Thursday, October 20, 2016

အိပ်ခြင်းအနုပညာ

(၁) အိပ်စက်အနားယူခြင်း

Early to bed, Early to rise
Make a man healthy, wealthy and wise.

စောစောအိပ်ထ၊ ပြုကျင့်က
တွင်းပကိုယ်ခန္ဓာ
ရောဂါခပ်သိမ်း၊ ရှောင်ခွာတိမ်း
ကင်းငြိမ်းလွန်ကျန်းမာ။

ကျွန်ုပ်တို့သည် နေ့စဉ်အိပ်ကြ၏။ တစ်နေ့တာ၏ သုံးပုံတစ်ပုံနီးပါးကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးစေရသည်။ အိပ်စက်ခြင်းသည် သတ္တ၀ါတို့အဖို့ မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်၏။ အိပ်စက်ခြင်းအားဖြင့် ကုန်ဆုံးသွားသော အားအင်များ ပြန်လည် ပြည့်ဖြိုး လာသည်။ တော်ရုံတန်ရုံရောဂါများ လျှောကျ ပျောက်ကင်းကုန်သည်။ စနစ်တကျ အိပ်စက်အနားယူတတ်လျှင် ကျန်းမာရေး အတွက် များစွာ အထောက်အကူဖြစ်စေ၏။ ထို့ကြောင့် အိပ်စက်အနားယူခြင်းသည် မရှိဖြစ်လိုအပ်သည်။ အထူးအားဖြင့် လူတို့အဖို့ နေကောင်းကျန်းမာ၍ ပျော်ရွှင်သော ဘ၀တစ်ခုကို ပိုင်ဆိုင်ရန် စနစ်တကျ အိပ်စက်အနားယူရန် အရေးတကြီး လိုအပ်လေသည်။

(၂) အဘယ်ကြောင့် အိပ်ခြင်း လိုအပ်ပုံ

ကျွန်တော့်အတွက် တစ်နေ့တာအချိန်ကို သုံးစွဲရန် အကန့်အသတ်များစွာ ရှိလေသည်။ ထိုအထဲမှ အိပ်စက်အနားယူခြင်းသည် လည်း တစ်ခုအပါအ၀င် ဖြစ်၏။ ကျွန်တော်တို့အလုပ်က (တနင်္လာမှ သောကြာထိ မနက် ၈ နာရီမှ ညနေ ၅ နာရီထိ၊ စနေနေ့ တွင် မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ) တစ်ပတ်လျှင် ၅ ရက်ခွဲ လုပ်ရသည်။ မနက် ၈ နာရီမှ အလုပ်စသည်ဆိုသော်ငြား လည်း Toolbox Meeting အတွက် ၇ နာရီခွဲ အရောက်သွားရလေသည်။ ထို့ကြောင့် မနက် ၆ နာရီ ၁၅ မိနစ်တွင် အိပ်ယာ ထရသည်။ အိမ်ပြန်ရောက်တော့ ညနေ ၆ နာရီကျော်။

နောက်ပြီး တနင်္ဂနွေနေ့တိုင်းလိုလို BCSS သင်တန်းရှိ၏။ တခါတရံ စနေနေ့များတွင်လည်း CSOC သင်တန်း ရှိတတ်သေး သည်။ ထို့ကြောင့် နားရက်ဆိုတာ ရှာမှရှားထဲက ဖြစ်လေရာ စာရေးစာဖတ်ချိန်များကို ညဘက်များမှသာ လုပ်ရ၏။ ဒါတောင် တခါတလေ ညဘက် CSOC သင်တန်းရှိလျှင် ည ဆယ်နာရီလောက်မှ ပြန်ရောက်သည်။ သားအတွက် စာပြရသည့်ညများဆို ကိုယ်ပိုင်ချိန်ဆိုတာ တစ်နာရီလောက်သာ ကျန်တော့သည်။

သည်တော့ အိပ်ရန်အရေးကြီးမှန်းသိသည့်တိုင် စာရေးစာဖတ်ကလည်း လုပ်ချင်သေးတော့ ကျွန်တော့်အိပ်ချိန်မှာ နည်းလှ သည်။ တခါတလေ ည (၁) နာရီလောက်မှအိပ်ပြီး များသောအားဖြင့်တော့ သန်းခေါင်၊ ၁၂ နာရီခွဲလောက်မှ အိပ်တာ များပါသည်။ သည့်အတွက် တစ်ညလျှင် အိပ်ချိန် ၅ နာရီခွဲ၊ ၆ နာရီထက်မပို။

ဆေးပညာအရ လူတစ်ယောက်သည် အောက်ပါနာရီများအတိုင်း အိပ်ရန်လိုအပ်သည်ဟု ဆို၏။

မွေးပြီး ၃ လသားအရွယ်ထိ              - ၁၈ နာရီမှ ၁၉ နာရီ
၎ လ မှ ၁၁ လသားအရွယ်ထိ           - ၁၂ နာရီမှ ၁၅ နာရီ
၁ နှစ်မှ ၂ နှစ်သားအရွယ်ထိ             - ၁၁ နာရီမှ ၁၄ နာရီ
၃ နှစ်မှ ၅ နှစ် အရွယ်ထိ                  - ၁၀ နာရီမှ ၁၃ နာရီ
၆ နှစ်မှ ၁၃ နှစ် အရွယ်ထိ                - ၉ နာရီမှ ၁၁ နာရီ
၁၄ နှစ်မှ ၁၇ နှစ် အရွယ်ထိ - ၈ နာရီမှ ၁၀ နာရီ
၁၈ နှစ်မှ ၂၅ နှစ် အရွယ်ထိ - ၇ နာရီမှ ၉ နာရီ
၂၆ နှစ်မှ ၆၄ နှစ် အရွယ်ထိ - ၇ နာရီမှ ၉ နာရီ
၆၅ နှစ်နှင့် အထက်                        - ၇ နာရီမှ ၈ နာရီ

ဤသည်ကိုကြည့်ခြင်းအားဖြင့် သာမန်လူတစ်ယောက်အနေနှင့် တစ်နေ့လျှင် အနည်းဆုံး ၇ နာရီခန့်အိပ်ရန် လိုလေသည်။

သာမန်အားဖြင့်ကြည့်လျှင် အိပ်သည့်အခါ လူသည် ကိုယ်ကိုရော စိတ်ကိုပါ အားလုံးပိတ်လိုက်ပြီး ဘာမှ မလုပ်တော့ပဲ သက်တောင့်သက်သာ အနားယူ အပန်းဖြေသည်ဟု ထင်စရာရှိလေသည်။ သို့သော် ဤသည်မှာ တစ်ဝက်သာမှန်သည်။

အိပ်နေသည့်အခါ လူ၏ ခန္ဓာကိုယ် အတ္တဘောကြီးသည် ဘာမှမလှုပ်ရှားတော့ပဲ ကြွက်သားအားလုံး ဖြေလျှော့ခါ အနားယူ၏။ သို့သော် ခန္ဓာကိုယ်တွင်း စနစ်မှာမူ အနားမနေ။ နိုးနေစဉ်က ဘာမှမလုပ်ခဲ့ရသော အလုပ်များကို အိပ်နေစဉ် လုပ်လေသည်။ ထိုအလုပ်များသည် လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးလေ၏။ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခြင်း၊ အင်အားဖြည့် ခြင်း စသည်တို့ဖြစ်၏။ သို့တိုင် အိပ်ခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဘယ်ကြောင့် အရေးကြီးသည်၊ အိပ်ပျော် နေစဉ် ခန္ဓာကိုယ်က ဘာတွေလုပ်ဆောင်သည် စသည်များကိုမူ သိပ္ပံပညာရှင်များသည် တိတိကျကျ ရှင်းမပြနိုင်သေးချေ။

နိုးနေစဉ်က မှတ်သားထားသည့် အချက်အလက်များသည် ယာယီမှတ်ဉာဏ်ထဲ၌သာ သိုမှီးထားခြင်း ဖြစ်၏။ အိပ်ပျော်နေစဉ် ထို ယာယီမှတ်ဉာဏ်များကို ပိုမိုကြာရှည်မှတ်သားနိုင်သည့် ရေရှည်မှတ်ဉာဏ်အတွင်း ပြောင်းထည့်ပေးသည်။ အိပ်နေစဉ် ကြွက်သားများကို ကြီးထွားစေ၊ နုပျိုစေသည်။ ဟော်မုန်းဓာတ်များကို သမမျှတစေသည်။ ပျက်စီးနေသည့် တစ်သျှုးများကို ပြုပြင်ပေးသည်။

အိပ်စက်ခြင်းကို အကြွေးထားလို့မရ။ ညပေါင်းများစွာ မအိပ်ပဲစုနေပြီး ၃ ရက်လောက် ဆက်တိုက်အိပ်လိုက်မကွ ဟု လုပ်ချင်လို့မရ။ ပမာအားဖြင့် ထမင်း ၅ ရက်လောက် မစားဘဲနေပြီး တစ်နပ်ထဲ စုစားလို့ မရသကဲ့သို့တည်း။

အကောင်းဆုံး အိပ်နည်းမှာကား အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အချိန်မှန်အိပ်ပြီး အချိန်မှန်ထရန် ဖြစ်လေသည်။ ဥပမာ ည ၁၁ နာရီ အိပ်ပြီး မနက် ၆ နာရီ ထသည်ဆိုပါစို့။ နေ့တိုင်း ည ၁၁ နာရီတွင် ပုံမှန်အိပ်ပြီး မနက် ၆ နာရီတွင် ပုံမှန် ထခြင်းသည် ခန္ဓာကိုယ်၏ သွေးသားများကို နရီစည်းချက်ကျစွာ ပုံမှန်လည်ပတ်စေသဖြင့် ကျန်းမာရေးအတွက် ပိုပြီး အထောက်အကူပြုလေသည်။  

(၃) နေ့ခင်း တရေးအိပ်ခြင်း

သိပံ္ပပညာရှင်ဆိုသူများသည်လည်း စိတ်ချလက်ချ ယုံရသူများမဟုတ်။ မကြာသေးမီက ရှာဖွေတွေ့ရှိချက်သည် များမကြာမီ မှားသွားတတ်သည်။ တော်ကြာ မြွေကိုက်ဒဏ်ရာကို ဓားနဲ့ခွဲရမယ် ဆိုလိုဆို။ တော်ကြာ ဓားနဲ့ခွဲတာ အခြေအနေကို ပိုဆိုးစေ တဲ့အတွက် မခွဲရဘူး ပြောလိုပြော။ တော်ကြာ ဗိုက်တာမင်စီကို တစ်နေ့ ၅ ဂရမ်သောက်ပေးရင် တစ်သက်ပတ်လုံး အအေးမမိ နိုင်တော့ဘူးလို့ ပြော။ နောက် လေးငါးခြောက်နှစ်လောက်ကြာတော့ ဗိုက်တာမင်စီကို စွဲသောက်ရင် ကျောက်ကပ်ကို ဒုက္ခပေးလိမ့်မယ် ဆိုလိုဆို။ တတ်လဲတတ်နိုင်ပါပေ့မောင်မင်းကြီးသားတို့။

ခုလည်း အရင်တုံးက နေ့ခင်းတရေးအိပ်ခြင်းသည် ကျန်းမာရေးအတွက် အလွန်ကောင်းလှချည့်ဆိုရာကနေ ဟော ခုတလော ကျပြန်တော့ မကောင်းပြန်ဘူး ဖြစ်ပြန်ရောခင်ဗျာ။ သို့သော် နေ့လည်နေ့ခင်း တရေးအိပ်ခြင်းသည် လူကို ပိုမိုလန်းဆန်းစေ သည်။ အလုပ်ပိုတွင်ကျယ်သည်။ အင်အားပြန်လည် ပြည့်တင်းသည်ဟု အများစုက ယူဆပါသည်။ ထိုအထဲတွင် နာမည်ကျော် ပုဂ္ဂိုလ်ကြီးများဖြစ်သည့် ၀င်စတန်ချာချီ၊ ဂျွန်အက်ဖ်ကနေဒီ၊ ရော်နယ်ရေဂင်၊ နပိုလီယံ၊ အဲလဘတ်အိုင်းစတိုင်း၊ သောမတ်စ် အယ်ဒီဆင်၊ ဂျော့ဂ်ျဒဗလျူဘုရှ် တို့လည်း အပါအ၀င်ဖြစ်၏။ အမေရိကန်မှ ကုမ္ပဏီကြီးများဆိုလျှင် ကုန်ထုတ်တိုးစေရေး အတွက် နေ့ခင်းတွင် တရေးတမောအိပ်ရအောင် လုပ်ပေးထားသည်ဟု ဖတ်ရပါသည်။

နေ့လည် တရေးအိပ်ခြင်းကို သုံးမျိုးခွဲနိုင်သည်ဆို၏။

၁။ အစီအစဉ်ဆွဲပြီး အိပ်ခြင်း

ထိုအိပ်ခြင်းမျိုးမှာ အိပ်ချင်သည်ဖြစ်စေ မအိပ်ချင်သည်ဖြစ်စေ။ နေ့လည် ၁ နာရီတွင် အိပ်မည်ဆိုလျှင် အိပ်ကိုအိပ်သော အိပ်ခြင်းမျိုးဖြစ်၏။

၂။ အရေးပေါ်အိပ်စက်ခြင်း

အလုပ်အလွန်ပင်ပန်းသည့်အခါ၊ ကြာရှည်ကားမောင်းလာရသည့်အခါ၊ စက်ကြီးများကို မနားတမ်းမောင်းနေရသည့်အခါမျိုး များတွင် ခန္ဓာကိုယ်အား အနားပေးရန် လိုအပ်ပါသည်။ ထိုအခါမျိုးများတွင် မချိမဆန့် အိပ်ချင်လာတတ်၏။ ထိုအခါတွင် မဖြစ်မနေအိပ်ရန်လို၏။ မအိပ်ပဲ ပေလုပ်နေပါက ကားတိုက်ခြင်း၊ စက်ညပ်ခြင်း၊ ပြုတ်ကျခြင်း စသည်တို့ ဖြစ်နိုင်သည့်အတွက် အလွန်အန္တရာယ်များပါသည်။

၃။ အိပ်လေ့အိပ်ထရှိ၍ အိပ်ခြင်း

အချို့လူများမှာ နေ့ခင်း တရေးအိပ်လေ့ရှိသည်။ ထိုအလေ့အထ စွဲနေသောကြောင့် အိပ်ကိုအိပ်လိုက်ရမှ နေသာထိုင်သာ ရှိသည်။ အထူးသဖြင့် ကလေးငယ်များအဖို့ နေ့ခင်းတွင် အိပ်ရန် လိုကိုလိုအပ်သည်။ သို့မှ ခန္ဓာကိုယ် ကြီးထွားမှုကို အထောက်အကူရသည်။

နေ့လည်အိပ်ခြင်းဖြင့် -
§  ခန္ဓာကိုယ်အကြောအချင်များကို ဖြေလျော့စေသည်။
§  ညောင်းညာကိုက်ခဲနေမှုများကို ပြေပျောက်စေသည်။
§  ပိုမိုရွှင်လန်းတက်ကြွစေသည်။
§  လုပ်ကိုင်နိုင်စွမ်းပိုတိုးလာသည်။
§  မှတ်ဉာဏ်ပိုကောင်းလာသည်။

သို့သော် မကောင်းသည့်အချက်မှာ အိပ်ယာထလာသည့်အခါ အိပ်ချင်မူးတူး ဖြစ်နေတတ်သည်။ ရွှင်ရွှင်လန်းလန်းမရှိ။

နေ့လည် တရေးအိပ်ခြင်းကို သိပ်မကြာရှည်စေသင့်။ အကောင်းဆုံးအချိန်မှာ မိနစ် ၂၀ မှ နာရီဝက် ဖြစ်ပါသည်။ နေ့လည်ပိုင်း အိပ်တာ သိပ်ကြာသွားလျှင် ညပိုင်း၌ ကောင်းစွာအိပ်မပျော် ဖြစ်တတ်သည်။ ထို့ပြင် နေ့ခင်းတရေးအိပ်ခြင်းကို သိပ်နောက်မကျ စေရ။ ဥပမာ နေ့ခင်း ၃ နာရီလောက်မှ အိပ်ခြင်း။ နောက်ကျမှအိပ်လျှင် ညပိုင်းအိပ်ခြင်းကို အနှောက်အယှက်ဖြစ်စေသည်။

(၄) ညဘက်အိပ်မပျော်ခြင်း

အိပ်မပျော်သူ ညတာရှည်သည်။ တရားမသိသူအဖို့ သံသရာရှည်သည် ဟု မြတ်စွာဘုရား ဟောထားတာရှိ၏။ ဤသည်မှာ အမှန်ဖြစ်ကြောင်း အိပ်မပျော်သူတို့ သိပါသည်။

ကျွန်ုပ်တို့သည် တခါတရံ ညအခါများတွင် အိပ်မပျော်ဖြစ်တတ်၏။ ဟိုလူးသည်လှိမ့်နှင့် မိုးစင်စင်လင်းရသည်။ အထူးသဖြင့် စိတ်စောနေသည့်အခါများ၊ စိတ်ပူပင်သောကရောက်ရသည့်အခါများတွင် ဖြစ်၏။ သို့သော် အချို့မှာ အိပ်ယာပြောင်းလျှင် အိပ်မပျော် ဖြစ်တတ်သည်။ အချို့ကျတော့ ခရီးထွက်ရတော့မည်ဆိုလျှင် အထူးသဖြင့် ကိုယ်မရောက်ဖူးသေးသောအရပ်သို့ တစ်ကိုယ်တည်း ခရီးထွက်ရမည့်အခါမျိုးများတွင် အဆင်မှပြေပါ့မလားဟု ရင်ထိတ်ပြီး အိပ်မပျော်တတ်။

သို့တိုင် တခါတရံ ဘာအကြောင်းမှ ရှာလို့မရဘဲလည်း အိပ်မပျော် ဖြစ်တတ်၏။ အိပ်မပျော်သည့်အခါ ချွေးများလည်း ပြန်လာ၏။ ကျောလည်း ပူ၏။ ထထိုင်လို့လည်း အဆင်မပြေ။ တလောကလုံး အိပ်မောကျနေသည်ဖြစ်ရာ ကိုယ်တစ်ယောက် တည်း ငေါင်စင်းစင်းဖြစ်နေမှုက အနေရပိုခက်စေသည်။

Autosuggestion ဟူသည် ကိုယ့်ကိုယ်ကိုယ် အိပ်မွေ့ချခြင်းမျိုးဖြစ်၏။ ဥပမာ - ငါ အိပ်ချင်လာပြီ၊ အိပ်ချင်လာပြီ ဆိုလျှင် တကယ် အိပ်ချင်လာသည် ဆို၏။ သို့သော် ဤနည်းမှာ အခြားသူများအတွက်သာ မှန်လိမ့်မည်။ ကျွန်ုပ်အတွက် မမှန်ပါ။ တခါတလေ အိပ်မပျော်သည့်အခါများတွင် ကျွန်တော် ထို autosuggestion ဆိုတာကြီး လုပ်ကြည့်၏။

ငါ အိပ်ချင်လာပြီ။ အိပ်ချင်လာပြီ။ အရမ်းရောကာရော အိပ်ချင်လာပြီ။ သောက်ကျိုးနဲ အိပ်ချင်လာပြီ။ မချိမဆန့် အိပ်ချင်လာပြီ။

ဘယ်လိုပဲရွတ်ရွတ်၊ ဘယ်လိုမှ အိပ်ချင်မလာပါ။ ခဏနေတော့ ထို autosuggestion ကြီးမှ လွတ်ကာ တခြားသို့ အတွေး ရောက်သွားသည်ချည်း ဖြစ်လေ၏။ ထိုအခါမျိုးများတွင် ကြည်အေး၏ “ညကြီးမင်းကြီး၊ ထပြီးထိုင်နေ၊ အိပ်ယာတွေလည်း၊ တွန့်ကြေမွလိပ်၊ သိပ်စိတ်ညစ်တယ်” ဆိုသည့်ကဗျာတပိုင်းတစကို ရွတ်မိလေသည်။

အိပ်မပျော်ခြင်းသည် ရောဂါတမျိုးဖြစ်၏။ တခါတရံအိပ်မပျော်တာ ဖြစ်တတ်သော်လည်း အမြဲလိုလို အိပ်မပျော်လျှင်ကား မကောင်း။ စိတ်တွေ ထွေပြားနေတတ်သည်။ အိပ်ရေးမ၀သဖြင့် ထုံထိုင်းမှုန်မှိုင်းနေမည်။ စိတ်တိုနေမည်။ ခေါင်းမကြည်။ ကျန်းမာရေးကို ထိခိုက်မည်။ အားနည်းသူများသည် အိပ်မပျော်ဖြစ်တတ်သည် ဆို၏။

အိပ်ပျော်ရန်ခက်ခဲသူများအတွက် အကောင်းဆုံးဆေးကား ဘုရားကု ကုခြင်းပင် ဖြစ်ပါသည်။ အိပ်ယာဝင်ခါနီး မေတ္တာပို့ပါ။ မိမိကိုယ်မှစ၍ မိမိမိသားစု၊ မိမိဆွေမျိုးသားချင်း၊ အစိုးရမင်းများ၊ တိုင်းသူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ၊ သတ္တ၀ါ အားလုံးတို့အပေါ် မေတ္တာပို့ပါ။ မေတ္တာပို့လိုက်လျှင် စိတ်၏တည်ငြိမ်အေးချမ်းမှုကို ရမည်။ ထိုအခါ စိတ်ကြည်လင်လာမည်။ စိတ်ကြည်လင်သည့်အခါ အခြား စိတ်အနှောက်အယှက်ဖြစ်စရာများမှ ကင်းဝေးမည်။ ထိုအခါ အေးအေးချမ်းချမ်း အိပ်ပျော် သွားပါလိမ့်မည်။

နောက်တစ်ခုမှာ အာနာပါန ရှုမှတ်ခြင်းဖြစ်၏။ မည်သည့်အနေအထားမှာပင်ဖြစ်စေ သက်တောင့်သက်သာနေပြီး ၀င်လေ ထွက်လေကိုဖြစ်စေ၊ ဗိုက်ပေါ်လက်တင်ပြီး ဖောင်းတာပိန်တာကိုဖြစ်စေ ရှုမှတ်ခြင်းသည် စိတ်ကို တစ်နေရာတည်းတွင် တည်ငြိမ်နေစေသဖြင့် အိပ်ခြင်းကို များစွာ အထောက်အကူ ဖြစ်စေလေသည်။ ကျွန်တော်ကတော့ တခါတရံ နာရီသံ တချက်ချက်ကို မှတ်ပါသည်။ မည်သို့ပင်မှတ်သည်ဖြစ်စေ အဓိကမှာ စိတ်တည်ငြိမ်မှု ရစေရေးပင် ဖြစ်ပါသည်။

အရေးကြီးသည်မှာ ဖြစ်ခဲ့ပြီးသည်များနှင့် မဖြစ်သေးသည်များကို တွေးမပူရေးပင် ဖြစ်ပါသည်။

ကျွန်တော့်ပြဿနာမှာ အိပ်မပျော်သည့်အခါ နှာရည်များ အော်တိုမက်တစ် ကျလာခြင်းဖြစ်၏။ အိပ်ယာပေါ်လှဲပြီး ၁၅ မိနစ် အတွင်း အိပ်ပျော်မှ။ သို့မဟုတ် နည်းနည်းကြာသွားသည်နှင့် နှာခေါင်းထဲက ယားကျိယားကျိဖြစ်လာပြီး နှာများ ဆက်တိုက် ချေကာ နှာရည်များ အဆက်မပြတ်ကျလေတော့သည်။ နှာရည်ယိုပြီဆိုကတည်းက ဘယ်မှာလျှင် အိပ်လို့ရပါတော့မည်နည်း။ ထိုအခါများတွင် ဘာမီတွန် နှစ်လုံးလောက်သောက်လည်း ဘယ်လိုမှမနေ။ ရေများကို မွှန်ထွန်နေအောင် ရှူလို့လည်း မွှန်တာသာ အဖတ်တင်သည်။ နှာရည်ကတော့ အကျရပ်မသွား။ အတော်ဆိုးလှ၏။

ညဘက်အိပ်မပျော်ပါက နောက်နေ့တွင် အတော့်ကို အဆင်မပြေ ဖြစ်တော့သည်။ တခါတလေ အိပ်ယာဝင်တာ နောက်ကျ လျှင်လည်း အိပ်မပျော်တတ်ပါ။ ထို့ကြောင့် ပုံမှန် အိပ်ယာဝင်ရန်လည်း အရေးကြီးလှ၏။

(၅) နိဂုံး

ကျွန်တော်တို့တောများတွင်မတော့ စောစော အိပ်ယာဝင်တတ်ကြ၏။ အနို့ မအိပ်လို့ကော၊ ဘာလုပ်နေရမှာတုံး။ မီးမရှိ၊ ထင်းမရှိ။ စာလည်း ဖတ်ကြတာမဟုတ် ဆိုတော့။ စောစောအိပ်တော့ စောစော ထသပေါ့။ ဆောင်းတွင်းဘက်ဆိုလျှင် အမေ မထား တို့မှာ မနက် ၄ နာရီလောက်ထပြီး မီးလှုံရင်း ရေနွေးကြမ်းကို တစ်အိုးပြီးတစ်အိုး ကြိုကာ သောက်နေတတ်ကြ၏။ သူက ရေနွေးကို အလွန်ကြိုက်၏။ ကြိုက်ချင်သာကြိုက်ရမည်။ သူတို့သောက်သော လဖက်ခြောက်မှာ အလွန်ဈေးပေါသည့် လဖက်ခြောက် ကြမ်းကြမ်းကြီးများ ဖြစ်၏။ ဆင်းရဲတော့ လဖက်ခြောက် အကောင်းစား ၀ယ်မသောက်နိုင်။ တို့ကတော့ ထမင်းမစားဘဲသာ နေရမယ်။ လဖက်ရည် မသောက်ဘဲတော့ မနေနိုင်ဘူးဟေ့ ဟု ဆိုလိုက်သေး၏။ ကျွန်တော်တို့ဘက်တွင် ရေနွေးကြမ်းကို လဖက်ရည်ဟု ခေါ်သည်။ အမေမထားမှာ ကျွန်တော်နှင့် ကျောင်းနေဘက်သူငယ်ချင်း ၀င်းမောင်၏ အဖွားအေဖြစ်၏။ ခြေတစ်ဖက်မသန်။ ကျွန်တော်တို့အိမ် ခေါင်းရင်းဘက် သုံးအိမ်ကျော်လောက်မှာရှိသည်။

အရီးတို့ကတော့ ညတာကြီးကလည်း ရှည်လိုက်တာဟယ်။ မိုးကိုမလင်းနိုင်ဘူး ဟု ဆောင်းတွင်းအခါများတွင် ညည်းတတ်၏။ ထိုအခါ ကျွန်တော်တို့မှာ ငါတို့နဲ့များ လဲလိုက်ချင်ပါ့။ တို့မှာတော့ အိပ်လို့ပဲမ၀နိုင်ဘူး ဟု ကလေးပီပီ တွေးတတ်လေသည်။ နေနှင့်ဦးပေါ့ကွာ၊ ကျောင်းသာပိတ်လို့ကတော့ တ၀ကြီးကို အိပ်ပစ်လိုက်မယ် ဟုလည်း တေးထားတတ်ပေလေသေး၏။

တောဆိုတော့ နာရီတွေ ဘာတွေမရှိ။ သည်တော့ အချိန်ကိုတောင် သူငယ်အိပ်ချိန်။ လုလင်ပြန်ချိန်။ သက်ကြီးခေါင်းချချိန် ဟု မှတ်သားကြသည်။ အရုဏ်တက်လျှင် ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သည်။ တုံးမောင်းခေါက်သံကြားရပြီး များမကြာမီ ကိုရင်ကလေးများ အိပ်ချင်မူးတူးဖြင့် ဆွမ်းအုပ်လာယူသည်။ လယ်သမားများ လယ်ထဲဆင်းရန်ပြင်သည်။ မိုးလင်းခါ နီးလျှင်တော့ လူလေးရေ ကောက်ညှင်းပေါင်း စားရအောင် ထပေတော့ဟေ့ ဟု အရီး၏ နှိုးသံကိုကြားရမည်။ သို့တိုင် ကျွန်တော်တို့မှာ အိပ်ရေးမ၀သေး။ မိုးတွင်းတွင် ကောက်စိုက်သမများအတွက်၊ ဆောင်းတွင်းဘက်တွင် ကောက်ရိတ်သမား များအတွက် စသည်ဖြင့် မနက်စာကို ကောက်ညှင်းပေါင်းကျွေးသည်။ သည်ကတည်းက ကျွန်တော် ကောက်ညှင်းပေါင်းကို အလွန် ကြိုက်ခဲ့တာဖြစ်၏။ ယခုလည်း မနက်စာကို မကြာခဏ ကောက်ညှင်းပေါင်း စားတတ်သည်။ သို့သော် ဆီးချိုရှိသဖြင့် စားချင်တိုင်း စားလို့မရ။

ယခုတော့ ထိုအရာများမှာ ပုံပြင်ကလေးများဖြစ်ကျန်ခဲ့ပြီ။ မနက် ဖုံးက တတိန်တိန်နှင့် အသံမြည်သည်နှင့် ထချင်သည်ဖြစ်စေ၊ မထချင်သည်ဖြစ်စေ ထရတော့သည်။ မထချင်လို့မရ။ အလုပ်က အချိန်နှင့်သွားရတာဆိုတော့ အိပ်ရေးမ၀သေးသည့်တိုင် အတင်းလူးလဲထ။ ရေချိုးလိုက်တော့မှ လန်းသွားပြီး မနက်စာစား။ မနက်စာ စားနေရင်း အင်း၊ ကိုရင်ဖိုးအောင်တို့ကတော့ ဟန်ကျသကွာဟု မကြာခဏ တွေးမိ၏။ ကိုဖိုးအောင်က လူပျိုကြီးဖြစ်ပြီး အမေဖြစ်သူ အမေမယ်ညိုကို ပြုစုကာ အေးအေး လူလူနေတာ ဖြစ်သည်။ ဘာဆို ဘာအလုပ်ကမှ မရှိ။ လယ်ကို အငှားချကာ ရသည့်လယ်ငှားခနှင့် အေးအေးဆေးဆေး စားသောက်နေတာ ဖြစ်သည်။ တကိုယ်ရေ၊ တကာယ၊ ဘာမှ ပူစရာမမရှိ။ သည့်အတွက် အိပ်ရေးမ၀စရာ ဘာအကြောင်းမှ မရှိ။ အိပ်စမ်း၊ ကြိုက်သလောက်။ သည့်အတွက် အိပ်ရေးမ၀သည့် ညများတွင် ကျွန်တော် ကိုရင်ဖိုးအောင်ကို သွားသတိရမိ တာ ဖြစ်သည်။

ဟဲ့ ပလုပ်တုတ်။ ပြောရင်းဆိုရင်း သန်းခေါင်တောင် ကျော်နေပေါ့။ အိပ်မှ အိပ်မှ။ မနက် နှိုးစက်က အတင်းနှိုးတဲ့ဒုက္ခကို ကြုံရဦးမှာ မဟုတ်ပါလား။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၀ အောက်တိုဘာ၊ ၂၀၁၆။ ၀၀း၂၃ နာရီ

No comments: