Saturday, February 4, 2017

ပလေတိုးနိဒါန်း မိတ်ဆက်

(၁)

ကျွန်တော် ဆရာဇော်ဂျီဘာသာပြန်ထားသည့် ပလေးတိုးနိဒါန်းကို ဖတ်ဖူးသည်မှာ အသက် (၁၉) နှစ်အရွယ်။ ဒေသကောလိပ် ဒုတိယနှစ်ကျောင်းသားဘ၀က ဖြစ်၏။ ထိုစဉ်က ဟင်္သာတမြို့လယ်ရှိ ပြန်ကြားရေးစာကြည့်တိုက်တွင် ဖတ်ခဲ့တာဖြစ်ပါသည်။ သို့သော် ပညာအခံကနည်းသေး၍ ဘာတွေရေးထားမှန်း သေသေချာချာ နားမလည်ခဲ့ပါ။ ယခု ပြန်ဖတ်သည့်အခါကျမှ လုံးစေ့ ပါဠ်စေ့ နားလည်ပါတော့သည်။ သို့မို့ကြောင့် မူရင်းစာ၏ အရသာကို ခုမှ ကျကျနန ခံစားနိုင်ပါတော့၏။

ကျွန်တော်တို့သည် ဟင်းကောင်းကောင်းလေးများနှင့် ထမင်းစားရသည့်အခါ ကိုယ့်ချစ်သူများကို သတိရသကဲ့သို့ စာအုပ်ကောင်းလေးများ ဖတ်ရသည့်အခါတွင်လည်း ချစ်မိတ်ဆွေများကို သတိရမိတတ်၏။ ထို့ကြောင့် ပလေးတိုးနိဒါန်းကို ဖတ်ပြီးသည့်အခါတွင်လည်း မိတ်ဆွေများကို ဖတ်စေချင်သည့် စေတနာပေါ်လာသောကြောင့် ယခုစာကို ရေးလိုက်ရခြင်း ဖြစ် ပါကြောင်း။

(၂)

ပလေးတိုးနိဒါန်းမှာ ဆရာဇော်ဂျီက ပလေးတိုးရေးခဲ့သော စာများအား မြန်မာပရိသတ်နှင့် မိတ်ဆက်ပေးလို၍ ကျမ်းစာများမှ ကောင်းနိုးရာရာများကို ထုတ်နုတ်ဘာသာပြန်ထားခြင်း ဖြစ်၏။

ပလေးတိုးနိဒါန်းအမှာတွင် ဆရာက ပလေးတိုးနိဒါန်းရေးရခြင်းအကြောင်းကို အောက်ပါအတိုင်း -

“ပလေးတိုးနိဒါန်းသည် ရှေးခေတ် ဂရိဒဿနိကဆရာ ပလေးတိုးရေးခဲ့သော ဖီဒရကထာ၊ သီတိတကထာ၊ အိုင်အုန္နကထာ၊ လက်ခီကထာ၊ ခါမိဒိကထာ၊ လိုင်စီကထာ၊ ဂေါဂျိယာကထာ၊ မီနိုကထာ၊ စာပွဲသဘင် ကထာ၊ သမ္မတနိုင်ငံကထာ၊ ချေပချက်ကထာ၊ ခရီတော်ကထာ၊ ဖီဒိုကထာ စာတမ်း (၁၃) ပုဒ်မှ ကောက်နုတ်သောစာများကို မြန်မာဘာသာပြန်လျက် ၁၉၆၁ ခုနှစ်လောက်မှစ၍ မြန်မာစာဖတ်ပရိသတ်အတွက် မိတ်ဆက်သဘောအဖြစ်ဖြင့် ငွေတာရီ မဂ္ဂဇင်း၌ ဖော်ပြခဲ့သော စာစုဖြစ်ပါသည်။ ဤစာစုတွင် ခရီတော်ကထာနှင့် မီနိုကထာ နှစ်ပုဒ်သည် အစအဆုံး အပြည့်အစုံ ဖြစ်၍ ကျန်စာများသည် ကောက်နုတ်ချက်စာများ ဖြစ်သည်။” - ဟု ဖော်ပြထားပါသည်။

ပလေတိုး၏ ကျမ်းစာများမှာ အတော်များ၏။ ကျမ်းစာလေးအုပ်စီပါသောအစုများ (tetralogies) ခွဲလိုက်လျှင် ကိုးစုရသည်။
၁။ Euthyphro, Apology, Crito, Phaedo
၂။ Cratylus, Theaetetus, Sophist, Statesman
၃။ Parmenides, Philebus, Symposium, Phaedrus
၎။ Alcibiadest, Second Alcibiades, Hipparchus, Rival Lovers
၅။ Theages, Charmides, Lches, Lysis
၆။ Euthydemus, Protagoras, Gorgias, Meno
၇။ Greater Hippias, Lesser hippias, Ion, Menexenus
၈။ Clitophon, Republic, Timaeus, Critias
၉။ Minos, Laws, Epinomis, Letters

ထို့ပြင် Definitions, On Justice, On Virtue, Demodocus, Sisyphus, Halcyon, Eryxias, Axiochus, Epigrams တို့လည်း ရှိသေးရာ စုစုပေါင်း ၄၅ စောင်လောက် ဖြစ်ပါသည်။

ထိုသည့်ကျမ်းစာများအနက် ဘယ်နှစ်အုပ်လောက် မြန်မာဘာသာပြန်ပြီးဖြစ်သည်ကို ကျွန်တော်မသိပါ။ ကျွန်တော့်ဆန္ဒကို ပြောရပါမူ အားလုံးကို ဘာသာပြန်စေချင်ပါသည်။ ဒဿနိကဆရာများအား နည်းနည်းချင်းစီ ဘာသာပြန်ကြရန်လည်း တိုက်တွန်းပါ၏။ အမှန်ကိုဆိုရပါမူ ထိုစာများကို အင်္ဂလိပ်လိုဖတ်ရတာ ကျွန်တော့်အနေနှင့် လုံးစေ့ပါဠ်စေ့ နားမလည်ပါ။ ဆရာဇော်ဂျီ၏ ပလေးတိုးနိဒါန်းကို ဖတ်စဉ်တွင်ပင် ယခုတခေါက်ပြန်ဖတ်သည့်အခါမှ နားလည်ပါသည်။

(၃)

ပလေးတိုးနိဒါန်းအား ဆရာဇော်ဂျီမြန်မာမှုပြုထားသည်ကို ဖတ်ရတာ စာအလွန်ချောပါသည်။ စာတစ်လုံးချင်းစီကို လုံးကောက် ဘာသာပြန်ခြင်းမဟုတ်မူ၍ မူရင်းအဓိပ္ပာယ်ကိုလည်း မပျက်စေဘဲ မြန်မာစကားနှင့် ဆီလျော်အောင် ထည့်တန်တာထည့်၊ ဖြုတ်တန်တာဖြုတ် ဘာသာပြန်ထားခြင်းဖြစ်၏။ သို့အတွက် ဆရာကြီးကို ကျွန်တော် အလွန်အထင်ကြီး လေးစားမိပါသည်။ အကယ်၍ ဤစာများကို ကျွန်တော်လုံးစေ့ပါဠ်စေ့ နားလည်သည့်တိုင် ဘာသာပြန်လျှင် ဆရာကြီးကဲ့သို့ စာချောအောင် ဘာသာပြန်နိုင်မည် မထင်ပါ။

ဆရာဇော်ဂျီက ဘာသာပြန်ရာတွင် ခံယူရမည့်သဘောထားကို သူ၏ “ရသစာပေ ဘာသာပြန် ပြဿနာအချို့” စာတမ်းတွင် အောက်ပါအတိုင်း ဖော်ပြထား၏။ (ကျွန်တော်က လိုသလောက်သာ ကောက်နုတ်ထားခြင်းဖြစ်ပြီး အားလုံး အပြည့်အစုံ မဟုတ်ပါ။)

“ဆိုလိုရင်းမှာ ဘာသာပြန်မည်ပြုကြသောအခါ -
(က) မူလစာရေးဆရာသည် သူ့လူမျိုးပရိသတ်၌ မြင်ယောင်ယောင် ကြားယောင်ယောင်ဖြစ်အောင် ပြုတတ်သကဲ့သို့ ဘာသာပြန်သူသည် ကိုယ့်လူမျိုးပရိသတ်၌ မြင်ယောင်ယောင် ကြားယောင်ယောင် တတ်နိုင်သမျှ ပြုတတ်ခြင်းရှိခဲ့လျင်”

ယခု ဆရာဇော်ဂျီ၏ လက်ရာတစ်ခုကို နမူနာပြပါမည်။ မိတ်ဆွေတို့ ခံစားကြည့်ပါ။

SOCRATES: Phaedrus, my friend! Where have you been? And where are you going?
ဆော့ခရတ္တိ။   ။ အချင်း အဆွေကောင်း ဖိဒရ၊ အသင်သည် အဘယ်အရပ်မှလာ၍ အဘယ်အရပ်သို့ သွားမည်ပြုပါသနည်း။

PHAEDRUS: I was with Lysias, the son of Cephalus, Socrates, and I am going for a walk outside the city walls because I was with him for a long time, sitting there the whole morning. You see, I’m keeping in mind the advice of our mutual friend Acumenus, who says it’s more refreshing to walk along country roads than city streets.
ဖီဒရ။   ။ ဆော့ခရတ္တိ၊ ဆိဖလ၏သား လိဆိအဲ့ထံမှ လာပါသည်၊ ယခု မြို့ပြင်တောစခန်းသို့ လမ်းလျှောက်ထွက်မည် ကြံစည်ပါ သည်။ ကျွန်ုပ်သည် လိဆိအဲ့၏အိမ်ခန်း၌ တစ်မနက်လုံးထိုင်ခဲ့သည်။ အကုမိနကို အသင်လည်း သိသည်၊ သူလည်း ကျွန်ုပ်နှင့် အတူရှိသည်၊ ကျောင်းသင်ခန်းထဲမှာ အောင်းနေရသည်ထက် လဟာပြင်သို့ထွက်၍ လမ်းလျှောက်ရသည်က ပိုကောင်းသည်၊ လန်းလန်းဆန်းဆန်းရှိသည်ဟု သူက ပြောလိုက်သည်။

SOCRATES: He is quite right, too, my friend. So Lysias, I take it, is in the city?
ဆော့။    ။ ဟုတ်လှပါပေသည်။ လိဆိအဲ့သည် အက်သင်းမြို့တွင် ယခုရောက်နေသည်ပါ့။

PHAEDRUS: Yes, at the house of Epicrates, which used to belong to Morychus, near the temple of the Olympian Zeus.
ဖီ။    ။ ရောက်နေပါသည်၊ မော်ရိခ၏အိမ်၌ အက်ပိခရတ္တိနှင့်အတူ တည်းခိုနေပါသည်။ မော်ရိခ၏အိမ်ကို အသင်သိပါသလော၊ နတ်မင်းကြီး ဇု၏ နတ်ကွန်းအနီးကအိမ် ဖြစ်သည်။

SOCRATES: What were you doing there? Oh, I know: Lysias must have been entertaining you with a feast of eloquence.
ဆော့။    ။ ဖီဒရ၊ လိဆိအဲ့သည် အသင့်အား အဘယ်စကားကို ပြောဟောလိုက်ပါသနည်း၊ အသင် သဘောကျပါ၏လော၊ အကြောင်းတစ်ခုခုကို လိဆိအဲ့ပြောဟောလိမ့်မည်ဟု ကျွန်ုပ်ထင်သည်။

PHAEDRUS: You’ll hear about it, if you are free to come along and listen.
ဖီ။    ။ ပြောပါသည်၊ ကျွန်ုပ်လမ်းလျှောက်ရာသို့သာ အသင်လိုက်နိုင်လျှင် အသင် ကြားရပါလိမ့်မည်။

SOCRATES: What? Don’t you think I would consider it “more important than the most pressing engagement,” as Pindar says, to hear how you and Lysias spent your time?
ဆော့။    ။ ဖီဒရ၊ အသင်တို့ပြောဟောကြသော စကားကို ကျွန်ုပ်ကြားချင်လှပါသည်၊ တရားနာရသော အလုပ်သည် ‘အလုပ်တကာတို့ထက် မြတ်သောအလုပ်’ ဖြစ်၏ဟု စာဆို ပင်ဒါက ဆိုခဲ့သည် မဟုတ်လော။

PHAEDRUS: Lead the way, then.
ဖီ။    ။ လမ်းလျှောက်ကြရအောင်။

SOCRATES: If only you will tell me.
ဆော့။    ။ အသင်ကလည်း ပြောပြမည် မဟုတ်ပါလော။

PHAEDRUS: In fact, Socrates, you’re just the right person to hear the speech that occupied us, since, in a roundabout way, it was about love. It is aimed at seducing a beautiful boy, but the speaker is not in love with him—this is actually what is so clever and elegant about it: Lysias argues that it is better to give your favors to someone who does not love you than to someone who does.
ဖီ။    ။ ဆော့ခရတ္တိ၊ ကျွန်ုပ်ပြောပြရမည့်အကြောင်းသည် အသင်ပြောဟောဖူးသော အကြောင်းမျိုးပင် ဖြစ်သည်။ မေတ္တာ၏ သဘောအကြောင်း ဖြစ်သည်၊ အရပ်ကြိုက် ပေါ်ပင်အကြောင်းဖြစ်သည်။ ယခုတလောတွင် လိဆိအဲ့သည် မေတ္တာရှိသူ မဟုတ်သောသူက မေတ္တာစကားဖြင့် ပိုးလားပန်းလားလုပ်လာသဖြင့် မတွေးတတ် မကြံတတ် အကျပ်ကြုံနေရသော လုလင်ပျို လူချောလူလှတစ်ယောက် အကြောင်းကို စာတမ်းတစ်ပုဒ်ဖြစ်အောင် ရေးသည်။ ထိုစာတမ်း၏ လိုရင်းအချက်သည် မေတ္တာရှိသူကို လက်ခံရခြင်းထက် မေတ္တာရှိသူ မဟုတ်သောသူကို လက်ခံရသည်က သာ၍ကောင်းသည်ဟူသော အချက်ဖြစ်သည်။ ထိုအချက်ကို ပရိသတ်အတွက် နှစ်သက်လက်ခံစရာဖြစ်လာအောင် အာဝဇ္ဇန်းခပ်ဝေေ၀ လက်တန်းဉာဏ် ခပ်ပွေပွေဖြင့် လိဆိအဲ့က တင်ပြထားသည်။

SOCRATES: What a wonderful man! I wish he would write that you should give your favors to a poor rather than to a rich man, to an older rather than to a younger one—that is, to someone like me and most other people: then his speeches would be really sophisticated, and they’d contribute to the public good besides! In any case, I am so eager to hear it that I would follow you even if you were walking all the way to Megara, as Herodicus recommends, to touch the wall and come back again.
ဆော့။     ။ ရွေ့၊ လိဆိအဲ့သည် ချီးကျူးစရာပါပေ၊ ထိုသို့သာ တင်ပြတတ်သည်ဖြစ်လျှင် ကျွန်ုပ်သည် ၀ါစနာလင်္ကာ စာရေးဆရာ လိဆိအဲ့အား သူကြွယ်ထက်သူဆင်းရဲအကြောင်းကို အသားပိုပေး၍ ရေးစေချင်သေးသည်၊ ပျိုမျစ်သူထက် ဇရာအိုအကြောင်းကို အသားပိုပေး၍ ရေးစေချင်သေးသည်။ ထိုသို့သာ ရေးမည်ဆိုလျှင် ကျွန်ုပ်၏ ဘ၀အကြောင်းလည်း ပါလာနိုင်၍ လူများစု၏ ဘ၀အကြောင်းလည်း ပါလာနိုင်မည်ဖြစ်သည်။ လူဆင်းရဲလူမွဲအကြောင်း၊ ဇရာအိုအကြောင်း အကောင်းရေးသော စာတမ်းမျိုးသည် အသစ်အဆန်း စိတ်ချမ်းမြေ့စရာဖြစ်မည်။ လူခပ်သိမ်းကို အကျိုးပြုသည်လည်း မည်ပေလိမ့်မည်။ ကောင်းပါပြီ။ လိဆိအဲ့တင်ပြသည်ဆိုသော အချက်ကို ကျွန်ုပ်နာချင်လှပါပြီ။ အချင်း ဖီဒရ၊ သူ့စာကိုသာ နာရသည်ဖြစ်လျှင် အသင်နှင့်အတူ ငါးမိုင်လောက်ဝေးသော မီဂရမြို့အထိ ခြေကျင်လျှောက်ရစေကာမူ ကျွန်ုပ်လိုက်မည်။ မီဂရမြို့မှာမနားဘဲ ချက်ချင်းပင် ခြေကျင်ပြန်လာစေကာမူ ကျွန်ုပ်လိုက်မည်။

ဤသည်မှာ ဘာသာပြန်ခြင်းအနုပညာ ဖြစ်ပါသည်။ ဆရာဘာသာပြန်ထားတာကို ဖတ်ကြည့်ပါ။ ဘာသာပြန်ထားမှန်းကို မသိရ။ သူ့ဘာသာ ရေးထားသကဲ့သို့ ထင်ရသည်။

ကြည့်ပါခင်ဗျာ။ ဆရာက older နှင့် younger ကို ဇရာအိုနှင့် ပျိုမျစ်သူ ဟု ပြန်ဆိုထားသည်မှာ မည်မျှ လှလိုက်ပါသလဲ။ ဤသည်မှာ အတတ်ပညာဖြစ်သည်။ မိမိဘာသာရပ်ကို ခြေခြေမြစ်မြစ် နားလည်ခြင်း ဖြစ်သည်။

ဤသည့်အကြောင်းကို ဆရာမင်းသုဝဏ်က ဘာသာပြန်နှင့်ပတ်သက်၍ သူ့ဟောပြောချက်တွင် -

“ဘာသာပြန်ဆရာအကျော်အမော်တို့၏ လုပ်ငန်းများကို လေ့လာကြည့်သောအခါ အောက်ပါလိုလားအပ်သော အချက် (၃) ရပ်ကို တွေ့ရပါသည်။

(၁) ဘာသာပြန်သူသည် ကိုယ့်ဘာသာရပ်ကို ခြေခြေမြစ်မြစ်နားလည်ရမည်။
(၂) ဘာသာပြန်သူသည် သူ့ဘာသာစကားကို ခြေခြေမြစ်မြစ်နားလည်ရမည်။
(၃) ဘာသာပြန်သူသည် မိမိပြန်ဆိုမည့်စာအုပ်ကို သို့တည်းမဟုတ် ပညာရပ်ကို ခြေခြေမြစ်မြစ်နားလည်ရမည်။”

ဟု ညွှန်ပြထားပါသည်။

အချက်ပါ (၃) ရပ်နှင့်မပြည့်စုံသူတို့၏ ဘာသာပြန်လက်ရာများကို ဖတ်ရလျှင် ပထမစာတစ်ကြောင်းနှင့်ပင် ဘာသာပြန်ဆိုတာ သိနိုင်လေတော့၏။

(၄)

အထူးခြားဆုံးမှာကား ပလေးတိုးနိဒါန်းတွင် ဆရာက လူတို့၏ စိတ်နေသဘောထားကိုပါ သရုပ်ပေါ်အောင် ရေးဖွဲ့ပြနိုင်ခြင်းပင် ဖြစ်ပါသည်။ ဖတ်နေရင်းနှင့်ပင် ဆော့ခရတ္တိက ဘယ်လိုလူစားမျိုး၊ မီနိုဆိုတာ ဘယ်လိုလူစား၊ ခရီတော်ဆိုတာ ဘယ်လိုလူစား ခန့်မှန်းနိုင်သည်။ ထိုအကြောင်းကိုလည်း ပလေးတိုးက ထိုသူများ မည်ကဲ့သို့စိတ်နေသဘောထားရှိကြောင်း သရုပ်ဖော် ရေးဖွဲ့ထားသည်ကို အင်္ဂလိပ်ဘာသာပြန်ဆရာများက အနီးစပ်ဆုံး ဘာသာပြန်နိုင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။ အင်္ဂလိပ်ဆရာများဘာသာပြန်ထားသည်ကို မူရင်း ပလေးတိုး၏ အာဘော်မိအောင် ဆရာက ရေးဖွဲ့ပြနိုင်သည်မှာ ၎င်း၏ ထူးခြားသော အရည်အချင်းပင်ဖြစ်ပါသည်။ 

ပလေးတိုးနိဒါန်းတွင် ကျွန်တော်အကြိုက်ဆုံးအခန်းကို ပြပါဆိုလျှင် ချေပချက်ကထာနှင့် ဆော့ခရတ္တိ၏ ဘ၀နိဂုံးပိုင်း ဖြစ်ပါသည်။ အခန်းအားဖြင့် -

ချေပချက်ကထာမှ -
၁၉။ ဆော့ခရတ္တိ၏ ပညာရှိသဘော အယူအဆ
၂၀။ ဆော့ခရတ္တိ၏ မှက်ရဲဥပမာ
၂၁။ ဆော့ခရတ္တိ၏ လူဖြစ်ကျိုးမနပ် တရား

ခရီတော်ကထာမှ -
၂၂။ ဆော့ခရတ္တိ၏ အရပ်ထင်မြင်ချက်အယူအဆ
၂၃။ ဆော့ခရတ္တိ၏ နိုင်ငံသားကောင်း အယူအဆ

ဖီဒေါ်ကထာမှ -
၂၄။ ဆော့ခရတ္တိ၏ ဘ၀နိဂုံး

စာဖတ်ဝါသနာပါသူ မိတ်ဆွေများအား ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါဟု တိုက်တွန်းလိုက်ရပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၎ ဖေဖော်ဝါရီ၊ ၂၀၁၇။ နံနက် ၅း၃၀ နာရီ

No comments: