောင်း လှမ်းခေါ်တာ ဖြစ်၏။

ဟ၊ အဲသလို အလွယ်ကလေးမပြောနဲ့ မောင်ရဲ့။ ဒီမှာ သုံးနှစ်စာချုပ်နဲ့ ခြေချုပ်မိနေတယ် ဆိုလေသော် ဘယ်လောက် လျော်ရမလဲ ဟု မေး၏။ ၃ လစာ ဟု ဆိုလေသော် ဒါလေးများကွာ၊ အဲဒီပိုက်ဆံငါတို့ပေးမယ်။ မင်း အခုလာခဲ့ ဆိုလေ၏။ ၃ လစာ လျော်ပါမည်ဆိုသည့်တိုင် နောက်ထပ်တစ်လနေရဦးမည် ဆိုသဖြင့် ကျွန်ုပ်လည်း အကျိုးအကြောင်းပြောပြ။ ထိုတစ်လ အတွင်း ပရောဂျက်အတွက် လိုအပ်သည့် စာရွက်စာတမ်းများပြင်၊ သင်တန်းများတက် လုပ်၏။

အဘယ်ကြောင့် ကျွန်ုပ်ကို အပူတပြင်းလိုရသည်ဆိုသည့်အကြောင်း ရှင်းပြပါမည်။
စင်ကာပူတွင် Confined Space အတွင်း အလုပ်လုပ်ရန် Confined Space Assessor ဆိုတာ လို၏။ ကွန်ဖိုင်းစပေ့စ် ဆိုတာ လူနေရန်၊ အလုပ်လုပ်ရန် မသင့်တော်သော မြေအောက်ပိုက်လိုင်း၊ တိုင်ကီ၊ လိုဏ်ခေါင်း စသည့်နေရာများဖြစ်၏။ သူတို့ အလုပ်က စက်ရုံသို့ပေးမည့် အအေးခံရေပိုက်လိုင်းများ ဆင်ရသော အလုပ်ဖြစ်သည်။

ပိုက်ဆိုလို့ မဖြစ်ညစ်ကျယ် ၄ လက်မ၊ ၆ လက်မပိုက်ကလေးတွေ မအောက်မေ့ပါနှင့်ခင်ဗျား။ စက်ရုံကြီးတစ်ခုလုံးမှ စက်များကို အအေးခံမည့်ရေဖြစ်သည့်အတွက် ထိုပိုက်ကြီးများမှာ အထဲသို့ မြင်းစီးဝင်လို့ရအောင် ကြီးသည်။ နောက်ပြီး ပိုက်တွေက ဖိုက်ဘာဂလပ်စ်ပိုက်တွေ။ မြေအောက်မှာ (under ground) ဆင်တာဖြစ်၏။ ထိုပိုက်များကို ဆက်ဘို့ရာ ဓာတုဆေးရည်များ သုံးရသည်။ ပိုက်ကိုဆက်တော့ အတွင်းအပြင် ဆေးသုတ်ကာ ဆက်ရသည်။ ထိုဆေးများမှထွက်သော ဓာတ်ငွေ့မှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိ၏။

ခပ်တိုတိုပြောရလျှင် ထိုပိုက်များ၏အတွင်းပိုင်းကို ကွန်ဖိုင်းစပေ့စ်ဟု သတ်မှတ်သည်။ ထို့ကြောင့် ထိုပိုက်များအတွင်းဝင်ပြီး အလုပ်လုပ်ဖို့ရာ Confined Space Assessor လို၏။ Confined Space Assessor မရှိဘဲ အလုပ်လုပ်လို့မရ။ ပိုက်တွေက ဆင်ဘို့ရာ အဆင်သင့်ဖြစ်နေပြီ။ Confined Space Assessor မရှိတော့ ဘာမှလုပ်လို့မရဘဲ သည်အတိုင်း လက်ပိုက်ကြည့်နေ ရလေ၏။ ထို့ကြောင့် ကျွန်ုပ်ကို Confined Space Assessor လုပ်ခိုင်းရန် ခေါ်ခြင်းဖြစ်၏။

သို့နှင့် ကျွန်ုပ်လည်း Confined Space Assessor သင်တန်းတက်၏။ သင်တန်းက ခဏလေးနှင့်ပြီးတာမဟုတ်တော့ သူတို့ အတော့်ကို အောင့်အည်း သည်းခံစောင့်နေရသည်။ သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းကျောင်းမှ သင်တန်းပြီးဆုံးကြောင်း စာယူလာခိုင်းကာ စလုပ်ခိုင်းတော့သည်။ စာမေးပွဲ အောင်စာရင်းက နောက်နှစ်ပတ်ကြာမှ ထွက်မည်ဆိုတော့ အောင်စာရင်း ထွက်ပြီး လက်မှတ်ရသည်ထိ စောင့်မနေနိုင်တော့။ မန်နေဂျာက ကျွန်တော့်ကို ပရောဂျက်မှ ကြီးကြီးမာစတာများထံ ခေါ်သွားကာ သူ သင်တန်း တက်ပြီးပြီ။ သူ အားလုံးနားလည်နေပြီမို့ သေချာပေါက်အောင်မယ်လို့ ငါ အာမခံတယ်။ မယုံရင် မင်းတို့ကြိုက်သလိုမေးကြည့်ကွာ။
ဟိုက်ရော။

ထိုအချိန်မှစကာ safety ဆိုတာနှင့် ကျွန်ုပ် စတင် ရင်းနှီးခဲ့ရတာ ဖြစ်လေသည်။

(၃) Confined Space Assessor

ယခင်က ကျွန်တော် safety ကို စိတ်မ၀င်စားပါ။ မှန်ရာပြောရလျှင် ထို safety ဆိုသူများကိုလည်း ကြည့်မရခဲ့။ ကျွန်တော့် အလုပ်ကို အနှောင့်အယှက်ပေးသူများသာ ဖြစ်သည်ဟု မြင်ပါသည်။ ကျွန်တော် Confined Space Assessor အဖြစ် မလုပ်မီ စင်ကာပူတွင် ဆယ်နှစ်ခန့် လုပ်ခဲ့ပြီးပြီမို့ safety အကြောင်း နည်းနည်းလောက် ရိပ်မိတာကလွဲပြီး သေသေချာချာ မလေ့လာ မိခဲ့ပါ။ မတက်မနေရ ဟိုသင်တန်း သည်သင်တန်းတွေ တက်ခဲ့သော်လည်း တက်ကာမတ္တမျှသာဖြစ်၏။ စိတ်မ၀င်စားတော့ ဘာဗဟုသုတမှ မရခဲ့။

သို့သော် Confined Space Assessor ဖြစ်လာပြီဆိုတော့ ကိုယ့်အလုပ်မို့ မလေ့လာချင်ပဲ နေလို့မရ။ လေ့လာမိ၊ ဖတ်မိ၊ မှတ်မိရလေတော့၏။ ကျွန်ုပ်၏၀သီမှာ မလုပ်လျှင်သာ နေရမည်။ လုပ်မိလျှင်တော့ ထမင်းမေ့ဟင်းမေ့ အသည်းအသန် လုပ်တတ်သည့် သဘာဝရှိရကား Confined Space အကြောင်း အူမချေးခါးမကျန် အသားကုန် လေ့လာမှတ်သားလေသည်။ ထို့ပြင် safety နှင့် ဆက်နွယ်နေ၍လည်း safety စာရွက်စာတမ်းများကို စုဆောင်း ဖတ်ရှုလေ၏။ ထိုမှစကာ safety ဆိုတာ ဒီလိုရှိပါလားဟု သိရခြင်း ဖြစ်လေသည်။

ဖြစ်ချင်တော့ အခြားသူများ၏ တိုက်တွန်းမှုဖြင့် ကိုနွယ်ဝင်းသည်လည်း ထိုပရောဂျက်သို့ ယောင်တောင်ပေါင်တောင်နှင့် ရောက်ချလာပြန်လေ၏။ သူက ယခင်က သင်္ဘောကျင်းပေါက်စနလေးတွင် safety လုပ်သည်။ ဆိုတော့ သည်ပရောဂျက် တွင်လည်း safety အနေနှင့်ပင် ၀င်လာသည်။ ကံကကောင်းချင်တော့ သူက ပရောဂျက်သို့လာသမျှ အလုပ်သမားများကို သင်တန်းပေးရသည့် safety training department တွင် အလုပ်ရသည်။ ဆိုတော့ သူနှင့်ပတ်သက်၍ သင်တန်းနှင့် ပတ်သက်သော စာရွက်စာတမ်းများ လေ့လာခွင့်ရပြန်လေ၏။

ပရောဂျက်က Shell က ပရောဂျက်ဆိုတော့ safety အတွက် ပိုက်ဆံကို ဘုံးဘောလအော သုံးသည်။ ပရောဂျက်တွင် Safety personnel တွေ အများကြီးခန့်ထားသည်။ ထို safety တွေ ဘာလုပ်သနည်း။ ထားပါ။ သူတို့ ဘာလုပ်လုပ် ကျွန်ုပ်အလုပ် မဟုတ်ပါ။

သူများတိုက်တွန်းမှုဖြင့် ကိုနွယ်ဝင်း safety officer သင်တန်း တက်လေ၏။ သူတင်တက်တာအားမရပဲ ကျွန်တော့်ကိုပါ အတင်းတွန်း၏။

အစ်ကို၊ ဒီကကောင်တွေ ဘာမှမဟုတ်ပဲ လပ်လျားလပ်လျားနဲ့ လခအများကြီးရနေတာ။ အစ်ကို လုပ်ပါလားဗျာ။ အစ်ကို့အရည်အချင်းနဲ့သာဆို ဘာမှမရစရာ မရှိဘူး။ လုပ်ဗျ။

အေးအေးနေပါရစေကိုယ့်လူရာ။ ကိုရင်တို့ safety က ဘာပညာပါသလဲ။ ကိုယ်က အတွက်အချက်ကလေးတွေကိုပဲ စိတ်ဝင်စားတာကိုယ့်လူရ။ ကိုယ့်ဘာသာကိုယ် အင်ဂျင်နှစ်ရာရင်းပဲ လုပ်နေပါရစေကွာ။

အာ။ Safety officer ဆိုတာ အင်ဂျင်နီယာဘက်ဂရောင်းမရှိဘဲ မရဘူး အစ်ကိုရ။ ကျွန်တော်တောင် ဂျော်လော်ဂျီဆိုပြီး တက်ခွင့်မရလို့ အသည်းအသန် လုပ်ယူထားရတာ။

နောက်ဆုံးတော့ ကိုနွယ်ဝင်းတိုက်တွန်းမှုဖြင့် ကျွန်တော်လည်း Safety Officer (WSH level C) သင်တန်းကို ၂၀၀၈ ခုနှစ်တွင် တက်ဖြစ်လေ၏။ သင်တန်းပြီးတော့ လက်မှတ်လည်း ရလေ၏။ သို့သော် ဘယ်လို Safety officer အနေနဲ့ ဘာတွေလုပ်ရမယ် ဆိုတာ သေသေချာချာ မသိသေး။ အနို့ safety ကို တစ်ခါမှ မလုပ်ဖူးခဲ့ပဲကိုး။

Safety Officer အလုပ်လုပ်ဖို့ရာ MOM တွင် လိုင်စင်လျှောက်ရသည်။ လိုင်စင်လျှောက်တော့ လုပ်သက် ၂ နှစ် ပြရသည်။ နောက်ပြီး လုပ်သက်က Assistant Safety Officer သို့မဟုတ် Safety Coordinator ဖြစ်ရမည်။ အဲဒါမှ ဂွ။

ကိုနွယ်ဝင်းဆီ ပြေးရပြန်၏။
ဟေ့လူ၊ လုပ်စမ်းပါဦး။ ကိုရင်အသိသားပဲ။ လိုင်စင်လျှောက်ဖို့ ကျုပ်မှာ ဘယ့်နှာလုပ် safety အတွေ့အကြုံရှိပါမတုံး။

အစ်ကိုရာ၊ အဲဒါ ခွကျတာပဲ။ အဲသလို နေရာတကာ ရိုးနေလို့ ဘယ်ရမတုံးဗျ။ အစ်ကို Confined Space Safety Assessor လုပ်ခဲ့တာမဟုတ်လား။ အဲဒါ safety ပေါ့လဗျ။

အာ၊ သူတို့က Assistant Safety Officer ဒါမှမဟုတ် Safety Coordinator ဖြစ်ရမည် လို့ ဆိုသလေကွယ်။

ပြောရတာ တယ်လက်ဝင်သကိုးဗျာ။ လျှောက်လွှာထဲမှာ Confined Space Assessor လို့မပြဘဲ Assistant Safety Officer ဘာညာသာရကာ လျှောက်ရေးပေါ့ဗျာ။ ဘယ်သူသိတာမှတ်လို့။ . . .

ကျွန်တော်ဘယ်လောက်တုံးသလဲဆို ကိုနွယ်ဝင်းသင်ပေးမှ ဘယ်လို ညာတာပါတေးလုပ်ရသလဲ အနည်းအကျဉ်းရိပ်မိ၏။ သို့နှင့် ကျွန်ုပ်လည်း ကိုနွယ်ဝင်းပေးသော သူလျှောက်တုံးက လျှောက်လွှာပုံစံကို ကိုယ့်လုပ်ငန်းအတွေ့အကြံနှင့် ပေါင်းကာ ဟိုဟိုသည်သည် ကြည့်ကောင်းအောင်ပြင်ပြီး တင်လိုက်၏။ ရမှရပါမလားဟု ရင်တထိတ်ထိတ်ဖြစ်နေသော်လည်း လိုင်စင် ကျလာလေသည်။

(၄) နည်းနည်းလေးတော့ လွဲနေသော ကျွန်ုပ်

လိုင်စင်ကျလာတော့ လုပ်ငန်းအတွေ့အကြုံမရှိ၍ အလုပ်ကလေးများ မရဲတရဲ လျှောက်ကြည့်၏။ အလုပ်တွေက လုပ်ငန်း အတွေ့အကြုံ ၂ နှစ် ၄ နှစ် စသဖြင့် ခေါ်တာဆိုတော့ တော်တော်နှင့်အလုပ်မရ။ အလုပ်မရတော့ စိတ်ဓာတ်ကျပြီး safety officer အလုပ်ရှာခြင်းကိစ္စကို မေ့ထားလိုက်လေသည်။ သည်လိုနှင့်ပင် Union Alloy မှာ နောက်ထပ် ၂ နှစ် ထပ်ကြာသွား ပြန်၏။ safety officer လိုင်စင်က ၂ နှစ်ဆိုတော့ လိုင်စင်လည်း သက်တမ်းကုန်သွားလေသည်။

၂၀၁၁ ခုနှစ်၏ တစ်ခုသောနေ့တွင် ကိုနွယ်ဝင်း ဖုံးဆက်လာပြန်၏။

အစ်ကို၊ safety officer မလုပ်သေးဘူးလားဗျ။

မေ့သာထားလိုက်ပါတော့ကိုယ့်လူရယ်။ ကိုယ်လည်း အလုပ်တွေလျှောက်တာ မရတာနဲ့ ထပ်မကြိုးစားတော့ဘူး။ အခု လိုင်စင်ကလည်း သက်တမ်းကုန်သွားပြီ။ စိတ်မပါတာနဲ့ သက်တမ်းဆက်မတိုးတော့ဘူး။

အာ၊ အစ်ကိုကလည်း။ အခု အစ်ကို့လခ ဘယ်လောက်ရသလဲ။ ပြောဗျာ။

ဟောသလောက်ပေါ့ကွယ်။

အယ်မယ်လေးဗျာ။ အစ်ကို safety officer လုပ်ရင် အဲဒီလခရဲ့ နှစ်ဆတော့ အသာလေးရတယ်။ အခု ကျွန်တော်တောင် ဘယ်လောက်ရတာ။

safety officer လိုင်စင်က သက်တမ်းကျော်သွားတာ ၂ လရှိပြီဆိုတော့ တိုးလို့ရပါဦးမလားကွဲ့။

ဘာလို့ မရရ မတုံးဗျာ။ သူများတွေလည်း ဒီလို တိုးနေကြတာ။ ရတယ်။ အခု အမြန်လုပ်ချေ။

ထိုညတွင် ကျွန်ုပ် အိပ်မပျော်။
အင်း တစ်လကို ဘယ်လောက် ဆုံးရှုံး။ ၂ နှစ် ဆိုတော့။ အောင်မယ်လေးဗျော့။ ငါ အသုံးမကျလို့ ငွေ တစ်သိန်းကျော် ကြီးများတောင် နစ်နာနေပါပေါ့လား။ ငွေတစ်သိန်းဆိုတော့ ဗမာငွေနဲ့ဆို။ အောင်မယ်လေးလေး၊ နည်းနည်းနောနော ပိုက်ဆံ မဟုတ်။

ထိုခဏ၌ ကျွန်ုပ်ဖြစ်နေပုံကား ဇောချွေးတို့သည် ပြန်၏။ အင်း၊ ၂ လတောင် ကျော်နေပြီဆိုတော့ လိုင်စင်သက်တမ်းတို့လို့ ရ ရပါတော့ မလားဟု စိတ်တို့သည် ကယောင်ချောက်ခြားဖြစ်၏။ ဘယ့်ကလောက် အသုံးမကျတဲ့ငါလဲ ဟု ကိုယ့်ကိုယ်ကိုယ် အဖန်ဖန် ကြိမ်ဆဲ၏။ ဟိုလူး သည်လှိမ့်နှင့် အိပ်မရတော့ အိမ်ပြင်ထွက်ပြီး တောင်တွေးမြောက်တွေး တွေး၏။ မတ်တပ်ရပ် တွေးရတာ ခြေညောင်းလာတော့ အိပ်ယာပေါ် ပြန်ထိုင်ပြန်၏။
သည်လိုနှင့်ပင် မိုးစင်စင်လင်းရလေသည်။

မိုးလင်းသော် လိုင်စင်သက်တမ်းတိုးဘို့ရာ လိုသည့် အမှတ်ဖြည့်ဘို့ သင်တန်းတက်ရေး register လုပ်။ စာရွက်စာတမ်းတွေပြင် စသဖြင့် လုပ်သည်။ ညကမအိပ်ရ၍ ခေါင်းများမှာ မူးနောက်နေလေသည်။ ထို့ပြင် နစ်နာသွားသော ငွေကြေးပမာဏကြောင့် လည်းကောင်း၊ လိုင်စင်ရ ရပါတော့မလား ဟု စိုးရိမ်စိတ်ကြောင့်လည်းကောင်း ကျွန်ုပ်မှာ - င်ထဲ ခဲဝင်နေသော မျောက်ပမာ ထိုင်လည်းမထိုင်နိုင်၊ ထလည်းမနေနိုင်၊ အီးပဲပါချင်သလိုလို၊ သေးပဲပေါက်ချင်သလိုလို ဖြစ်နေလေတော့၏။

Safety Officer လိုင်စင်သက်တမ်းတိုးရန် အမှတ် (၄၀) ပြည့်ပြီးနောက် စာရွက်စာတမ်းများစုံသော် လိုင်စင်သက်တမ်းတိုး တင်လိုက်သည်။ ကျလာပြန်လေ၏။ ထိုအခါကျမှ သက်ပြင်းကြီးတစ်ခုကို ချနိုင်လေသည်။

လိုင်စင်ရပြန်တော့ အလုပ်များ လျှောက်ပြန်သည်။ လုပ်သက်မရှိတော့ တော်တော်နှင့် အလုပ်မရ။ နောက် ကျွန်တော့် စီဗီများ၊ လက်မှတ်များကို မိတ်ဆွေများထံပို့ကာ အလုပ် သတင်းပလင်းကလေးများရှိက မ,စတော်မူကြပါ ဟု အပူကပ်ရသည်။ ထို မိတ်ဆွေများထဲမှ ဟိုးယခင် ၁၉၉၉ လောက်ကတည်းက သိကျွမ်းလာခဲ့သော မိတ်ဆွေဟောင်းကြီး အောင် (Aoh) က သူ့ကုမ္ပဏီသို့ ကျွန်တော့်စာရွက်စာတမ်းများ ပို့ပေးရာ အင်တာဗျူးခေါ်လေသည်။

ကျွန်တော်လည်း ၀မ်းသာအားရနှင့် အင်တာဗျူးရန် သွား၏။ မန်နေဂျာ (မစ္စတာတန်) က မေးသည်။

Construction site ထဲမှာ audit ကို ဘယ်လောက်ကြာရင် တစ်ခါ လုပ်ရသလဲ။
ဟိုက်ရော၊ ကျွန်တော်မသိ။ I don’t know.

BizSafe ဆိုတာ သိသလား။
ဟုတ်၊ သိ သိ ပါ ပါ ပါ တယ်။

ဒါဆို BizSafe level 3 အတွက် ဘာတွေလိုသလဲ။
ငမ်၊ ဒါလဲ ကျွန်တော်မသိ။ I don’t know.

စိတ်ဓာတ်ကျစ ပြုလာပြီ။

Construction site ထဲမှာ အဓိကလိုက်နာရမဲ့ Regulation က ဘာလဲ။
သောက်တလွဲ။ မသိပြန်။

ငါက တစ်ခါမှ safety officer မလုပ်ဖူးဘူးကွဲ့။ သင်တန်းဆင်းထားတာကလဲ ၂၀၀၈ ကဆိုတော့ အကုန်မေ့ကုန်ပြီ။ အင်ဂျင်နီယာအလုပ်ချည်း တောက်လျှောက်လုပ်လာတာ ဒါတွေ ဘာမှ လေ့လာမထားမိဘူး ဟု မျက်နှာငယ်ကလေးနှင့် ပြောရသည်။

သူက ဘာမှပြန်မပြော။ ငါတို့ရွေးတယ်ဆိုရင် အကြောင်းကြားလိုက်မယ် ပြောကာ ပြန်လွှတ်လိုက်သည်။
ကျွန်တော်လည်း စိတ်ဓာတ်ကျစွာနှင့် ပြန်ခဲ့၏။
အင်း၊ ဒီပုံနဲ့ ရနေပါဦးမယ်။ အလုပ်ကြီး ဟု ဘာမှလေ့လာမသွားသော ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိ၏။

ဘတ်စ်ကားဖြင့်ပြန်လာရင်း ကိုနွယ်ဝင်းဆီဖုံးဆက်သည်။
ဟေ့လူ။ BizSafe level 3 က ဘာတွေလိုသလဲလို့မေးသကွဲ့၊ ကိုယ်လည်း မဖြေနိုင်ခဲ့ဘူး။
အာ၊ အစ်ကိုကလည်း BizSafe level 3 ဆိုတာ RM implementation ပေါ့ဗျ။
ဟေ၊ အနို့ ကျွန်ုပ်မှ မသိဘဲကိုး လကွယ်။

နောက်ပြီး audit က ဘယ်လောက်ကြာ တစ်ခါလုပ်ရသလဲ လို့မေးတော့ ကိုယ်လည်း တစ်နှစ်တစ်ခါလို့ ရမ်းတုတ်လိုက်တယ်။ မှားသပေါ့ကွယ်။ သူက ၆ လ တစ်ခါလို့ပြောသကွဲ့။

မပူပါနဲ့အစ်ကိုရာ၊ ဒီတစ်ခါမရ နောက်တစ်ခါ ပေါ့ ဟု ကိုနွယ်ဝင်းက အားပေးသည်။
ကျွန်ုပ်မှာမူ ဒန်အိုးထဲထည့်ပြုတ်ထားသည့် ဟင်းရွက်ပြုတ်ဖတ်ပမာ ပျော့ခွေ နွမ်းဖတ်လျှက် ရှိသတည်း။

(၅) Workplace Safety and Health Officer ဖြစ်လာရပုံ

သို့သော်လည်း SAS (Safety Advisory Services) နှင့် ကံက စပ်ချင်တော့ ကျွန်တော့်ကို second interview ခေါ်သည်။ ဟမ်၊ ကျွန်ုပ် ကိုယ့်နားကိုပင် ကိုယ်မယုံချင်။ အနို့ သူမေးတာ ဘာတစ်ခုမှ မဖြေနိုင်ဘဲ။ ဘယ်လိုနည်းနဲ့မှ သည်အလုပ်မရနိုင်ဟု တစ်ထစ်ချ တွက်ထားသောကြောင့် ဖြစ်၏။

မယုံရဲ ယုံရဲနှင့် second interview သွားသည်။ အခန်းထဲ၌ သုံးယောက် ထိုင်နေ၏။ သူဌေးဖြစ်သူက ရှင်းပြသည်။
သူက အသက်ကြီးလှပြီ။ ရင်ကျပ်ကလည်း တရှဲရှဲ။ စကားပြောတာက မသဲကွဲ။ ဆိုတော့ သူပြောတာ နားလည်တစ်ချက်၊ မလည်တစ်ချက်။ ရမ်းချည်း ခေါင်းငြိမ့်ရလေ၏။

မင်းမှာက ဘာမှ အတွေ့အကြုံမရှိဘူး။ ဒီတော့ မင်းတောင်းတဲ့လခတော့ မပေးနိုင်သေးဘူး။ အစမ်းခန့် ၃ လအတွင်း မင်းလုပ်ရည်ကိုင်ရည်ကို ကြည့်မယ်။ နောက်ပြီးမှ လခတိုးပေးမယ်။ သဘောတူရဲ့လား - ဟု မေးသည်။

ဘာချေးများနိုင်မတုံး။ ဒီလောက်ရတာပဲတော်ပါအုံး ဟု သဘောပိုက်လျှက် သဘောတူလိုက်ရာ အလုပ်ခန့်စာ ထုတ်ပေး။
လက်မှတ်ထိုးပြီးနောက် ပီပီအီးတွေယူပြီး ဘယ်နေ့ ဘယ်ဆိုဒ်ကိုလာခဲ့ပါ ဟု မှာလိုက်လေသတည်း။

ကျွန်ုပ်လည်း ၀မ်းသာလုံးဆို့လျှက် ပြန်လာရာ အိမ်သို့ ဘယ်နည်းဘယ်ပုံ ရောက်လာမှန်းတောင် မမှတ်မိတော့။
ကျွန်တော် safety officer အဖြစ် အလုပ်စ၀င်တာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် ဖြစ်၏။

ကျွန်တော်ငယ်စဉ်က တခြားသူကို အလွန်အထင်သေးလွယ်သည်။ ဤသည်မှာ ငါသိလှ၊ တတ်လှပြီဟု ဘ၀င်မြင့်နေ သောကြောင့်ဖြစ်၏။ အကယ်၍သာ ကျွန်တော် အင်တာဗျူးသူ မစ္စတာတန် နေရာမှာ နေရလျှင် အလကားကောင်၊ Safety officer ဆိုပြီး ဘာမှလည်းမသိဘူး ဆိုကာ အလုပ်ခန့်မည် မဟုတ်ပါချေ။ မစ္စတာတန်ကမူ ကိစ္စမရှိပါဘူးကွာ။ မင်း လုပ်ရင်းနဲ့ တတ်သွားမှာပါ ဟု သဘောပိုက်ထားသောကြောင့်သာ ကျွန်ုပ်ကို အလုပ်ခန့်လိုက်ခြင်း ဖြစ်တန်ရာသည်။

ကျွန်တော် ယခင်က construction site ထဲ တစ်ခါမှ မလုပ်ဖူးခဲ့သောကြောင့် အားလုံး အသစ်အဆန်းချည်းဖြစ်နေရာ အစက စ သင်ယူရသည်။ သို့သော် မိတ်ဆွေတို့သိတော်မူကြသည့်အတိုင်း ကျွန်တော်က တစ်ခုခုလုပ်မိလျှင် နောက်မှ ကျားလိုက်လာသလို လုပ်လေ့ရှိရာ ၃ လလောက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အကြောင်း၊ သူတို့သုံးသည့် စက်ပစ္စည်း ကိရိယာများ အကြောင်း စသည်တို့ကို အတော်အတန် တီးမိခေါက်မိလေတော့၏။ Safety မူကား နယ်ပယ် ကျယ်ပြန့်လှသည်ဖြစ်ရာ ဖြည်းဖြည်းချင်း အချက်အလက်များကို စုဆောင်း လေ့လာရလေသည်။

ထို့နောက် အရေးကြီးသော ဥပဒေ၊ နည်းဥပဒေ၊ Code of Practice, Singapore Standard များကို လေ့လာရသည်။
အခုတော့ Safety officer အနေနှင့် ဟောက်စားလာတာ ၅ နှစ်လောက်ရှိပြီဆိုတော့ အတော်များများ လေ့လာမိပြီဟု ဆိုနိုင် ပါပြီ။

ထို့ပြင် ကိုနွယ်ဝင်း၏ စည်းရုံးမှုကြောင့်ပင် safety သင်တန်းကျောင်း ထောင်ဖြစ်ပြန်လေရာ ထိုသင်တန်းမှ သင်တန်းမှတ်စု စသည် လိုသည့်စာရွက်စာတမ်းများအားလုံး ကျွန်တော်ချည်း ပြင်ရလေ၏။ ထိုစာရွက်စာတမ်းများပြင်ရန် စာများ ဖတ်ရသည် ဖြစ်ရာ ထိုမှ Safety ဗဟုသုတများ ပိုမိုတိုးပွားရပြန်လေ၏။ ထို့ပြင် safety training ကိုလည်း ဆက်တိုက် ပေးနေရသည် ဖြစ်ရာ ထို Safety နှင့်ပတ်သက်သော အကြောင်းအရာများမှာ ကျွန်ုပ်ခေါင်းထဲ၌ သံမှိုနှက်ထားသကဲ့သို့ စွဲမြဲနေလေတော့ သတည်း။

ဤကား မအူမလည်နှင့် Safety officer ဖြစ်လာရာမှ Safety professional မည်သို့မည်ပုံဖြစ်လာရသည်ဆိုသော ကျွန်ုပ်၏ သမိုင်းကြောင်းပင် ဖြစ်တော့သည် တမုံ့။

ထို့ကြောင့် Safety အကြောင်း ဘာတစ်လုံးမှမသိ၊ စိတ်လည်းမ၀င်စားခဲ့သော သူတစ်ယောက်တောင်မှ Safety professional ဖြစ်လာနိုင်သေးသည်ဆိုလျှင် (ကြိုးစားမည်ဆိုပါက) အသင် လုံကလေး၊ လုံမကလေးတို့လည်း မဖြစ်နိုင်စရာ ဘာမှ မရှိပါဟု ကျွန်ုပ်က အာမခံ လိုက်ရပါကြောင်း။

သည်းခံ ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါသည်။

အေးငြိမ်း

၇ စက်တင်ဘာ ၂၀၁၆

No comments: