Thursday, July 6, 2017

အဝေးသင်တက္ကသိုလ် ဒုတိယနှစ် မြန်မာစာပြဌာန်းစာအုပ်မှ အမှားများ

(၁) နိဒါန်း

မနှစ်က ကျွန်တော် အဝေးသင်တက္ကသိုလ် ပထမနှစ်ပြဌာန်းစာအုပ်မှ အမှားများအကြောင်း ရေးခဲ့ပါသည်။ The Voice နေ့စဉ် သတင်းစာတွင်လည်း ထည့်ခဲ့၏။ ထိုဆောင်းပါးကိုဖတ်ပြီး မြန်မာစာပါမောက္ခ ဆရာမကြီးက ကျွန်တော့်ကို တွေ့ချင်သည် ဆို၏။ ကျွန်တော်ကလည်း တွေ့ချင်ပါသည်။ အထူးသဖြင့် သည်စာအုပ်များကို ပုံနှိပ်ထုတ်ဝေရေးနှင့်ပတ်သက်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်တွေ့လိုပါသည်။ အဘယ်ကြောင့် သည်မျှမှားနေရကြောင်း ပြဿနာအရင်းအမြစ်ကိုရှာပြီး မည်ကဲ့သို့ လုပ်ရမည်ဆိုသည့်အဖြေကို ရှာရန် ဖြစ်ပါသည်။
ဒါကလည်း သူတို့က ကျွန်တော့်ဆွေးနွေးချက်ကို အပြုသဘောနှင့် လက်ခံမှဖြစ်မည်။ “မင်းက ဘယ်လောက်တတ်လို့လဲ။ ဒါတွေ ငါတို့လုပ်လာတာ အံတိုနေပြီ” ဆိုလျှင်တော့ မလွယ်လှပါ။
ခွကျသည်မှာ ကျွန်တော့်ခွင့်ရက်က အကန့်အသတ်တွေများလွန်းသည့်ပြင် သင်တန်းတွေ၊ ဟောပြောပွဲတွေအတွက် ခွင့်ကို ဖဲ့ဖဲ့ ယူသုံးနေရသေးရာ ခွင့်ရက်မှာ ကိုယ့်မိသားစုနှင့် အေးအေးဆေးဆေး နေဘို့အတွက်တောင်မကျန်။ သို့သော် ဒီအတိုင်း နေလို့ တော့မဖြစ်။ တစ်ခုခုတော့ လုပ်ကိုလုပ်ရမည်။ ၂၀၁၈ ခုနှစ်အတွက် တရုတ်နှစ်ကူးရက်သည် ဖေဖော်ဝါရီ ၁၆၊ ၁၇ တွင် ကျ၏။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ည ပြန်လာပြီး ၁၆ ရက်နေ့ တွေ့လို့ရသည်။ သူတို့အားလျှင် ထိုနေ့၌တွေ့ရန် စီစဉ်ပါမည်။
မနှစ်က ပထမနှစ်ဆိုတော့ ပထမနှစ်ပြဌာန်းစာအုပ်က အမှားများကို တွေ့သည်။ ယခု ဒုတိယနှစ်ဆိုတော့ ဒုတိယနှစ် ပြဌာန်းစာအုပ်က အမှားများကို တွေ့ပြန်ပါပြီ။ သည်အမှားများကိုလည်း ဆောင်းပါးရေးကာ ဂျာနယ်သို့ ပို့ပါမည်။

(၂) (မြန်မာစာဌာန ဆရာဆရာမများထံမှ) အဆဲတောင်းသည့်စာ

ပြဌာန်းစာအုပ်မှ အမှားများကို ဆန်းစစ်ကြည့်ရာ အမှားနှစ်မျိုးတွေ့ရ၏။
ပထမအမှားတစ်ခုမှာ ပြဌာန်းစာများကို ရေးသားသည့် ဆရာများ၏ အရေးအသား ဖြစ်၏။ ဤအရေးအသားများကို မည်သူမှမစစ်တော့ပြီလော။ မည်သူက ခွင့်ပြုရပါသနည်း။ သိလျက်သားနှင့်လော၊ မသိ၍လော။
(အင်း၊ ၆၆ဃ နံ့ နည်းနည်းနံလာတယ်။)
ဒုတိယတစ်ခုမှာ ပုံနှိပ်တိုက်သို့ စာအုပ်ရိုက်ရန် အပ်ရာတွင် ပုံနှိပ်တိုက်က ရိုက်ထားသည့်စာများကို ပြန်မစစ်ဘဲ သည်အတိုင်း ရိုက်ခွင့်ပေးလိုက်သဖြင့် စာရိုက်ရာ၌ပါသွားသော အမှားများ ဖြစ်ပါသည်။ ဤအမှားအတွက် ပုံနှိပ်တိုက်ကို အပြစ်မတင်ပါနှင့်။ သူတို့ရိုက်ထားသည့်စာများ မှန်မမှန်စစ်ရန်မှာ စာအုပ်အပ်သူ၏ တာဝန်ဖြစ်သည်။ ကိုယ်က စာတစ်လုံးချင်းကိုဖတ်ပြီး ဒါတွေမှားနေတယ် ပြင်ပေးပါဟု ပြောရမည်။ စစ်တာတောင် တစ်ခေါက်တည်း စစ်လို့မရ။ ကိုယ်ပြင်ခိုင်းထားသည့်စာများကို သူတို့ပြင်ထားသလား။ ပြင်ထားတာတွေဟာ ကိုယ်ပြောတဲ့အတိုင်း ဟုတ်ရဲ့လားဟု အထပ်ထပ် စစ်ရပါမည်။
(ကျွန်တော်ရေးသည့်စာအုပ်များအတွက် ကျွန်တော် အဘယ်မှ စစ်စစ်ပေါက်ပေါက် ဖတ်ပြီး အဘယ်မျှ ပြင်ဆင်ခိုင်းသည်ကို သိလိုလျှင် Myanmar Heritage မှ ကျွန်တော့်စာအုပ်ကိုင်ရသည့် ၀န်ထမ်းများကို မေးကြည့်ပါ။ မြန်မာပြက္ခဒိန် စာအုပ်တုံးက ကျွန်တော့်စိတ်ကြိုက်ရသည်ထိ သူတို့ကို ထပ်ခါတလဲလဲ ပြင်ခိုင်းပါသည်။ အနို့သည်လိုစာအုပ်မျိုးဆိုတာ နောင်လာ နောက်သားများ မှီငြမ်းပြု ရမည့်စာအုပ်ဖြစ်၏။ နည်းနည်းကလေးမှ မှားလို့မရ။)
ထိုအမှားနှစ်ခုစလုံးဆိုး၏။ ဘယ်အမှားမှ လက်ခံလို့မရ။ ထိုအဆိုးနှစ်ခုထဲကမှ ပထမအမှားက ပိုဆိုးသည်။ ကျောင်းသားများကို သင်ပြမည့် ဆရာများသည် စံပြဖြစ်နေရန် လိုသည်။ စာကိုလက်လွတ်စပယ် မရေးသင့်။ အထူးသဖြင့် ယခုစာအုပ်များမှာ ပုံနှိပ်စာအုပ်များဖြစ်သည်။ စာအုပ်ပေါင်း သောင်းနှင့်ချီရိုက်ကာ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်နေတာ ဖြစ်သည်။ ထိုစာအုပ် ဖတ်သူများမှာ သာမန် အရပ်သူအရပ်သားများမဟုတ်။ ထိုစာအုပ်ကို ဖတ်ရှုလေ့လာရာတွင် အပျော်ဖတ်အနေနှင့် တစ်ခါသာ ဖတ်ပြီး လွှင့်ပစ်လိုက်ရတာမျိုးမဟုတ်။
ဤစာအုပ်များကား အနာဂတ်မျိုးဆက်သစ်များအား အဆင့်မြင့်ပညာများ သင်ကြားပို့ချပေးနေသော စာအုပ်များ ဖြစ်သည်။ ဆိုရလျှင် ထို ကျောင်းသုံးပြဌာန်းစာအုပ်များ၌ အမှားလုံးဝ မပါစေရ။ ရာနှုန်းပြည့်တိကျမှန်ကန်နေရန်လိုသည်။ မတော်တဆ အမှားအဖြစ် ပါလျှင်တောင် တစ်အုပ်လုံးတွင် အမှား တစ်လုံးသို့မဟုတ် နှစ်လုံးထက် ပိုခွင့်မပြုရ။ ယခုတော့ စာမျက်နှာတိုင်း စာကြောင်းတိုင်းလိုလို မှားသည်။ မှားသမှ အောင်မယ်လေးမှားသည်။ သောက်ကျိုးနည်းမှားသည်။ ရစရာမရှိအောင်မှားသည်။ ပစ်စလက်ခတ် မှားသည်။
သည်လိုမှားနေတာကြီးကို ဘယ်သူပဲ မသိချင်ယောင်ဆောင်နေသည်ဖြစ်စေ။ ကျွန်တော်ကတော့ မနေနိုင်ပါ။ မြန်မာနိုင်ငံမှာ မွေး၊ မြန်မာပြည်ကကျွေးသော ထမင်းကိုစား၊ မြန်မာပြည်က ရေကိုသောက်၊ မြန်မာပြည်က သင်ပေးသော ပညာကို သင်ယူထားသည့်အတွက် မြန်မာပြည်အပေါ် တာဝန်ကျေရပါမည်။ နိုင်ငံသားကောင်းတစ်ယောက်အဖြစ် သည်မျှမှားနေသည့် အမှားကြီးကို ထောက်ပြပြောဆိုရပါမည်။ ဤသို့ပြောခြင်းမှာ ကျွန်တော့်အကျိုးစီးပွားအတွက်မဟုတ်။ သည်လိုပြောခြင်းဖြင့် ကျွန်တော်ရာထူးတိုးလာစရာမရှိ။ (အကျိုးစီးပွားတော့ တိုးစရာမရှိ။ မုန်းသူများတော့ အတော်ပွားလာစရာရှိသည်။)
ကျွန်တော်ပြောသည်မှာ မြန်မာနိုင်ငံ၏ အကျိုးအတွက်၊ မြန်မာနိုင်ငံကို အနာဂတ်ကာလတွင် အုပ်ချုပ်မည့် သားကောင်း ရတနာ၊ သမီးကောင်းရတနာလေးများအတွက် ဖြစ်၏။ (ဟွား၊ ထွားလိုက်ပါတဲ့ လေလုံး။)
ကျောင်းသုံးပြဌာန်းစာအုပ်များ၌ အမှားလုံးဝ မပါစေရေး၊ ရာနှုန်းပြည့်တိကျမှန်ကန်စေရေး ဆိုသည့်အလုပ်မှာ သိကြားမင်း နှုတ်ခမ်းမွေး တက်နှုတ်ရတာမဟုတ်။ ဘာကြောင့်မဖြစ်နိုင်ရပါမည်နည်း။ သူများတိုင်းပြည်က စာအုပ်တွေ သည်လို သောက်သောက်လဲမှားတာ တွေ့ဖူးပါသလား။ သူတို့တောင် လုပ်နိုင်သေးတာ ကျွန်ုပ်တို့ကရော ဘယ့်အတွက် မလုပ်နိုင်ရ ပါမည်နည်း။

(၃) လုပ်ပုံလုပ်နည်း (အကျဉ်း)

သို့ဆိုလျှင် ကျောင်းသုံးပြဌာန်းစာအုပ်များ၌ အမှားလုံးဝ မပါစေရေး၊ ရာနှုန်းပြည့်တိကျမှန်ကန်စေရေးအတွက် မည်သို့လုပ်ရ မည်နည်း။ ကျွန်တော် အကြမ်းဖျဉ်း ပြောပြပါမည်။ စာရှုသူ ကျွန်တော့်မိတ်ဆွေများမှာ ဒုံးဝေးသူများ မဟုတ်သည့်အတွက် ကျွန်တော် တစ်မိုက်မျှပြောပြလိုက်ရုံဖြင့် တစ်တောင်မြင်မည့်သူများ ဖြစ်ပါသည်။
၁။ ပြဌာန်းစာများကို သက်ဆိုင်ရာ ဘာသာရပ်ဆရာများက ရေးပြီးသည့်အခါ သက်ဆိုင်ရာ ပါမောက္ခက သေသေချာချာ ကျကျနန စစ်ဆေးရပါမည်။ စစ်ဆေးပြီး လိုအပ်ချက်၊ အားနည်းချက်များကို ပြန်လည်ပြင်ဆင်ခိုင်းကာ ထပ်မံ စစ်ဆေးရပါမည်။ အနည်းဆုံး သုံးခါလောက်စစ်ပြီးသည့်အခါမှ အတည်ပြုရပါမည်။
စစ်တာတောင် တစ်ယောက်တည်း မစစ်ရပါ။ အနည်းဆုံး နှစ်ယောက်စစ်ရမည်။ သို့မှ တစ်ယောက်မမြင်သည့်အမှားကို နောက်တစ်ယောက်က မြင်မည်ဖြစ်သည်။
၂။ ထို့နောက် စာအုပ်ရိုက်ရန် ပုံနှိပ်တိုက်သို့ အပ်ပါမည်။ သည်အပိုင်းတွင်လည်း ကျွန်တော်မမှားဘူးဆိုလျှင် ယခင်ကတည်းက လုပ်ထုံးလုပ်နည်းများ ရှိပြီး ဖြစ်ပါလိမ့်မည်။ ကျောင်းသုံးပြဌာန်းစာအုပ်ဆိုသည်မှာ အုပ်ရေသောင်းဂဏန်း အတော်များများ ရိုက်ရမည်ဖြစ်ရာ စီးပွားရေး အကျိုးအမြတ်များမည့် လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ကျောင်းသုံးစာအုပ်ထုတ်ဝေရေးမှာ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်လုပ်ငန်းဖြစ်ပါသည်။ ထို့ကြောင့် တင်ဒါကို ပွင့်ပွင့်လင်းလင်း ခေါ်ရန်လိုသလို တင်ဒါရွေးသည့် အခါလည်း အဂတိတရားလေးပါး*ကင်းကင်းဖြင့် ရွေးချယ်ရန် အရေးကြီးပါသည်။ ရွေးပြီး၍ လုပ်ငန်းစာချုပ် ချုပ်သည့်အခါ မိမိလိုချင်သည့် စာအုပ်ပုံစံမျိုးရအောင် အပြည့်အစုံ ရေးထားရပါမည်။
* (အဂတိတရားလေးပါး - 
ဆန္ဒာဂတိ (မိမိအလိုဆန္ဒသို့လိုက်၍ဆုံးဖြတ်ခြင်း) 
ဘယာဂတိ (အင်း၊ သူ့သားမက်ကိုတင်ဒါမပေးရင် ငါတော့အလုပ်ပြုတ်ရချည်ရဲ့ဟု အကြောက်တရားဖြင့် ဆုံးဖြတ်ခြင်း)
ဒေါသဂတိ (ဂန်းမသား၊ ငါ့တုံးက နင်ဒီလိုလုပ်ထားတယ်။ ခု ငါ့အလှည့်ပေါ့ကွာ၊ နင့်ကို ဘယ်လိုနည်းနဲ့မှ မပေးဘူး)
မောဟဂတိ (ဘယ်လိုဆုံးဖြတ်ရမှန်းမသိ၍ နံကြားထောက်ကာ ဆုံးဖြတ်ခြင်း)
စာအုပ်အရွယ်၊ စာရွက်အမျိုးအစား၊ စာအုပ်ချုပ်ပုံ၊ မင်ကျမင်န၊ မည်သည့် font ကို သုံးပါ။ font size မည်မျှ၊ စာလုံး အစိတ်အကျဲ၊ စာကြောင်း အစိတ်အကျဲ၊ မာဂျင် စသည်များကို အတိုင်းအတာ အတိအကျ ပေးထားရပါမည်။ မည်မျှ မှားခွင့်ပေးမည်ဆိုသည်ကိုလည်း နဂိုကတည်းက သတ်မှတ်ထားရပါမည်။ သတ်မှတ်ထားသည်ထက် ပိုမှားနေလျှင် လက်မခံဆိုသည့်အကြောင်းကိုလည်း စာချုပ်ထဲတွင် ဖော်ပြထားရမည်။
စာအုပ်မအပ်မီ နမူနာစာအုပ် (prototype) တင်ခိုင်းရပါမည်။ နမူနာစာအုပ်တွင် မိမိလိုချင်သည့် ဒီဇိုင်းအမျိုးအစားရအောင် အထပ်ထပ် ပြင်ခိုင်းရပါမည်။ နောက်ဆုံး အချောသတ်ပြီဆိုမှ ထိုစာအုပ်ကို လက်ကိုင်ထားကာ စာအုပ်ရိုက်နှိပ်နေစဉ် တစ်လျှောက်လုံး batch အလိုက် ရာခိုင်နှုန်းတစ်ခု (percentage of sample) ဖြင့် နမူနာယူကာ ကျပမ်း (randomly) စစ်နေရပါမည်။ ရိုက်ထုတ်လိုက်သည့် စာအုပ်များသည် နမူနာပေးထားသည့်စာအုပ်အရည်အသွေးနှင့် လွဲချော်ပြီဆိုသည်နှင့် စာပုံနှိပ်မှုကို ချက်ချင်းရပ်ဆိုင်းကာ . . . . .
(ဟေ့ကောင်၊ အဲဒါတွေအားလုံး ငါတို့သိတယ်ကွ။ မင်းမှမဟုတ်ဘူး။ အဲသဟာတွေရှိရက်နဲ့ ဒီလိုအမှားတွေပါတယ်ဆိုတာ ငါဖြင့် နည်းနည်းမှ စဉ်းစားလို့မရဘူး။)
၃။ စာပုံနှိပ်စက်မှ စာစီထားသည်များကို အချိန်ယူကာ စာစစ်သူ ၃ - ၄ ယောက်က ပြူးပြဲနေအောင် စစ်ရပါမည်။ ပထမ တစ်ယောက်က စစ်သည်။ တွေ့သည့်အမှားများကို မှင်နီဖြင့်ခြစ်ကာ စာရင်းလုပ်ထားမည်။ နောက်တစ်ယောက် ထပ်စစ်သည်။ ထပ်တွေ့သည့်အမှားများကို မှင်နီခြစ်ကာ မှတ်မည်။ နောက်တစ်ယောက် ထပ်စစ်မည်။ ထိုကဲ့သို့ အထပ်ထပ်စစ်လိုက်သော အခါ အမှားများ မရှိသလောက် ဖြစ်သွားမည်။
အမှားပြင်ဆင်ချက်ကို စာစီသူထံပြန်ပို့ကာ ပြင်စေမည်။ ပြင်ပြီးစာမူကို ထပ်စစ်မည်။ နောက်ဆုံး စိတ်ကြိုက်ရပြီဆိုလျှင် ပါမောက္ခက နောက်ဆုံးအဆင့်စစ်ကာ အတည်ပြုပေးမည်။
ဤကဲ့သို့ ဂရုတစိုက် ကျကျနန လုပ်ပါက သည်မျှ အမှားများပါပါမည်လား။ မျက်စိမှောက်၍ မှားသည်ဆိုလျှင်တောင် စာအုပ် တစ်အုပ်လုံးမှ တစ်လုံးစ နှစ်လုံးစထက် မပိုနိုင်။
ဒုတိယနှစ် အဝေးသင် မြန်မာစာပြဌာန်းစာအုပ်မှ အမှားများကို အေးအေးဆေးဆေး ကျွန်တော် စာရင်းပြုစုပါဦးမည်။ သို့သော် သည်မျှများပြားလှသော အမှားများကို အကုန်အစင် စာရင်းလုပ်ဖို့ရာ မလွယ်လှပါ။ ယခင်ဆောင်းပါးတုံးကလို နမူနာများ ထုတ်ပြီး တင်ပြပါမည်။ အားလုံးပြီးသွားသည့်အခါ သတင်းစာ/ဂျာနယ်ထဲလည်း ထည့်မည်။ ဖွဘုတ်ပေါ်လည်း တင်ဖွမည်။

(ပညာရေးဌာနနှင့်နီးစပ်သူများ ကျွန်ုပ်ယခုရေးသည့်စာကို ပရင့်ထုတ်ပြီး လူကြီးများသို့ပေးလိုက်ကြပါ။)

ကျေးဇူးတင်ပါသည်။


အေးငြိမ်း
၂၂ ဇွန်လ၊ ၂၀၁၇

No comments: