Wednesday, February 1, 2017

နေအိမ်တွင်း အန္တရာယ်ကင်းရှင်းရေး

ယေဘူယျအန္တရာယ်များ

အန္တရာယ်ဖြစ်ရခြင်း၏ အဓိကအကြောင်းမှာ လူတို့၏ ဂရုမစိုက်၊ ပေါ့လေးတဆ၊ နမော်နမဲ့ ပြုမူမှုများကြောင့် ဖြစ်တာ များပါသည်။ မိမိတို့လုပ်သည့် အလုပ်အားလုံးကို သတိရှိစွာဖြင့် သေသေချာချာ ကျကျနနလုပ်ခြင်းဖြင့် မဖြစ်တန်တာ မဖြစ်ရလေအောင် တားဆီးနိုင်သည်။

ပေါ့လေးတဆ ပြုမူခြင်း၊

၁။ ကလေးငယ်များ အန္တရာယ်ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  အိမ်သုံးဆေး၊ ပိုးသတ်ဆေး၊ ရေနံ၊ ဓာတ်ဆီ၊ ဒီဇယ်၊ ချောဆီ စသည့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို ကလေးများ လက်လှမ်းမီသည့်နေရာ၊ ကြမ်းပြင် စသည့်နေရာများတွင်ထား၍ ကလေးများဆွဲလွဲကာ ပါးစပ်ထဲထည့်မိပြီး သေဆုံးခြင်း
Ø  ပလပ်ပေါက်များအတွင်း လက်နှိုက်သဖြင့် ဓာတ်လိုက်ခြင်း
Ø  ချွန်၊ ထက်၊ ရှသော ဓား ကပ်ကြေး စသည်တို့ကို ကြမ်းပြင်ပေါ်ထားသဖြင့် ကလေးများ ဆွဲလွဲကစားရာမှ ထိုးမိ၊ ရှမိခြင်း
Ø  ရေနွေးအိုးကို ဆွဲချလိုက်၍ ရေနွေးပူလောင်ခြင်း
Ø  ကစားစရာ၊ ဘောလုံးသေး၊ ဂေါ်လီလုံး၊ ကြယ်သီး၊ ဆပ်ပြာခဲ၊ စသည့် သေးငယ်သောပစ္စည်းများကို ပါးစပ်တွင်းထည့်မိရာမှ လည်ချောင်းတွင်တစ်ကာ အသက်ရှုကြပ် သေဆုံးခြင်း
Ø  မီးခြစ်နှင့်ကစားရာမှ မီးလောင်ခြင်း
Ø  ကြိုးများနှင့်ကစားရာမှ ကိုယ်လုံးကို ကြိုးများနှင့်ချည်မိခြင်း၊ အဆိုးဆုံးအခြေအနေတွင် လည်ပင်းကို ကြိုးနှင့်ပတ်မိခြင်း
Ø  အကာအရံမရှိသော ကြမ်းပြင်အစွန်းများမှ လိမ့်ကျခြင်း
Ø  တံခါးကြား လက်ညပ်မိခြင်း
Ø  ခုံနိမ့်များပေါ်တွင် တင်ထားသော ပစ္စည်းများကို ဆွဲချရာမှ ခေါင်း၊ ကိုယ်များပေါ်ကျကာ ထိခိုက်ဒဏ်ရာရခြင်း
Ø  သံပန်း၊ သံတံခါးများပေါ်တက်ရာမှ ပြုတ်ကျခြင်း
Ø  ရေတွင်း၊ ရေကန်၊ တိုင်ကီများအတွင်း ပြုတ်ကျ၍ ရေနစ်သေဆုံးခြင်း
Ø  တိရိစ္ဆာန်များကြောင့် ထိခိုက်ဒဏ်ရာရခြင်း

ကာကွယ်ရန် နည်းလမ်းများ

Ø  အိမ်သုံးဆေး၊ ပိုးသတ်ဆေး၊ ရေနံ၊ ဓာတ်ဆီ၊ ဒီဇယ်၊ ချောဆီ စသည့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို ကလေးများ လက်လှမ်းမီသည့်နေရာတွင် အလွယ်တကူမထားပါနှင့်။
Ø  မြန်မာပြည်မှ ပလပ်ပေါက်များတွင် အပိတ်မပါပါ။ ထို့ကြောင့် ပလပ်ပေါက်၊ မီးခလုတ်များကို ကလေးများ လက်လှမ်းမမီနိုင်သည့်အမြင့် (ဥပမာ - အမြင့် ၅ ပေ) တွင် တပ်ဆင်ပါ။
Ø  ချွန်ထက်၊ ထက်၊ ရှသော ဓား ကပ်ကြေး စသည်တို့ကို ကလေးများ လက်လှမ်းမီသည့်နေရာတွင် အလွယ်တကူ မထားပါနှင့်။ စင်နှင့် စနစ်တကျထားပါ။
Ø  ပူနေသော ရေနွေးအိုးကို ကလေးများလက်လှမ်းမီသည့်နေရာတွင် မထားပါနှင့်။
Ø  ကစားစရာ၊ ဘောလုံးသေး၊ ဂေါ်လီလုံး၊ ကြယ်သီး၊ ဆပ်ပြာခဲ၊ ဆီးဖြူသီး စသည့် သေးငယ်သောပစ္စည်းများကို ဘူးများ၊ အိတ်များအတွင်း လုံခြုံစွာ သိမ်းဆည်းထားပါ။
Ø  မီးခြစ်၊ ဖယောင်းတိုင်စသည်တို့ကို ကလေးများ လက်လှမ်းမီနိုင်သည့်နေရာတွင် အလွယ်တကူမထားပါနှင့်။
Ø  အိမ်တွင်ကြိုးများရှိလျှင် သေချာစွာခွေပြီး သိမ်းဆည်းထားပါ။
Ø  ကြမ်းပြင်အစွန်းအားလုံးကို ကာရံထားပါ။ ပွင့်နေသော အပေါက်များအား သေချာစွာ ဖုံးကာထားပါ။
Ø  တံခါးများကို ဖွင့်ထားသည့်အခါ အလွယ်တကူ မပိတ်နိုင်စေရန် တံခါးခုတုံးနှင့် သေချာစွာခုထားပါ။
Ø  ပစ္စည်းများ၊ အထူးသဖြင့် လေးလံသောပစ္စည်းများကို ခုံနိမ့်များပေါ် တင်မထားပါနှင့်။ တောင်း၊ ပုလုံး၊ ပုံးများတွင်ထည့်ပြီး သိမ်းဆည်းပါ။
Ø  အိမ်တွင် ကလေးများတက်နိုင်သည့်နေရာ၌ သံပန်း၊ သံတံခါး စသည်တို့ရှိပါက ကလေးများတွယ်တက်ပြီး ပြုတ်ကျနိုင်သဖြင့် အထူးသတိထားပါ။
Ø  ရေကန်၊ တိုင်ကီများကို ဖုံးအုပ်ထားပါ။ ရေတွင်းနှုတ်ခမ်းသည် မြေပြင်နှင့်တပြေးတည်းမထားပါနှင့်။ ကျန်းမာရေးနှင့်လည်း မညီညွတ်ပါ။ ရေတွင်းပတ်လည်ကို အနည်းဆုံး ၃ ပေခန့်မြင့်သော အုတ်နံရံဖြင့် ကာပေးထားပါ။
Ø  ကလေးများကို တိရိစ္ဆာန်များနှင့် သူတို့ချည်း မကစားပါစေနှင့်။ ကစားသည့်အခါ လူကြီးများက ဘေးနားတွင် ကြည့်ရှု စောင့်ရှောက်ပေးပါ။


၂။ သက်ကြီးရွယ်အိုများ အန္တရာယ်ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  ကြမ်းပြင်ပေါ်တွင် မူးမိုက်လဲကျခြင်း
Ø  ရေစိုနေသည့်ကြမ်းပြင်ပေါ်တွင် ချော်လဲခြင်း
Ø  အိမ်သာ အထိုင်အထတွင် လဲကျခြင်း
Ø  အမြင့်တစ်နေရာမှ ပြုတ်ကျခြင်း
Ø  မျက်စိမှုန်နေသောကြောင့် ဆေးမှားသောက်မိခြင်း
Ø  လည်ချောင်းနင်ခြင်း

ကာကွယ်ရန် နည်းလမ်းများ

Ø  ဖုံးဖြေရန်သွားသည့်အခါ အလျင်မလိုပါနှင့်။ ဖြည်းဖြည်းသာ သွားပါ။
Ø  အိမ်သာတွင် ထိုင်ထလုပ်သည့်အခါ ကိုင်ရန် လက်ကိုင်တန်းများ တပ်ဆင်ထားပါ။
Ø  အိပ်ယာမှနိုးသည့်အခါ ချက်ချင်းမထပါနှင့်။ အနည်းဆုံး ၃ မိနစ်လောက် လှဲနေပြီးမှ ဖြည်းညင်းစွာထပါ။
Ø  ရေစိုနေသည့်ကြမ်းပြင်ပေါ်သွားသည့်အခါ အထူးသတိထား၍ သွားပါ။ ချော်လဲတတ်သည်။
Ø  လှေခါး အတက်အဆင်းလုပ်သည့်အခါ လက်ရမ်းတန်းကိုကိုင်ပြီး တက်/ဆင်းပါ။
Ø  ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပါ။ ထို့ပြင် အောက်ပါအတိုင်း ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။
Ø  လမ်းလျှောက်လျှင် အဖော်တစ်ယောက်ပါပါစေ။
Ø  အိပ်ခန်းထဲတွင် ဆီးအိုးထားပြီး ညရေးညတာ ဆီးသွားချင်လျှင် အိပ်ခန်းအတွင်း၌သာ သွားပါ။
Ø  မည်သည့်ဆေးမှန်း၊ ပစ္စည်းမှန်းမသေချာလျှင် အိမ်သားများအား မေးမြန်းပါ။

Ø  ဆေးသောက်သည့်အခါ မိမိသောက်မည့်ဆေးမှန်း သေချာပါစေ။ မသေချာပါက မသောက်ပါနှင့်။ အိမ်သားများအား မေးမြန်းပြီးမှ သောက်ပါ။



၃။ မီးအန္တရာယ် ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  ဘုရားမီးပူဇော်ရာမှ မီးလောင်ခြင်း
Ø  ၀ါယာရှော့ဖြစ်၍ လောင်ခြင်း
Ø  ထမင်းဟင်း ချက်ပြုတ်ရာမှ လောင်ခြင်း
Ø  ထမင်းဟင်းချက်ပြုတ်ပြီး မီးကြွင်းမီးကျန်များ ထားခဲ့ခြင်း
Ø  ကလေးငယ်များ မီးနှင့်ကစားရာမှ လောင်ခြင်း
Ø  အမှိုက်ကိုမီးရှို့ပြီး သို့မဟုတ် မီးလှုံပြီး မီးကို မသတ်ဘဲထားခဲ့ခြင်းကြောင့် မီးလောင်ခြင်း
Ø  စက္ကူစုတ်၊ သစ်ရွက်ခြောက် စသော မီးလောင်စေတတ်သည့် အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်း
Ø  ဆေးလိပ်တိုများကို မီးမသတ်ဘဲ တွေ့ရာပစ်ခြင်း
Ø  မီးသတ်ဘူးများကို ဟိုရွှေ့သည်ရွှေ့ ရွှေ့သောကြောင့် အရေးအကြောင်းဆိုလျှင် ရှာမတွေ့ခြင်း
ထွက်ပေါက်များ၊ လျှောက်လမ်းများတွင် ပစ္စည်းများဖြင့် ပိတ်ဆို့နေခြင်း


ကာကွယ်ရန် နည်းလမ်းများ

Ø  အိပ်သည့်အခါ ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်အားလုံးကို ငြိမ်းသတ်ပြီးမှ အိပ်ယာဝင်ပါ။
Ø  အိပ်ယာနားတွင် ခြင်းဆေးခွေထွန်းပြီး မအိပ်ပါနှင့်။ သေတတ်သည်။
Ø  တစ်အိမ်လုံး ခရီးရှည်ထွက်တော့မည်ဆိုလျှင် (ဓာတ်ငွေ့သုံးမီဖိုသုံးပါက) ဓာတ်ငွေ့အိုးခလုတ်ကို ပိတ်ခဲ့တာ သေချာပါစေ။
Ø  မီးဖိုထဲတွင် မီးလောင်စေတတ်သည့်အရာများ နည်းနိုင်သမျှ နည်းအောင် စီမံထားပါ။ ဓာတ်ဆီကဲ့သို့ မီးလောင်လွယ်သည့် ပစ္စည်းများ မီးဖိုထဲတွင် မထားပါနှင့်။
Ø  မီးတောက်ရှိသည့်နေရာအနီး ၃ ပေပတ်လည်တွင် မည်သည့် မီးလောင်နိုင်သောပစ္စည်းကိုမျှ မထားပါနှင့်။
Ø  ဓာတ်ငွေ့အိုးများကို မည်သည့်အခါမှ လှဲမထားရ။ အမြဲထောင်ထားပါ။
Ø  ဓာတ်ငွေ့အိုးကို မီးဖို၊ ပလပ်ပေါက် စသည်တို့မှ အနည်းဆုံး ပေ ခွာထားပါ။
Ø  ဓာတ်ငွေ့အိုးလဲနေစဉ် အနီးအနား၌ မည်သည့်မီးပွား၊ မီးတောက်မှ မရှိစေရ။


Ø  မည်သည့်အခါမှ ဓာတ်ငွေ့အိုး (၂) လုံးမမှာပါနှင့်။ တစ်ချိန်လျှင် တစ်လုံးသာသုံးပါ။ ဓာတ်ငွေ့ကုန်မည်စိုးသောကြောင့် ထပ်မှာလျှင် ပထမအိုးကုန်ခါနီးမှ မှာပါ။ နောက်ရောက်လာသောအိုးကို လေ၀င်လေထွက်ကောင်းသောနေရာ၊ မီးဖိုနှင့် ဝေးဝေးတွင် ထောင်ထားပါ။
Ø  မီးဖိုဆောင်သည် လေ၀င်လေထွက်ကောင်းပါစေ။
Ø  ထမင်း၊ ဟင်းအိုးတည်ပြီး အခြားသွားနေခြင်းမျိုး မည်သည့်အခါမှ မလုပ်ပါနှင့်။ အရေးတကြီးသွားစရာရှိလျှင် မီးပိတ်ပြီးမှ သွားပါ။
Ø  ထမင်းဟင်းချက်နေစဉ် မီးလောင်စေတတ်သော အရာများကို အနီးတွင် မထားပါနှင့်။
Ø  ခရီးဝေးသွားစရာရှိပြီဆိုလျှင် ဓာတ်ငွေ့အိုးခလုတ်ကို သေချာစွာပိတ်ခဲ့ပါ။
Ø  ဓာတ်ငွေ့ပိုက် နှင့် အဆက်များမှ ဓာတ်ငွေ့စိမ့်ထွက်နေမနေ သေချာစေရန် ဆပ်ပြာရည်ဖြင့်သုတ်ကာ စစ်ဆေးပါ။ ဆပ်ပြာပူပေါင်းများ ထလာပြီဆိုပါက ဓာတ်ငွေ့ပိုက်ကို အလျှင်အမြန်လဲပါ။ အဆက်များကို သေချာစွာ ပြန်ကြပ်ပါ။


Ø  ဓာတ်ငွေ့ပိုက်များကို (၂) နှစ်ကြာတိုင်း အသစ်လဲပါ။ (၅) နှစ်ကြာတိုင်း ဓာတ်ငွေ့အထိန်းဗားကို အသစ်ပြန်လဲပါ။
Ø  ဓာတ်ငွေ့အနံ့ရပြီ ဆိုပါက -
v  မီးမှန်သမျှ အားလုံးငြိမ်းသတ်ပါ။ ဓာတ်ငွေ့မီးဖိုကိုပိတ်၊ ဓာတ်ငွေ့အိုးမှ ခလုတ်ကိုလည်း ပိတ်ပါ။
v  တံခါးမှန်သမျှ အားလုံးဖွင့်ပြီး လေ၀င်ရန် လုပ်ပါ။
v  ဓာတ်ငွေ့ရောင်းသောဆိုင်သို့ ချက်ခြင်းဖုံးဆက်ပြီး အိုးအသစ်ဖြင့် ပြန်လဲပါ။ 



၎။ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  ပလပ်ပေါက်အတွင်း လက်နှိုက်မိရာမှဖြစ်စေ၊ ပေါက်ပြဲနေသည့် ဓာတ်ကြိုးများကို ကိုင်မိ၍ဖြစ်စေ ဓာတ်လိုက်ခြင်း
Ø  ဓာတ်ကြိုးများပေါက်ပြဲကာ ရှော့ဖြစ်၍ မီးလောင်ခြင်း
Ø  ဓာတ်ကြိုးများကို စနစ်တကျ သွယ်တန်းမထားခြင်းကြောင့် အပူလွန်ကာ မီးလောင်ခြင်း
Ø  ဓာတ်ကြိုးများကို ခလုတ်တိုက် ချော်လဲခြင်း
Ø  ဓာတ်တိုင်ရှိဓာတ်ကြိုးများကို မိမိဓာတ်ကြိုးဖြင့်ချိတ်ကာ မီးခိုးသွယ်ခြင်းကြောင့် ရှော့ဖြစ်ကာ မီးလောင်ခြင်း (ဓာတ်ကြိုးဖြင့်ချိတ်သည့်နေရာမှ မီးပွားထွက် တတ်သည်။)

ကာကွယ်ရန် နည်းလမ်းများ

Ø  ပလပ်ပေါက်နှင့် လျှပ်စစ်ပစ္စည်းများကို မြေစိုက်ကြိုးပါသည့် ပစ္စည်းများသာ သုံးပါ။
Ø  ပလပ်ပေါက်တစ်ခုတည်း မီးခေါင်း သုံးလေးခု စုပြုံထိုးခြင်းမှ ရှောင်ကြဉ်ပါ။
Ø  ချောင်နေသော ပလပ်ခေါင်းများ၊ မကောင်းတော့သော ခလုတ်များ၊ ပေါက်ပြဲနေသော ၀ါယာကြိုးများ မသုံးပါနှင့်။
Ø  မတတ်ကျွမ်းသူများအား မီးကြိုးသွယ်တန်းခြင်း၊ မီးပြင်ခြင်း စသည်တို့ကို မခိုင်းပါနှင့်။ တကယ် တတ်ကျွမ်းသူ မဟုတ်လျှင် မိမိကိုယ်တိုင်လည်း မလုပ်ပါနှင့်။ အမှန်တကယ် တတ်ကျွမ်းသူများကိုသာ လုပ်ခိုင်းပါ။
Ø  တစ်အိမ်လုံး ခရီးရှည်ထွက်တော့မည်ဆိုလျှင် အိမ်အ၀င်ပေါက်နားတွင် တပ်ဆင်ထားသည့် မိန်းကိုချခဲ့ပါ။ သို့မဟုတ် ရေခဲသေတ္တာခလုတ်တစ်ခုမှလွဲ၍ ကျန်သည့်ခလုတ်အားလုံး ပိတ်ခဲ့ပါ။
Ø  တံခါးအကြားမှနေ၍ မီးကြိုးများသွယ်တန်းခြင်း မလုပ်ပါနှင့်။
Ø  မီးကြိုးများ သွယ်တန်းရာတွင် ယာယီသွယ်တန်းခြင်းပင် ဖြစ်စေ စနစ်တကျ ခေါင်းပေါ်မှသာ သွယ်တန်းပါ။
Ø  မီးလောင်တတ်သော ပစ္စည်းများပေါ်တင်၍ မီးကြိုးများသွယ်တန်းခြင်း မလုပ်ပါနှင့်။
Ø  ဈေးပေါသော၊ အရည်အသွေးညံ့သော လျှပ်စစ်ပစ္စည်းများ၊ ကြိုးများ မသုံးပါနှင့်။
Ø  ကလေးများအား လျှပ်စစ်ပစ္စည်းများနှင့် ကစားခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ပါ။
Ø  မီးကြိုးများဖြင့် တုပ်နှောင်ခြင်း၊ ပစ္စည်းများအတင်အချလုပ်သည့် ကြိုးအဖြစ်သုံးခြင်း မလုပ်ရ။
Ø  မီးကြိုးများပေါ်တွင် အ၀တ်လှန်းခြင်း စသည် မလုပ်ရ။

၅။ သောက်ဆေးများ/ဓာတုဆေးဝါးများအန္တရာယ် ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  ဆေးမှားသောက်မိခြင်း
Ø  အစားအသောက်နှင့် ဓာတုဆေးများ မှားသုံးမိခြင်း
Ø  ဓာတုဆေးများကို မည်ကဲ့သို့သုံးရမှန်းမသိနားမလည်သဖြင့် အကာအကွယ်ပစ္စည်းမပါဘဲ ကိုင်တွယ်သုံးစွဲခြင်းကြောင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ အရေပြားများမှတဆင့် ခန္ဓာကိုယ်အတွင်း ဆေးများ ၀င်ရောက်ခြင်း
Ø  ဓာတုဆေးများကို မြေကြီး၊ မြစ်ချောင်းအင်းအိုင်များအတွင်း စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း
Ø  ကလေးငယ်များ ဓာတုဆေးများကို စားသောက်မိ၊ ရှုရှိုက်မိခြင်း
Ø  ဓာတုဆေးများနှင့် ကြာရှည်ထိတွေ့ရာမှ အဆိပ်သင့်ခြင်း

ကာကွယ်ရန် နည်းလမ်းများ

Ø  သောက်ဆေး၊ ဓာတုဆေးများကို ကလေးငယ်များ လက်လှမ်းမမီသည့်နေရာတွင် ထားပါ။

Ø  ဆေးပုလင်းပေါ်တွင် ဆေးနာမည်ကို ထင်ထင်ရှားရှား ရေးထားပါ။

Ø  အကာအကွယ်ပစ္စည်း (နှာခေါင်းစွပ်)၊ ရာဘာလက်အိတ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ၀တ်ဆင်ပြီး အလုပ်လုပ်ပါ။
Ø  ဓာတုဆေးနှင့် အလုပ်လုပ်သည့်နေရာတွင် ရေအဆင်သင့်ဆောင်ထားပါ။ ကိုယ်ပေါ်သို့ ဓာတုဆေးများ စဉ်လျှင်သော် လည်းကောင်း၊ မျက်လုံးအတွင်း ၀င်လျှင်သော်လည်းကောင်း ရေများများနှင့် ဆေးကြောပါ။ အခြားမည်သည့်ဆေးမှ မသုံးပါနှင့်။
Ø  ဓာတုဆေးများကိုင်တွယ်ပြီးသည့်အခါတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးပါ။

Ø  ပိုးသတ်ဆေးစသည့် အဆိပ်အတောက်ရှိသည့်ဆေးဝါးများကို မူလပုံးအတွင်းတွင်သာ ထည့်သိုသိမ်းဆည်းပါ။ မည်သည့်အခါမှ သောက်ရေသန့်ဘူးများ အတွင်း၊ အစားအသောက်ဘူးခွံအလွတ်များအတွင်း မထည့်ပါနှင့်။ မှားယွင်း စားသောက်မိပါက အသက်ဆုံးသည်ထိ အလွန်အန္တရာယ်များပါသည်။

Ø  ဓာတုဗေဒပစ္စည်းများထည့်သည့် ပုံး၊ ပုလင်း စသည်တို့ကို အမြဲ နာမည်တပ်ထားရပါမည်။ ဓာတုဆေးရည်များကို ရေသန့်ပုလင်းအဟောင်းနှင့် မည်သည့်အခါမှ မထည့်ပါနှင့်။ ရေနှင့်မှားသောက်မိပါက အလွန်အန္တရာယ်ကြီးပါသည်။
Ø  ဓာတုဆေးဝါးများကို မည်သည့်အခါမှ အစားအသောက်များနှင့် အတူရောမထားပါနှင့်။

Ø  ဓာတုဆေးဝါးများကို လေ၀င်လေထွက်ကောင်းသော၊ အေး၍ခြောက်သွေ့သော၊ မီးနှင့်ဝေးသော၊ ကလေးများ လက်လှမ်းမမီနိုင်သော နေရာတွင် စနစ်တကျ သိုလှောင်သိမ်းဆည်းပါ။ ဆေးများလျှင် ဂိုဒေါင်နှင့်သိုလှောင်ထားပြီး ဂိုဒေါင်ကို သော့ခတ်ထားပါ။ ဂိုဒေါင်သည် လေအ၀င်အထွက် ကောင်းပါစေ။ အလုံပိတ်အခန်းတွင် ထားပါက ထိုဆေးများမှထွက်လာသော ဓာတ်ငွေ့များသည် အခန်းတွင်းလှောင်ပိတ်မိနေကာ အခန်းအတွင်းသို့ ၀င်လာသူအား ဒုက္ခပေးနိုင်ပါသည်။ အခန့်မသင့်လျှင် အသက်ပင်ဆုံးရှုံးနိုင်ပါသည်။

Ø  ဓာတုဆေးဝါးများ ကိုင်တွယ်သည့်အခါတိုင်း လုပ်ငန်းသုံးမျက်မှန် (Safety Goggle)၊ (လိုအပ်ပါက မျက်နှာအကာ - Face Shield) ၊ ရာဘာလက်အိတ်၊ လိုအပ်ပါက နှာခေါင်းအကာ (Respirator)၊ လိုအပ်ပါက ဓာတုဗေဒ ဆေးရည် များဒဏ်ကိုခံနိုင်သည့် အ၀တ်အစား(Chemical Protective Clothing) စသည်တို့ ၀တ်ဆင်ရပါမည်။

Ø  ဓာတုဗေဒဆေးဝါးများနှင့်အလုပ်လုပ်သည့်အခါ လေကောင်းလေသန့်ရသောနေရာ သို့မဟုတ် အလုံပိတ် မဟုတ်သော နေရာများတွင် လုပ်ပါ။ လေတိုက်သောနေရာ မဟုတ်လျှင် ပန်ကာဖြင့် လေမှုတ်ထားပေးရမည်။ သို့မှသာ ဓာတုဗေဒ အဆိပ်ဓာတ်ငွေ့များကို ဖယ်ထုတ်နိုင်မည်။

Ø  ဓာတုဗေဒပစ္စည်းများဖြင့် အလုပ်လုပ်ပြီးတိုင်း မိမိလက်များကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရပါမည်။ အလုပ်ပြီးသွားသည့်အခါတွင်လည်း ခန္ဓာကိုယ်ကို ရေများများနှင့် ချိုးရပါမည်။ ရေချိုးသည့်အခါ ခေါင်းကိုပါ လျှော်ပါ။

Ø  ဆေးကိုင်ထားသောလက်ဖြင့် ပါးစပ်၊ နှာခေါင်း၊ မျက်လုံး စသည်တို့ကို မထိမိစေရန် ဂရုစိုက်ပါ။ ထိုဆေးများသည် ချက်ခြင်း အစွမ်းမပြသေးသော်လည်း နှစ်ကြာလာသည့်အခါ ကင်ဆာကဲ့သို့သော ရောဂါများကို ဖြစ်စေတတ်သည်။

Ø  မည်သည့် ဓာတုပစ္စည်းမှန်းမသိပါက ရမ်းမလုပ်ပါနှင့်။ နားလည်တတ်ကျွမ်းသူကို မေးပါ။


Ø  ဓာတုဗေဒပစ္စည်းများ ထားသိုရာနေရာများတွင် မည်သည့်အခါမျှ ဆေးလိပ်သောက်ခြင်း၊ အစာနှင့် ရေစသည်တို့ စားသောက်ခြင်း မပြုရ။
Ø  ဓာတုဆေးများ သိုလှောင်ထားရာအနီးသို့ မည်သည့်အစားအသောက်မှ ယူဆောင်မသွားပါနှင့်။
Ø  မိမိကိုင်တွယ် အသုံးပြုရမည့် ဓာတုပစ္စည်းများအား မည်သို့ကိုင်တွယ်ရမည်၊ မည်သည့်အန္တရာယ်များရှိသည်၊ မည်သို့သုံးရမည် စသည်တို့ကို ကောင်းကောင်းသိနေရမည်။
Ø  ဓာတုဗေဒပစ္စည်းများနှင့် အလုပ်မလုပ်မီ သေသေချာချာ ပြင်ဆင်ပါ။
Ø  ဓာတုပစ္စည်းများကို အတတ်နိုင်ဆုံး မဖိတ်မစဉ်အောင် ဂရုစိုက်ပါ။ ဖိတ်စဉ်သွားလျှင် ချက်ခြင်းသန့်ရှင်းရေးလုပ်ပါ။ ဓာတုဆေးဝါးအမှိုက်များကို သီးသန့်အမှိုက်ပစ်ရမည့် နေရာများတွင်သာ ပစ်ရပါမည်။ အခြားအမှိုက်များနှင့် ရောနှောပြီးမပစ်ရ။
Ø  မီးလောင်ခဲ့လျှင် မည်ကဲ့သို့မီးသတ်ရမည်ကို သိထားရပါမည်။    
Ø  ဓာတုဗေဒပစ္စည်းများနှင့် အလုပ်လုပ်ပြီးတိုင်း ထိုအ၀တ်ကို ပြန်မ၀တ်ပါနှင့်။ ရေနှင့် ကောင်းစွာလျှော်ဖွပ်ပြီးမှ ၀တ်ပါ။
Ø  လက်သည်းများကို အမြဲညှပ်ပါ။ လက်သည်းရှည်လျှင် လက်သည်းများအကြား၌ ဓာတုဆေးများ ကြွင်းကျန် နေတတ်သည်။
Ø  မည်သည့်အခါမျှ အ၀တ်မ၀တ်ဘဲ၊ ဘွတ်ဖိနပ်မစီးဘဲ ဓာတုဆေးများကို မကိုင်ပါနှင့်။
Ø  ဓာတုဆေးများကိုင်တွယ်နေစဉ် အိမ်သာသွားလိုပါက လက်ကိုသေသေချာချာ ဆေးပြီးမှသွားပါ။
Ø  ဓာတုဆေးများ ကိုယ်ပေါ်သို့စဉ်လျှင် ရေများများဖြင့် ဆေးကြောပါ။
Ø  ဓာတုဆေးများ မျက်လုံးအတွင်းသို့ဝင်လျှင် ရေများများဖြင့် အနည်းဆုံး ၁၅ မိနစ်ကြာသည်ထိ ဆေးကြောပါ။ မျက်လုံးကို လုံးဝမပွတ်ပါနှင့်။
Ø  မတော်တဆ ဓာတုဆေးများ ပါးစပ်အတွင်း ၀င်ရောက်သွားပါက အန်ထုတ်ရန် မကြိုးစားပါနှင့်။ ရေများများ သောက်ပါ။ နောက် ဆရာဝန်ထံ အမြန်ဆုံးပြပါ။
Ø  ဓာတုဆေးများ အ၀တ်သို့စဉ်လျှင် ချက်ခြင်း ချွတ်လဲပါ။ ဆက်မ၀တ်ပါနှင့်။ ဖြစ်နိုင်လျှင် ချက်ခြင်းလျှော်ပါ။
Ø  ဤကဲ့သို့သော အမှတ်အသားတွေ့လျှင် သတိပြုပါ။ အရေပြားကို စားစေတတ်သော ဓာတုပစ္စည်းများ၏ အမှတ်အသားဖြစ်၏။



၆။ အစားအသောက်အန္တရာယ် ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  ဆိုးဆေးများ၊ ဓာတုဗေဒပစ္စည်းများပါဝင်သော အစားအသောက်များ၊ ပိုးသတ်ဆေး အကြွင်းအကျန်များပါသော အသီးအနှံများကို စားမိခြင်းကြောင့် အစာအဆိပ်သင့်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အဆိုးဆုံးအခြေအနေတွင် ကင်ဆာဖြစ်ခြင်း
Ø  ရက်လွန်နေသော၊ သိုးနေသော၊ မှိုတက်နေသော အစားအသောက်များ၊ အမှည့်လွန်နေသော၊ အရည်လည်နေပြီ ဖြစ်သော၊ တစ်ခြမ်းပုပ်နေသော အသီးအနှံများစားခြင်းကြောင့် ၀မ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း
Ø  မတည့်သည့်အစာများ တွဲစားမိသောကြောင့် အစာအဆိပ်သင့်ခြင်း
Ø  အစားအသောက်ထည့်သော ပန်းကန်များ မသန့်ရှင်းခြင်း၊ ချက်ပြုတ်သောအိုးများကို သေချာစွာ ဆေးကြောမထား ခြင်း၊ စဉ်းနီတုံး၊ ဓား၊ ငြုပ်ဆုံ၊ ငြုပ်ကျည်ပွေ့၊ စိန်ခလုတ်၊ အသားကြိတ်စက်၊ ဘလင်ဒါ စသည်တို့ကို အသုံးပြုပြီးနောက် သေချာစွာမဆေးမှုကြောင့် မှိုများတက်နေခြင်း၊ ဘက်တီးရီးယားများ တွယ်ကပ်နေခြင်း၊ ပုရွက်ဆိတ်၊ ပိုးဟပ်၊ ယင် စသည်တို့ နားခြင်းကြောင့် အစားအသောက်များ မသန့်မရှင်းဖြစ်ကာ ၀မ်းနှင့်ပတ်သက်သောရောဂါများ ရနိုင်ခြင်း
Ø  သောက်သုံးရေမသန့်သဖြင့် ၀မ်းနှင့်ပတ်သက်သောရောဂါများ ရနိုင်ခြင်း

ကာကွယ်ရန် နည်းလမ်းများ

Ø  ကြက်ဥ၊ ဘဲဥအများအပြားဝယ်ပြီဆိုပါက အိတ်ပေါ်တွင် ၀ယ်သည့်ရက်စွဲကို ရေးမှတ်ထားပါ။ ရက်မလွန်ပါစေနှင့်။
Ø  အစားအသောက်ထည့်သော ပန်းကန်များ၊ ချက်ပြုတ်သောအိုးများ၊ စဉ်းနီတုံး၊ ဓား၊ ငြုပ်ဆုံ၊ ငြုပ်ကျည်ပွေ့၊ စိန်ခလုတ်၊ အသားကြိတ်စက်၊ ဘလင်ဒါ စသည်တို့ကို သေချာစွာ ဆေးကြောထားပါ။ အသုံးပြုလျှင်ပြုပြီးခြင်း ဆေးကြောပါ။
Ø  အခြောက်အခြမ်းများကို လေလုံသည့် ပုလင်း၊ ဘူး၊ အိတ် စသည်တို့တွင် ထည့်သွင်းသိမ်းဆည်းပါ။
Ø  အသားငါးစိမ်းများနှင့် ချက်ပြုတ်ပြီး အစားအသောက်များကို ရောမထားပါနှင့်။
Ø  သားစိမ်းငါးစိမ်းများကို ရေခဲသေတ္တာအတွင်း ထည့်ပြီဆိုလျှင် ပလပ်စတစ်နှင့် သေချာစွာထုပ်ပိုးပြီးမှ ထည့်ပါ။ အရေများ တစ်စက်စက်ကျမနေပါစေနှင့်။
Ø  အသီးများ၊ ချက်ပြုတ်ပြီး အစားအသောက်များကို ရေခဲသေတ္တာ၏ အပေါ်ဆုံးအဆင့်တွင် ထားပါ။ အသားငါးများကို အောက်ဆုံးအဆင့်တွင်ထားပါ။ ချက်ပြီးသောအစားအစာက အောက်၊ သားစိမ်းငါးစိမ်းကအပေါ် မထားမိအောင် သတိထား ရှောင်ကြဉ်ပါ။
Ø  မတည့်သည့်အစာများစာရင်းကိုဝယ်ပြီး အိမ်တွင် ချိတ်ထားပါ။ အိမ်သားများနားလည်အောင်လည်း ရှင်းပြထားပါ။

၇။ မီးဖိုချောင် အန္တရာယ်ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  သားငါးလှီးသော ဓားများနှင့် ကလူကျီစယ်ခြင်း လုံးဝမပြုပါနှင့်။ အန္တရာယ်များလှသည်။
Ø  ပလပ်ပေါက်များနှင့် ရေ နီးပါက ဓာတ်လိုက်တတ်ပါသည်။
Ø  ရေစိုနေသည့်လက်နှင့် မီးခလုတ်များကို ဖွင့်ခြင်း၊ ပလပ်များ ချွတ်၊ စွပ်ခြင်းတို့ မပြုပါနှင့်။
Ø  မီးဖိုချောင်အတွင်း သွားလာရာမှ စားပွဲအပြင်ဘက် စွန်းထွက်နေသည့် အိုးခွက်လက်ကိုင်များ၊ ဓားများနှင့် တိုက်မိတတ်သည်။
Ø  လှုပ်ရှားရာမှ မတော်တဆ ဓားသွားနှင့်ထိခိုက် ရှနာတတ်သည်။
Ø  ဇွန်းခက်ရင်း စသည်တို့ ပြုတ်ကျကာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရတတ်သည်။
Ø  ထမင်း၊ ဟင်းအိုးများတည်ထားပြီး တခြားသွားနေသဖြင့် အပူလွန်ကာ မီးလောင်တတ်သည်။
Ø  ဓာတ်ငွေ့များစိမ့်ထွက်ခြင်းမှသော်လည်းကောင်း၊ မီးကြိုးများ ရှော့ဖြစ်ရာမှသော်လည်းကောင်း မီးလောင်တတ်သည်။
Ø  ထမင်းဟင်းအတွင်း ဆံပင်များကျတတ်သည်။
Ø  ထည့်သိုသည့် ပစ္စည်းများမသန့်သဖြင့် အစားအသောက်အတွင်း မှို၊ အမှုန်၊ ကြွက်ချေး၊ ပိုးဟပ်ချေး စသည်တို့ ၀င်နိုင်သည်။
Ø  မီးဖိုဆောင်အတွင်း ပိုးဟပ်၊ ပုရွက်ဆိတ်၊ ကြွက် စသည်တို့ဝင်လာ စားသောက်သဖြင့် အစာအဆိပ်သင့်ခြင်း၊ အခြား ရောဂါ ဘယများရခြင်းတို့ ဖြစ်တတ်သည်။
Ø  အစားအသောက်ပြင်ဆင်သော လက်များ မသန့်သဖြင့်လည်း ၀မ်းပျက် ၀မ်းလျှောခြင်းတို့ ဖြစ်တတ်သည်။
Ø  အစားအသောက်အတွင်း အခြားပစ္စည်းများ မှားယွင်းထည့်မိသောကြောင့် ၀မ်းလျှောခြင်း၊ မူးဝေအော့အံခြင်းတို့ ဖြစ်တတ်သည်။
Ø  ရက်ကျော်နေသည့် အစားအသောက်၊ ချက်ပြုတ်ပစ္စည်းများသုံးမိသဖြင့် ၀မ်းပျက်ဝမ်းလျှောနှင့် အခြား ရောဂါ ဘယများ ရနိုင်သည်။

ကာကွယ်ရန် နည်းလမ်းများ

Ø  သားငါးလှီးသော ဓားများကို ကလေးများ လက်လှမ်းမမီနိုင်သည့်နေရာတွင် စင်နှင့် စနစ်တကျ ထားပါ။
Ø  ပလပ်ပေါက်များကို ရေစင်နှင့် ဝေးရာတွင် တပ်ဆင်ပါ။
Ø  အိုး၊ ခွက်လက်ကိုင်များ၊ ဓားများကို စားပွဲအစွန်းအပြင် ထွက်မနေပါစေနှင့်။ စားပွဲ အတွင်းဘက်လှည့်ထားပါ။
Ø  ဓားများကို ဓားထည့်သည့်စင်ရှိလျှင် စင်တွင်ထားပါ။ စင်မရှိလျှင် စားပွဲပေါ်တွင် အသွားကို နံရံဘက်လှည့်ထားပါ။
Ø  ဇွန်း၊ ခက်ရင်းစသည်တို့ကို ပလတ်စတစ်ခြင်းနှင့် ထည့်ထားပါ။
Ø  ထမင်း၊ ဟင်းအိုးတည်ထားစဉ် အဝေးမသွားပါနှင့်။ သွားစရာရှိလျှင် မီးငြိမ်းပြီးမှ သွားပါ။
Ø  ထမင်းဟင်းချက်နေစဉ် မီးပြတ်သွားလျှင် မီးခလုတ်ကို သေချာစွာပိတ်၊ ပလပ်ကိုချွတ်ပြီးမှ အခြားသွားပါ။
Ø  ဓာတ်ကြိုးများ၊ ဓာတ်ငွေ့သုံးမီးဖိုများကို ပုံမှန်စစ်ဆေး ထိန်းသိမ်းမှု ပြုလုပ်ပါ။
Ø  ထမင်းဟင်းချက်ပြီးလျှင် မီးခလုတ်၊ ဓာတ်ငွေ့ခလုတ်များကို အမြဲပိတ်ထားပါ။ ပိတ်ဖို့မမေ့ပါနှင့်။
Ø  ဆံပင်များကို သေချာစွာထုံးနှောင်ထားပါ။
Ø  အ၀တ်အစားကို ဘိုသီဘတ်သီ မ၀တ်ပါနှင့်။
Ø  အစားအသောက်များနှင့် အခြားဓာတုဆေးဝါးများကို ရောနှောမထားပါနှင့်။
Ø  ဟင်းချက်ပစ္စည်းများထည့်သည့် ပုလင်း၊ ဘူး၊ ခွက်များပေါ်တွင် ဆား၊ အချိုမှုန့်၊ နနွင်းစသည်ဖြင့် စာရေးကပ်ထားပါ။
Ø  အစားအသောက်ထည့်သည့် ပန်းကန်၊ ခွက်ယောက်များကို အမြဲသန့်ရှင်းနေစေရန် ဂရုစိုက်ပါ။
Ø  အသားငါးများ ခုတ်ထစ်သည့် စဥ့်နီတုံးကို တစ်ခါသုံးပြီး တစ်ခါ အမြဲစင်ကြယ်နေအောင် သန့်ရှင်းထားပါ။
Ø  အသားငါးများလှီးသည့် ဓား၊ ကပ်ကြေးများကို သေချာစွာ အမြဲဆေးကြောထားပါ။
Ø  အစားအသောက်များ ကျန်နေပါက ကြောင်အိမ်၊ ရေခဲသေတ္တာတို့တွင် သေချာစွာ သိမ်းဆည်းထားပါ။
Ø  စားပွဲပေါ်တွင်ထားလျှင် စနစ်တကျ ဖုံးအုပ်ထားပါ။
Ø  စားကြွင်းစားကျန်များပစ်ထားသော အမှိုက်ပုံးကို ဖြစ်နိုင်လျှင် ချက်ချင်းစွန့်ပစ်ပါ။ ချက်ချင်းစွန့်ပစ်ရန် မဖြစ်နိုင်ပါက ၂၄ နာရီ ထက် ကျော်လွန်သိမ်းဆည်းမထားပါနှင့်။
Ø  အစားအသောက်များဝယ်လျှင် သက်တမ်းကုန်မည့်ရက်ကို ဂရုစိုက်ကြည့်ပါ။ ဦးစွာဝယ်သည့်ပစ္စည်းကို အရင်သုံးပါ။ နောက်မှဝယ်သည့် ပစ္စည်းကို နောက်မှ သုံးပါ။ ကုန်နိုင်သလောက်သာ ၀ယ်ပြီး လက်ရှိပစ္စည်းများကုန်မှ အသစ်ထပ် ၀ယ်ပါ။
Ø  နောက်ဝယ်လာသည့် ပစ္စည်းများကို ရေခဲသေတ္တာအတွင်း ထည့်မည်ဆိုလျှင် ရေခဲသေတ္တာအတွင်းရှိ ပစ္စည်းများကို ဦးစွာထုတ်ပါ။ နောက်ဝယ်လာသည့်ပစ္စည်းများကို ထည့်ပြီးမှ ယခင်ဝယ်ထားသည့် ပစ္စည်းများကို ထည့်ပါ။
Ø  ယခင် အစားအသောက်ထည့်သည့် ဘူး၊ ခွက်များကို ပြန်သုံးမည်ဆိုပါက သေချာစွာ ဆေးကြော၊ အခြောက်ခံပြီးမှ သုံးပါ။

၈။ လက်သုံးကိရိယာများ အန္တရာယ်ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  ဓား၊ စူး၊ ဆောက် စသည်တို့နှင့် မတော်တဆ ထိမိရှမိခြင်း
Ø  ကလေးများ ဓားစသည်တို့ကို ဆွဲလွဲကစားခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း
Ø  ခုတ်ထစ်နေစဉ် အရိုးကျွတ်၍ ခိုက်မိခြင်း
Ø  အသွားတုံးနေ၍ အားစိုက်ခုတ်ရာမှ လက်ကိုထိမိခြင်း
Ø  စူးနှင့်လက်ကို ချော်ထိုးမိခြင်း

ကာကွယ်ရန် နည်းလမ်းများ

Ø  ကလေးများကို ချွန်ထက်သော၊ ရှသော ကိရိယာများနှင့် ဆော့ကစားခြင်း မပြုပါစေနှင့်။
Ø  လက်သုံး ဓား၊ စူးဆောက်တံဆာပလာများကို ကလေးများ လက်လှမ်းမီသောနေရာတွင် မထားပါနှင့်။
Ø  လက်သုံးကိရိယာများကို မမီမကမ်းစင်ပေါ်တွင် မထားပါနှင့်။ လက်လှမ်းတမီတွင်သာ ထားပါ။
Ø  အရိုးများချောင်နေမနေ အမြဲစစ်ဆေးနေပြီး ချောင်နေပါက ချက်ချင်းပြုပြင်ပါ။
Ø  အသွားများထက်နေစေရန် အမြဲသွေးထားပါ။
Ø  အသုံးပြုသည့်အခါ အန္တရာယ်စက်ကွင်းကို သတိထား ရှောင်ရှားပါ။
Ø  လက်သုံးကိရိယာများနှင့် ကလူကျီစယ်ခြင်း မပြုပါနှင့်။
Ø  လက်သုံးကိရိယာများသုံးသည့်အခါ ဂရုစိုက်ကိုင်တွယ်ပါ။ စိတ်က အခြားရောက်မနေပါစေနှင့်။

၉။ ကာဘွန်မိုနောက်ဆိုဒ်၊ မီသိန်းစသော ဓာတ်ငွေ့များအန္တရာယ် ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

ကာဘွန်မိုနောက်ဆိုဒ်၊ မီသိန်းဓာတ်ငွေ့ များများရှုမိပါက သေနိုင်သည်။
ထိုဓာတ်ငွေ့များ အနည်းငယ်ရှုမိလျှင် မူးမော်တတ်၊ မေ့မျောတတ်သည်။
ကာကွယ်ရန် နည်းလမ်းများ

Ø  ညအိပ်သည့်အခါ ခြင်ဆေးခွေကို အိပ်ယာနားထွန်းပြီး မအိပ်ပါနှင့်။
Ø  လေအေးပေးစက်တပ်မထားပါက အိပ်ခန်းတံခါးများကို အလုံပိတ်မထားပါနှင့်။ လေအ၀င်အထွက်ရစေရန် အနည်းငယ် ဖွင့်ပေးထားပါ။
Ø  အလုံပိတ်ထားသော အခန်းအတွင်း အမွှေးတိုင်၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ ရေနံဆီမီးခွက် စသည့် မီးခိုးထွက်သည့် အရာများ ထွန်းညှိပြီး မအိပ်ရ။
Ø  အိမ်အောက်တွင် မီးဖိုပြီး မအိပ်ရ။
Ø  မီးစက်မောင်းထားသည့်အခါ အိပ်ဇောပိုက်ကို လမ်းမဘက်သို့ လှည့်ထားပါ။ ဘေးပတ်လည် အိမ်များဝန်းရံနေပါက အိပ်ဇောပိုက်ကို ခေါင်မိုးအပေါ်ရောက်သည်ထိ ဆန့်ထုတ်ထားပါ။
Ø  နွားမီးထည့်သည့်အခါ သို့မဟုတ် မီးရှို့သည့်အခါ မီးခိုးများ အိမ်အတွင်းဝင်မလာစေရန် အထူးသတိထားပါ။
Ø  ရေတွင်းဟောင်း၊ အိမ်သာကျင်းစသည်တို့အတွင်း ဆင်းရန်လိုပါက (တတ်နိုင်လျှင်) မဆင်းမီ မိနစ် ၂၀၊ နာရီဝက်ခန့် လေမှုတ်စက်နှင့် အတွင်းသို့ မှုတ်ထားပါ။ ပြီးလျှင် ပုဆိုးကွင်းသိုင်းပြီး လူတစ်ကိုယ်ဝန်အားကို ကောင်းကောင်း ခံနိုင်သည့် ကြိုးဖြင့်ချည်ပြီး အပေါ်မှလူများက အရံသင့်စောင့်နေပါ။ ပြီးမှ သတိဝီရိယနှင့်ဆင်းပါ။ တစ်ခုခုဖြစ်လျှင် ချက်ချင်း ပြန်တက်လာပါ။ သို့မဟုတ် ဆွဲတင်ရန် အပေါ်မှလူများကို အမြန်အချက်ပြပါ။
Ø  ရေတွင်းဟောင်း၊ အိမ်သာကျင်းစသည်တို့အတွင်း၌ အောက်ဆီဂျင်ရှိမရှိသိနိုင်ရန် မီးထွန်းပြီး မစမ်းပါနှင့်။ အကယ်၍ အတွင်း၌ မီးလောင်စေတတ်သည့်ဓာတ်ငွေ့များရှိနေပါက ကိုယ့်ကိုယ်ကိုယ် မီးရှို့သလို ဖြစ်လိမ့်မည်။
Ø  မြေအောက်ခန်း၊ လူမ၀င်တာကြာပြီဖြစ်သော လိုဏ်ဂူများအတွင်း အရမ်းမ၀င်ပါနှင့်။ မကောင်းသည့်ဓာတ်ငွေ့များ၊ မီးလောင်တတ်သည့် ဓာတ်ငွေ့များ ရှိနေတတ်ပါသည်။ အောက်ဆီဂျင် နည်းချင် နည်းနေပါလိမ့်မည်။

၁၀။ အထွေထွေ အန္တရာယ်ကင်းရှင်းရေး

ဖြစ်နိုင်သည့် အန္တရာယ်များ

Ø  အမြင့်မှလိမ့်ကျခြင်း (ခေါင်မိုးတက်မိုးရာမှ လိမ့်ကျခြင်း၊ ထန်းပင်တက်ရာမှလိမ့်ကျခြင်း စသည်)
Ø  အပေါ်မှ ပြုတ်ကျလာသည့်ပစ္စည်းများနှင့် ခိုက်မိခြင်း
Ø  အပေါက်ကျွံခြင်း
Ø  ရှသော၊ ထက်သော၊ ချွန်ထက်သော အရာများနှင့် ထိမိ၊ ရှမိခြင်း
Ø  ခလုတ်တိုက်လဲခြင်း
Ø  ထုပ်တန်းများနှင့် တိုက်မိခြင်း
Ø  မီးပူတိုက်နေစဉ် အပူလောင်ခြင်း၊ မီးလောင်ခြင်း
Ø  သစ်သားကြမ်းခင်းတွင် သံများကြွနေ၍ မတော်တဆ ခလုတ်တိုက်ကာ ခြေထောက်ဒဏ်ရာရခြင်း
Ø  သစ်သားတန်း၊ ပျဉ်ပြားများတွင် သံများရှိနေ၍ သံဖြင့် ခြစ်မိခြင်း
Ø  သွပ်ပြားများကို သေချာစွာ သိမ်းမထား/ကာမထားသဖြင့် ခြစ်မိ၊ ရှမိခြင်း
Ø  ရေနစ်ခြင်း
Ø  မြွေစသည့် အဆိပ်ရှိသတ္တ၀ါများ အကိုက်ခံရခြင်း

ကာကွယ်ရန် နည်းလမ်းများ

Ø  မတတ်ကျွမ်းဘဲ အိမ်သုံးပစ္စည်း အထူးသဖြင့် လျှပ်စစ်ပစ္စည်းများကို မပြင်ပါနှင့်။ တတ်ကျွမ်းသူကို ခေါ်ပြင်ပါ။
Ø  အပေါ်သို့တက်လျှင် လှေခါးစသည်တို့ဖြင့် တက်ပါ။ ကုပ်ကပ်ပြီး တွယ်တက်ပါက ပြုတ်ကျနိုင်သည်။
Ø  လှေခါးထောင်သည့်အခါ ၁း၎ ဖြင့်ထောင်ပါ။ ခိုင်ခိုင်မြဲမြဲ ထောင်ပါ။ ခနော်နီခနော်နဲ့လှေခါး မသုံးပါနှင့်။
Ø  တံခါးနောက်တွင် လှေခါးထောင်ပြီး အလုပ်လုပ်နေသည့်အခါ တံခါးကို ဂျက်ချပိတ်ထားပါ။
Ø  သုံးသည့်လှေခါးသည် ဆွေးမြေ့ပျက်စီးနေသော လှေခါးမဖြစ်စေရ။
Ø  အပေါက်များရှိပါက သည်အတိုင်းမထားပါနှင့်။ ပျဉ်ပြားဖြင့်သံရိုက်ပြီး ခိုင်မြဲစွာ ဖုံးအုပ်ထားပါ။
Ø  ကြမ်းခင်းသည် ပျဉ်ခင်းဖြစ်ပါက ပျဉ်များပေါက်ပြဲဆွေးမြေ့နေမနေ စစ်ဆေးပါ။ အကယ်၍ ဆွေးနေသည့် ပျဉ်ပြားများတွေ့ပါက အချိန်မီ လဲလှယ် အသစ်ခင်းပါ။
Ø  ဘီရို၊ စင် စသော အမြင့်ပေါ်၌ ပစ္စည်းများထားသည့်အခါ အစွန်းတွင် မထားပါနှင့်။ အတွင်းဘက်သို့ ရွှေ့ထားပါ။
Ø  ထိုပစ္စည်းများကို ယူသည့်အခါတွင်လည်း ဆွဲမချပါနှင့်။ ခုံနှင့်တက်ပြီး သေချာကျနစွာ ယူပါ။
Ø  နံရံ၊ ကြမ်းချင်းစသည်တို့တွင် သံငုတ်များ ကြွတက်နေပါက၊ သို့မဟုတ် ပျဉ်ပြားများကြွတက်နေပါက ချက်ချင်းပြန်ရိုက်ပါ။ သံချောင်နေပါက နေရာရွှေ့ပြီး သံအသစ်ဖြင့် ရိုက်ပါ။
Ø  အလုပ်ပြီးသည့်အခါ လက်သုံးကိရိယာများကို ချက်ချင်းပြန်သိမ်းပါ။ ကြမ်းပြင်ပေါ် ပြန့်ကျဲမထားခဲ့ပါနှင့်။
Ø  အိမ်တွင် မီးကြိုးများကို ယာယီသွယ်တန်းသည့်အခါ ခေါင်းပေါ်မှသာ သွယ်တန်းပါ။ ကြမ်းပြင်ပေါ်ချပြီး သွယ်တန်းလျှင် ခလုတ်တိုက်လဲနိုင်သည်။
Ø  မီးပူတိုက်လျှင် မီးပူကို အပြားလိုက်ချမထားပါနှင့်။ မည်သည့်အခါမဆို အမြဲထောင်ထားပါ။ ဖြစ်နိုင်လျှင် မီးပူထောင်သည့် အခါတိုင်း လူနှင့်ဝေးရာ နံရံဘက်တွင် ထောင်ပါ။
Ø  သွပ်ပြား၊ သံ စသည့် ရှတတ်၊ စူးတတ်သော ပစ္စည်းများကို သေချာစွာ သိမ်းဆည်းထားပါ။
Ø  အိမ်အနီးတွင် ရေတွင်း၊ ရေကန်၊ ချောင်း၊ မြောင်းများရှိပါက ကလေးများကို အမြဲဂရုစိုက်ပါ။ လွှတ်မထားပါနှင့်။ သက်ကြီး ရွယ်အိုမိဘများရှိလျှင်လည်း ထိုနေရာများသို့ မသွားရန် သတိပေးပါ။
Ø  အိမ်၌ မသန်စွမ်းသူများရှိပါက သူတို့အတွက် လမ်းလျှောက်ရာတွင်လည်းကောင်း၊ ထိုင်/ထရာတွင်လည်းကောင်း ကိုင်နိုင်ရန် လက်တန်းများ လုပ်ပေးထားပါ။ အထူးသဖြင့် လှေခါးအတက်အဆင်းများတွင် လက်တန်းရှိပါစေ။
Ø  အထပ်မြင့်အိမ်ခန်းများဖြစ်ပါက ပြူတင်းပေါက်အားလုံးကို သံဇကာဖြင့် ကာထားပါ။
Ø  ပြူတင်းပေါက်ဘောင်များပေါ်တွင် ပန်းအိုးစသည့် အောက်ပြုတ်ကျနိုင်သော မည်သည့်ပစ္စည်းမှ တင်မထားပါနှင့်။
Ø  အပေါက်များ၊ ချောင်ကြိုမြောင်ကြားများ၊ မသုံးတာကြာသည့် ဖျာလိပ်များအတွင်း ရမ်းမနှိုက်ပါနှင့်။ မြွေကင်းစသည်တို့ ရှိနေတတ်သည်။ (အထူးသဖြင့် ရေတက်ပြီးပြန်ကျသွားသည့် အခါမျိုးများတွင်) တုတ် စသည်ဖြင့် ခြောက်လှန့်မောင်းထုတ်ပါ။

နိဂုံး

မတော်တဆမှုဟူသည် ကြိုတင်ကာကွယ်ရသောအရာဖြစ်၏။ ဖြစ်ပြီးမှဆိုလျှင် ဘာမှ မတတ်နိုင်။
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် အသက်တို့မှာ မည်သည့်အရာနှင့်မှ အစားထိုးလဲလှယ်လို့ ရစကောင်းသော အရာမဟုတ်။
ထို့ကြောင့် အန္တရာယ်ကင်းရေး အသိရှိကြလျှက် အရာရာကို သတိဝီရိယနှင့် ဆောင်ရွက်ရန် အရေးကြီးလှပါကြောင်း။


ကျေးဇူးတင်ပါသည်။


အေးငြိမ်း (လေးမျက်နှာ)
၈ ဇန္န၀ါရီ၊ ၂၀၁၇


No comments: