Thursday, July 6, 2017

လိုချင်တာမိဖုရား၊ ညားတော့ ဘုရင်မ

(၁) အချီး

အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ပြဌာန်းစာများထဲတွင် မင်းလက်ဝဲသုန္ဒရ ပြဇာတ်လည်းပါ၏။ သိတော်မူကြသည့်အတိုင်း နန်းတွင်းသူတစ်ဦးနှင့် လူပျိုတော်ငအောင်တင်တို့ ချစ်ကြိုက်မိကြရာ ငအောင်တင်ကို ဖမ်းခိုင်းသည်။ ၎င်းကိုကြည့်ရှု ထိန်းသိမ်းရသော လက်ဝဲသုန္ဒရအမတ်က ငအောင်တင်ကို ဖမ်းမပေးနိုင်သည့်အခါ ဘုရင်ကသတ်စေ အမိန့်ချသည်။ လက်ဝဲသုန္ဒရကတော်က ဘုရင့်မယ်တော်ကို အသနားခံ၍သာ အသတ်မခံရ။ သို့တိုင် မဲဇာသို့ အပို့ခံရသည်။
သည်တော့ ဘယ့်နဲ့ကွယ်၊ သူတို့ဘာသာသူတို့ လူပျိုအပျို ချစ်ကြကြိုက်ကြတာနဲ့ မဆီမဆိုင် လက်ဝဲသုန္ဒရကို အသတ်ခိုင်းရ တယ်လို့ အတော်မတရားတဲ့ ဘုရင်ပေကပဲ ဟု ကျွန်ုပ်တွေးမိ၏။ သည်မှဆက်၍ ရှေးခေတ်က ဘုရင်များအကြောင်း တသီ ကြီး ခေါင်းထဲ ၀င်လာပါသည်။

(၂) ဘုရင်စနစ် Vs ပါလီမန်စနစ်

ကျွန်တော် ဒေသကောလိပ်ပထမနှစ်ပထမနှစ်တက်စက စိုင်းထီးဆိုင်၏ လူကြမ်းမင်းသားစီးရီးထွက်ခဲ့သည်။ ထိုစီးရီးမှ ပထမဆုံးသီချင်းမှာ လိုချင်တာမိဖုရား၊ ညားတော့ဘုရင်မ ဖြစ်၏။ ထိုသီချင်းနားထောင်ခဲ့စဉ်က သီချင်း၏ အဓိပ္ပာယ်ကို သေသေချာချာနားမလည်ခဲ့။ ဆိုလို့တော့ ကောင်းပါသည်။ ကျွန်တော့်စိတ်ထဲတွင် ဘုရင်မနဲ့ညားတာ နဲ့ မိဖုရားနဲ့ညားတာ ဘာကွာလို့တုန်း ဟု သည်လိုပင်ထင်ခဲ့မိသည်။ ကောလိပ်ရောက်နေပြီ ဖြစ်သည့်တိုင် သေသေချာချာ မခွဲခြားတတ်။ အစ်ကိုကြီးများက ဟေ့ကောင်ရ၊ မိဖုရားနဲ့ညားရင် ရှင်ဘုရင်ဖြစ်တာပေါ့။ ဘုရင်မနဲ့ညားတော့ ဘာဖြစ်မတုံး။ ဘုရင်မလင်ပဲ ဖြစ်တော့မပေါ့ကွ။ မင်းကလဲ - ဟု ရှင်းပြပါသည်။ သို့တိုင် ကျွန်တော် သိပ်သဘောမပေါက်ခဲ့ပါ။
(ဒေသကောလိပ် = ဆယ်တန်းအောင်ပြီး တက္ကသိုလ်မတက်ခင်တက်ရသော ကောလိပ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က ပေါ်ခဲ့၏။ ယခု အသက် ၅၀ နှင့် ၆၀ ကြား ဘကြီး၊ ဒေါ်ကြီးများ တက်ခဲ့ရသည်။ ဤကား စကားချပ်)
နောက် အသက်ကလေးရလာတော့မှ သည် သီချင်းခေါင်းစဉ်ကို သေသေချာချာ သဘောပေါက်ခဲ့တော့သည်။ သို့သော် အားလုံးတော့ ကျွန်တော် ကြိုက်တာမဟုတ်ပါ။ အဘယ်ကြောင့်မကြိုက်သနည်း။
ကျေးတောသူဖြစ်ဖြစ် နန်းတွင်းသူဖြစ်ဖြစ် မြို့ကြီးသူဖြစ်ဖြစ်၊ သူများမယားဖြစ်ဖြစ် ရှင်ဘုရင်က တော်ကောက်လိုက်ပြီဆိုလျှင် ဘယ်သူမဆို မိဖုရားဖြစ်တော့သည်။ ခပ်လွယ်လွယ်ပြောရလျှင် ဘုရင်နှင့်ညားတော့ မိဖုရားဖြစ်သည်။
သို့သော် မိဖုရားနှင့်ညားပြီဆိုရုံမျှနှင့် အော်တိုမက်တစ် ဘုရင်ဖြစ်နိုင်ပါသလား။ ဘုရင့်မယားသည် မိဖုရားဖြစ်သော်လည်း မိဖုရား၏လင်မှာမူ ဘုရင်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရင်ဟူသည် အရည်အသွေးတစ်ခုခု၊ မြန်မာတို့အလိုဆို အင်မတန် ဘုန်းကံကြီးမားတော်မူလှပါမှ ဘုရင်ဖြစ်သောကြောင့်တည်း။
ရာဇ၀င်များတွင်လည်း ကျွန်တော်တော့ မိဖုရားနှင့်ညားပြီး ဘုရင်ဖြစ်လာသူဆိုတာ မတွေ့ဖူးဟု ထင်ပါသည်။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ မြန်မာရာဇ၀င်၌ ဘရုတ်သုက္ခ ဘုရင်ဖြစ်လာသူတွေ ရှိ၏။ ရှိခဲ့ဖူးသည်ဟု ဖတ်ခဲ့ရ ပါသည်။ ဦးဖိုးကျား၏ ခေတ်မှီမြန်မာရာဇ၀င်အကျဉ်းတွင် ပုဂံသမိုင်းကို ဖော်ပြထားရာ စလေငခွေးမင်းအကြောင်းလည်း ပါ၏။
စလေငခွေးဆိုတာ ယခင်ပုဂံမင်းတစ်ပါး၏ အဆက်အနွယ်တစ်ဦးဖြစ်သည်။ စလေတွင်နေပြီး မိဘများမှာဆင်းရဲလှသဖြင့် လှေထိုးလိုက်ရ၏။ လှေထိုးလိုက်ရင်း ပုဂံမရောက်မီ တစ်ညတွင် မိမိဗိုက်မှ အူများအခွေလိုက်ထွက်ပြီး ပုဂံပြည်ကို ရစ်ပတ်ရသည်ဟု အိပ်မက်မက်၏။ နောက်တစ်နေ့ လှေဆက်ထိုးသွားလေရာ လှေတက်တွင် ရွှေလင်ပန်းကိုထိုးမိပြီး ငြိပါလာသည် ဆို၏။ ငါ့အိပ်မက် ဆန်းလှသည်။ ဒီလင်ပန်းလောက်နဲ့မတန် ဆိုကာ ရွှေလင်ပန်းကို ခါချခဲ့လေသည်။
ပုဂံရောက်၍ ပုဏ္ဏားပညာရှိထံ မိမိအိပ်မက်အကြောင်း မေးမြန်းရာ ပုဂံတွင် မင်းဖြစ်မည်ဟု ဟောလိုက်၏။ ထို့နောက် ငခွေးသည် ပုဂံပြည် တန်နက်မင်းထံခစားရာ မင်းကနှစ်သက်သည်နှင့် မြင်းခံခန့်ထား၏။ ဘုရင်သည် မြင်းတင်းကုပ်သို့ မောင်းမငယ်တစ်ယောက်နှင့် နေ့စဉ်မြင်းကြည့်လာ၏။ သို့နှင့် ထိုမောင်းမငယ်နှင့် ငခွေးတို့ ချစ်ကြိုက်ပြီးသကာလ ငခွေးက မောင်းမငယ်နှင့်တိုင်ပင်ပြီး နောက်တစ်ခါ ဘုရင် မြင်းတင်းကုပ်သို့အလာတွင် မြင်းချေးတွင်းသို့ တွန်းချ သတ်လိုက်လေသည်။ သို့နှင့် ငခွေးမင်းဖြစ်လာ၏။ မင်းဖြစ်ရတာ မလွယ်ပေဘူးလားခင်ဗျာ။
နောက်တစ်ယောက်ကား တောင်သူကြီးမင်းဖြစ်၏။ သိန်းခိုမင်းသည် မြင်းစီး၍ တောကစားသွားရာမှ ဗိုက်ဆာလာသည်နှင့် တောင်ယာတစ်ခုအတွင်းဝင်ကာ သခွားသီးများကို ခူးစားသည်။ တောင်ယာရှင်က ဘုရင်မှန်းမသိဘဲ ဟင်၊ သည်အကောင် ငါ့တောင်ယာထဲဝင်ပြီး စော်စော်ကားကား ငါ့သခွားသီးတွေခူးစားတယ်။ သေရော့လဟဟုဆိုကာ တုရွင်းရိုးနှင့်ရိုက်လေရာ သေလေ၏။
သိန်းခိုမင်း၏လူများရောက်လာပြီး အကြောင်းစုံသိရလေသော် ထိုယာခင်းရှင်ကြီးကို အတင်းမင်းပြုခိုင်းလေသည်။ သို့တိုင် ယာခင်းရှင်က အသီးအပွင့်များဖြင့် ဝေေ၀ဆာဆာရှိလှသည့် သူ့ယာခင်းကိုပစ်ပြီး မင်းမပြုနိုင်ဟု အတင်းငြင်းသော ဟူ၏။ မင်းချင်းများက အလိုကိုတောင်သူရယ်၊ ခင်ဗျားတောင်ယာခင်းကိုလည်း ပိုင်ရပါစေ့မယ်။ မင်းစည်းစိမ်ကို ခံစားကြည့်စမ်းပါဗျာ ဟု အတင်းတွန်းမှ လက်ခံလေသောဟူသတတ်။ အင်း၊ ဒွန္နယာကြီးမယ်၊ ဘုရင်မလုပ်ချင်သူလည်း ရှိသေးသကိုး။
သက်ဦးဆံပိုင်ဘုရင်ခေတ်က ဘုရင်ဆိုတာ အင်မတန်မှ ဘုန်းတန်ခိုး ကြီးလေသည်။ ဘုရင်ကို ရေမြေ့ရှင်ဟုခေါ်၏။ ဆိုလို သည်မှာ သူပိုင်သည့်နယ်ပယ်အတွင်းတွင် လေထု၊ မြေထု၊ ရေထု၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၌ရှိသမျှ အရာ အားလုံးကို ပိုင်ဆိုင်သည်။ ဆိုတော့ ကမ်းကုန်နေသည်။ သူ့အာဏာ၌ အကန့်အသတ်မရှိ။ ထိုအခါ ထိုနယ်ပယ်အတွင်းမှ လူအပါအ၀င် ရှိသမျှအရာအားလုံး၏ ကံကြမ္မာသည် ဘုရင်တစ်ဦးတည်း၏ လက်ထဲ၌ အကုန်ရှိနေသည်။ အလွန် ကြောက်စရာကောင်းလှသော စနစ် ဖြစ်၏။
သည်မျှ ကမ်းကုန်အောင် အာဏာရှိလေတော့ ဘုရင်လုပ်ချင်သူတွေ အလွန်များလှ၏။ ဘုရင်ဖြစ်ချင်သည့်အတွက် အဖေကိုသားကသတ်သည်။ သားကိုအဖေကသတ်သည်။ ညီအစ်ကိုအချင်းချင်းလည်း သတ်သည်။ ဘုရင်ဖြစ်ရေး ကိစ္စမှာ တရားတယ်၊ မတရားဘူးဆိုတာမရှိ။ လုပ်လို့ရတာ အကုန်လုပ်သည်။ ဦးသူ စားစတမ်း။ လက်နှေးသူ ခံသွားရမည်။ သီပေါ မင်းသားလေးကို ဘုရင်ဖြစ်စေချင်တာနှင့် မင်းညီမင်းသားအများအပြားကို ရက်ရက်စက်စက် သတ်ပစ်ကြသည်။
ဘုရင်သည် မြေကြီးအတွင်းမှ ရွှေငွေကျောက်သံပတ္တမြားများအပါအ၀င် တိုင်းသူပြည်သားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ် တို့ကိုပိုင်လေရာ ဘုရင် စိတ်မထင်လျှင် မထင်သလို လူတစ်ယောက်အသက်ကို ပုရွက်ဆိတ်ကလေးကဲ့သို့ လက်လွတ်စပယ် သတ်နိုင်သည်။ အထက်ပါ လက်ဝဲသုန္ဒရအမတ်ကြီး၏ ဖြစ်ရပ်ကို ကြည့်ပါ။ သည်ကဲ့သို့ပင် ယခင်ကလည်း အနန္တသူရိယ အမတ်ကြီး သေခဲ့ရဖူးပြီ။
သည်မှဆက်၍ ကျွန်တော်တွေးမိသည်မှာ ကမ္ဘာ့နိုင်ငံများတစ်ခုနှင့်တစ်ခု တိုင်ပင်ထားသလို သွားတူညီနေကြခြင်းဖြစ်၏။
သက်ဦးဆံပိုင်ဘုရင်စနစ်ကို ကျင့်သုံးခဲ့သည်မှာ မြန်မာတစ်နိုင်ငံတည်းသာမဟုတ်။ အခြား ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာလည်း ဘုရင်စနစ်ပင် ဖြစ်၏။ ဟော၊ ဘုရင်စနစ်ကျဆုံးသွားပြီး ပါလီမန် ဒီမိုကရေစီစနစ်ကျင့်သုံးတော့လည်း ကမ္ဘာ့နိုင်ငံများ အားလုံးလိုလိုပင် ကျင့်သုံးကြပြန်၏။ အဲလေ နိုင်ငံအလိုက် ကျင့်သုံးပုံနည်းလမ်းတော့ ကွာပေမပေါ့။
သက်ဦးဆံပိုင်ဘုရင်စနစ်ကား အတော်သက်ဆိုးရှည်ခဲ့သည်။ ပြောရလျှင် လူ့ယဉ်ကျေးမှုစတင်ထွန်းကားစဉ်ကတည်းက သက်ဦးဆံပိုင် ဘုရင်စနစ်ပေါ်ခဲ့သည်။ မြတ်စွာဘုရားလက်ထက်က ဝေသာလီပြည်တွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့တာ ဖတ်ဖူးပါသည်။ ထို့အတူ ဆိုကရေးတီးတို့ခေတ်ကလည်း ဂရိ (အေသင်) တွင် ပြည်သူအများ ပါဝင်အုပ်ချုပ်သော ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ထိုနေရာများလောက်ကလွဲပြီး အခြားနေရာများတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးတာ မတွေ့ဖူးပါ။ ဒါက ကျွန်တော် သိသလောက်ပြောတာဖြစ်၏။ နိုင်ငံရေးသိပ္ပံဆရာများကတော့ ကျွန်တော့်ထက် ပိုသိပါလိမ့်မည်။
ယခုခေတ်တွင် ဘုရင်စနစ်မရှိသလောက်ဖြစ်သွားပြီ။ အချို့နိုင်ငံများ (ဥပမာ - အင်္ဂလန်၊ ထိုင်း) တွင် ဘုရင်ကို ဆက်လက် ထားရှိသေးသော်လည်း ဘုရင်၌ နိုင်ငံရေးသြဇာမရှိတော့ပြီ။ အုပ်ချုပ်ရေးအာဏာသည် ပါလီမန်လက်ထဲသို့ ရောက်သွားခဲ့ပြီ။
အချို့နိုင်ငံများတွင် ဘုရင်မရှိတော့သည့်တိုင် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဆက်လက်ကျင့်သုံးနေသေး၏။ သို့သော် ထိုစနစ်ကို ဘုရင်စနစ်ဟုမခေါ်တော့ဘဲ အာဏာရှင်စနစ်ဟု ခေါ်သည်။ အုပ်ချုပ်သူမှာလည်း ဘုရင်မဟုတ်တော့ပဲ အာဏာရှင် ဖြစ်လာ၏။ ဥပမာပြရလျှင် မြောက်ကိုးရီးယားဖြစ်သည်။
အာဏာရှင်စနစ်တွင်မူ ဘုရင်စနစ်ကဲ့သို့ အာဏာရှင်က မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် အများပြည်သူ၏ အသက် အိုးအိမ် စည်းစိမ်တို့ကို တရားဝင်မပိုင်ပါ။ သို့သော် သူတို့အလိုရှိလျှင် အနှီ မြေပေါ်မြေအောက်သယံဇာတများကို တရားမရှိ၊ ဓားမရှိ လုပ်ချင်သလိုလုပ်၊ ရောင်းချင်သလိုရောင်းကာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ချမ်းသာအောင် လုပ်နိုင်သည်။ သစ်တော များကို တောင်ကတုန်းများဖြစ်သည်ထိ ခုတ်နိုင်သည်။ ဓာတ်ငွေ့များကို ရောင်းစားနိုင်သည်။ ရှိသမျှ စီးပွားရေး လုပ်ငန်းကြီးများ ကို ကိုယ့်အဆွေအမျိုးများ လက်ထဲ ထည့်ထားလို့ရသည်။
အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို တရားဝင်မပိုင်ဘူးဆိုစေ။ အာဏာရှင်တို့ စိတ်မထင်လျှင် ခဏလောက်လိုက်ခဲ့ပါ ဆိုပြီး ထောင်ထဲကို တစ်သက်လုံး ထည့်ထားလို့ရသည်။ လူမသိသူမသိ သေသွားရနိုင်သည်။ ဘုရင်က စိတ်မထင်လို့ သတ်လိုက်လျှင် နည်းနည်းလောက်သာနာပြီး ချက်ချင်းသေရသည်။ သို့သော် အာဏာရှင်များ အမျက်တော်ရှပြီဆိုလျှင်တော့ အ၀ီစိငရဲသို့ ကျသည်ထက် ဆိုးသေးသည်။ ဤအရာများကိုမူ ကျွန်ုပ်ဥပမာပြစရာ မလိုပြီ။ မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းများ အသင်တို့လက်တကမ်းတွင်ပင် တပုံတပင်ရှိခဲ့ဖူးပြီ။


(၃) ဘုရင့်မယား နှင့် ဘုရင်မလင်


မွန်ဘုရင်မကြီး ရှင်စောပုဆို လူတိုင်းလိုလိုသိသည်။ ဒါပေသိ ရှင်စောပု၏လင် မည်သူနည်း။ ကျွန်တော်လည်း မသိပါ။ ယခု ခေတ်တွင်လည်း အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်ဆို ခေတ်ပညာတတ်သူတွေ သိကြသည်။ သို့သော် ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ်မင်းသားကြီးကိုမူ လူသိနည်းပါလိမ့်မည်။ ယခုခေတ်က သတင်းအချက်အလက်ခေတ်ဆိုတော့ သတင်း အချက်အလက်များမှာ လက်ညှိုးထိပ်တွင်ရှိလေရာ ဘုရင်မကြီး၏ ကြင်ယာတော်လည်း မဆိုစလောက် လူရာဝင်လာရသည်။ မဟုတ်လျှင် ဖိလစ်မင်းသားကြီးဆိုတာ ဘယ်သူလဲ သိကြလိမ့်မည်မထင်။
နောက်ပြီး ဘုရင်၏မိဖုရား ဖြစ်ရတာနှင့် ဘုရင်မ၏လင် ဖြစ်ရတာ အဆင့်ချင်း တော်တော်ကွာသည်။ ဘုရင့်အရှိန်အ၀ါနှင့် ဘုရင်၏မိဖုရားကို လူတွေ ဖူးဖူးမှုတ်ကြသလောက် ဘုရင်မ၏လင်ကိုမူ ဖုတ်လေသည့်ငါးပိ ရှိသည်ဟုတောင် မထင်ကြပါ။
တခြားမကြည့်ပါနှင့်။ အိုဘားမား၏မယားနှင့် ထရီစာမေ၏လင်ကို ယှဉ်ကြည့်ပါ။ မည်သူ ပို နေရာရသနည်း။
(ဒေါ်နယ်ထရမ့်ရဲ့ ဖတ်စ်လေဒီခမျာ သနားပါတယ်။ သူ့ယောက်ျားက ပေါက်တတ်ကရတွေနဲ့ လှိမ့်နာမည်ရနေတော့ သူ့ခမျာ လူတောထဲတောင် သိပ်ထွက်ခွင့်မရ။ မစ်ရှယ်အိုဘားမားလောက် နာမည်မကြီး။)
ကျွန်ုပ်သည် ထိုအကြောင်း၊ သည်အကြောင်းများကို နဖူးပေါ်လက်တင်၊ လက်ပေါ်နဖူးတင်ပြီး စုန်ရေဆန်ရေ၊ အပြန်ပြန် အလှန်လှန် စဉ်းစားမိသည့်အခါကျမှ -

စိုင်းထီးဆိုင်၏ လိုချင်တာ မိဖုရား၊ ညားတော့ ဘုရင်မ ဆိုသည့်အဓိပ္ပာယ်ကို အပြည့်အ၀ နားလည် သဘောပေါက်ရ ပါတော့သတည်း။

ကျေးဇူးတင်ပါသည်။


အေးငြိမ်း
၂၁ ဇွန်၊ ၂၀၁၇

No comments: