Friday, July 7, 2017

သေခြင်းအနုပညာ

(၁)


မမျှော်လင့်ဘဲ ကိုဝဏ္ဏစောသိန်း ကွယ်လွန်သည့်သတင်းကြားရတော့ အတော်စိတ်မကောင်း ဖြစ်မိပါသည်။ ကျွန်တော် သူနှင့် မရင်းနှီးပါ။ သိရုံလောက်သာ ရှိပါသည်။ သို့သော် သူတို့ဘာတွေလုပ်နေသည်ဆိုတာတော့ သိပ် မျက်ခြေမပြတ်လှပါ။ မြန်မာပြည်အတွက် ကိုယ်ကျိုးမဖက်ဆောင်ရွက်နေကြသူများတွင် တစ်ယောက်အပါအ၀င်ဖြစ်၍ ကျွန်တော်သူ့ကို လေးစားပါ သည်။

သေမင်းက အကောင်းကြိုက်တတ်တော့
အလွမ်းကို အစွမ်းကုန် ရွက်လွှင့်ထားရတယ် . . .
ဆိုသော ဆရာ . . . . ၏ ကဗျာတစ်ပိုင်းတစ်စကို ရွတ်မိပါသည်။
(ကဗျာဆရာနာမည်ကို မေ့နေခြင်းအတွက် ခွင့်လွှတ်ပါခင်ဗျား)

ကျွန်တော်တို့၏ မျက်စိရှေ့တွင် ကျွန်တော်တို့၏ ဆွေမျိုးသားခြင်း၊ သူငယ်ချင်း၊ အပေါင်းအသင်း မိတ်ဆွေသင်္ဂဟ၊ ကိုယ်လေးစားသူ၊ ကိုယ်ကချစ်သူ၊ ကိုယ့်ကိုချစ်သူ၊ ကိုယ်ကမုန်းသူ၊ ကိုယ့်ကိုမုန်းသူများ တဖြုတ်ဖြုတ်သေဆုံးသွားကြသည်ကို တွေ့နေကြရပါသည်။

တစ်ခါသော် ကိသာဂေါတမီ၏ အင်မတန်ချစ်လှစွာသော သားကလေး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသည်။ သားသေတယ်ဆိုတော့ ရူးမတတ်ပေါ့ခင်ဗျာ။
သည်တော့ သားသေကို ရင်မှာပိုက်ပြီး သူ့သားကို အသက်ပြန်ရှင်လာအောင် ကုပေးဘို့ မြတ်စွာဘုရားကို သွားအပူကပ်၏။
မြတ်စွာဘုရားက ကောင်းပြီလေ ကုတာပေါ့။ ဒါပေမဲ့ ဆေးဖော်ဘို့လို့ လူမသေဖူးတဲ့အိမ်က မုန်ညင်းစေ့ရှာယူခဲ့ကွဲ့ ဟု ပြောလိုက်သည်။
ကိသာဂေါတမီလည်း သားဇောနှင့် တစ်အိမ်တက်ဆင်း မုန်ညင်းစေ့လိုက်ရှာသည်။
သူမေးလိုက်တိုင်း အဖေသေသည့်အိမ်နှင့်၊ အမေသေသည့်အိမ်နှင့်၊ သားသမီးသေသည့်အိမ်နှင့်။ လူမသေသောအိမ်ကို ရှာလို့မတွေ့ခဲ့။ သည်တော့မှ သူ သဘောပေါက်သွားသည်။
သြော် - သေခြင်းတရားဆိုတာ ငါတစ်ယောက်တည်းအတွက်မှ မဟုတ်ဘဲကိုး။


(၂)


ဘ၀နေနည်းအနုပညာအကြောင်း ကျွန်တော် တော်တော်များများ ရေးခဲ့ဖူးပါပြီ။
ယခု သေခြင်းအနုပညာအကြောင်း ရေးပါမည်။

လူသည် သေဘို့မွေးလာတာဖြစ်၏။ မမွေးလျှင် သေစရာမလို။ သည့်အတွက် မြတ်စွာဘုရားက တစ်ဖန်ပြန်၍ ပဋိသန္ဓေ မနေရတော့မည့်နည်းကို လိုက်ရှာတာဖြစ်သည်။ သဗ္ဗညုတဉာဏ်တော်ကိုရတော့ ဥဒါန်းကျူး၏။

“ဟယ်၊ တဏှာယောက်ျား လက်သမား။ ငါဟာ နင်ခန္ဓာအိမ်ဆောက်နေတာကို တစ်သံသရာလုံးခံနေခဲ့ရတယ်။ အခုငါတရားရပြီဟဲ့။ နင်နောက်ထပ် ခန္ဓာအသစ်မဆောက်နိုင်တော့ဘူးဟဲ့။ ခန္ဓာအသစ်မဖြစ်တော့တဲ့အတွက် သေစရာလည်း မလိုတော့ဘူးဟဲ့”

-       ဟု ကြုံးဝါးလေသည်။

ဤတွင် မြတ်စွာဘုရားပြောသည့် ခန္ဓာအိမ်သစ်ဆိုသည်မှာ ပဋိသန္ဓေနေခြင်း၊ အဖန်တလဲလဲ မွေးဖွားခြင်းဖြစ်သည်။
ယခု သူ တရားရပြီဖြစ်၍ နောက်ထပ် ပဋိသန္ဓေနေစရာ၊ မွေးဖွားစရာမလိုတော့။ မမွေးတော့သည့်အတွက်လည်း သေစရာ အကြောင်းမရှိတော့ဟု ဆိုလိုခြင်းဖြစ်သည်။

အကျဉ်းချုပ်ရလျှင် ဤဒွန္နယာကြီးတွင် ပုပုရွရွ မြင်သမျှသော သက်ရှိသတ္တ၀ါအားလုံး သေရမှာချည်း ဖြစ်၏။ သက်ရှိသာမက ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးနှင့် နေစကြာဝဠာအပါအ၀င် အရာမှန်သမျှ ပျက်စီးပြုန်းတီးကြရမည်သာ ဖြစ်လေသည်။

သို့ဆိုလျှင် ခင်ဗျားလည်း သေမည်။ ကျွန်တော်လည်းသေမည်။ ဘယ်သူမဆို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အကုန် သေကြရမည့်သူချည်း ဖြစ်သည်။

သို့သော် မည်သူမဆို အကုန်သေကြရသည်ဆိုပေမင့် သေပုံသေနည်းကားမတူပါချေ။ ဘယ်ပုံမတူသနည်း။


(၃)


အချို့သူများမှာ သေဆုံးသွားသည့်တိုင် လူအများက နှမြောတသ၊ လွမ်းဆွတ် ကျန်ရစ်ခဲ့ကြရသည်။ လူသာသေသွားသည် သူ့အကြောင်းကို လူများ တဖွဖွ ပြောနေကြရဆဲ။ သူ့အကြောင်းစကားရောက်သွားလျှင် ၀မ်းနည်းကြရဆဲ။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူ့ကိုတမ်းတနေရဆဲ ဖြစ်လေသည်။ ကျွန်တော်ဥပမာပြစရာမလိုပါ။ ထိုသူသည် ကျွန်ုပ်တို့ ရင်ထဲ အသည်းထဲ၌ အစဉ်ထာဝရကိန်းအောင်းနေသူဖြစ်သည်။

အချို့မှာမူ သူသေသည့်အတွက် မည်သူကမှ ၀မ်းမနည်း။ သူသေသွားသည့်အတွက်ပင် သူနှင့်ဆက်စပ် ပတ်သက်နေသူတို့ စိတ်ချမ်းသာကြရသည်။ ဒုက္ခအပေါင်းမှ လွတ်ကင်းကြရသည်။ သူသေသည့်အတွက် တမ်းတဘို့ မပြောပါနှင့်။ သူ့နာမည် ကြားရလျှင်ပင် ရောက်ရာအရပ်မှ ဖနောင့်နှင့် ထပေါက်ချင်ကြသည်။ ထိုကဲ့သို့သော လူစားမျိုးကိုလည်း ကျွန်တော် ဥပမာ ပြစရာမလိုပါ။ အခုတောင် ဦးစွန်းဖုတ်ဆွဲ ပြလို့ရသေးသည်။

အဘယ်ကြောင့်နည်း။

အဖြေကတော့ ရှင်းပါသည်။ ကျွန်တော်ပြောစရာတောင်မလိုပါ။ မိတ်ဆွေတို့သိပါသည်။

အကြင်သူသည် လောကကြီးကို ကောင်းကျိုးပြု၏။ တစ်ကိုယ်ကောင်းမဆန်။ အများကို ငဲ့ညှာသည်။ မိမိအကျိုးနှင့် အများ အကျိုးယှဉ်လာပါက အများကောင်းကျိုးကိုသာ ရှေ့ရှုသည်။ အများကောင်းဘို့ဆို မိမိအကျိုးစီးပွားထိခိုက်ပါစေ၊ မငဲ့မကွက် ဆောင်ရွက်သည်။ မကောင်းတာ၊ မဟုတ်မမှန်တာဆို၍ မြူမှုန်မျှလောက်တောင် မလုပ်။ ရိုးရိုးသားသားနေသည်။ စကားကို ပလီပလာမပြော။ မိတ်ဆွေအချင်းချင်း နောက်ကျောကို ဓားနှင့်မထိုး။

ဤကဲ့သို့သော သူမျိုးကား သေရမှာကို ကြောက်သူမဟုတ်။ သူ့ဘ၀တစ်လျှောက်လုံး မဟုတ်တာဆို၍ ဘာမှ မလုပ်ခဲ့ သောကြောင့် သေသည့်အခါ သွားချင်းသွားလျှင် အထက်သို့သာ သွားစရာရှိသည်။ မည်သည့်နည်းနှင့်မှ အောက်ကို ဆင်းစရာမရှိ။ ကောင်းသည့်နေရာရောက်မယ်မှန်းသိနေသူသည် အဘယ့်အတွက် သေခြင်းတရားကို ကြောက်နေစရာ လိုပါမည်နည်း။

သူသည် လိပ်ပြာသန့်သည့်အတွက် ငါသေသွားရင် ငါ့အကြောင်းတွေများ ဘယ်လိုမကောင်းပြောကြမှာလိမ့်ဟု စိုးစဉ်းမျှ တွေးပူနေစရာမလို။ တရားသဖြင့်ရှာဖွေထားသည့် စည်းစိမ်ဥစ္စာများအတွက် အနည်းငယ်မှ နှောင့်နှေးနေစရာမရှိ။ သူ့အတွက် သေခြင်းတရားသည် သာမန် လုပ်ရိုးလုပ်စဉ် မည်ကာမတ္တအလုပ်တစ်ခု အနေနှင့်သာ ရှိချိမ့်မည်။

နောက်တစ်ယောက်ကား သူနှင့်ဆန့်ကျင်ဘက်ဖြစ်၏။

ကိုယ့်အကျိုးစီးပွားအတွက်ဆိုလျှင် မည်သူ့ကိုမှ ချမ်းသာမပေး။ အဖေသော၊ သားသော၊ အဆွေအမျိုးသော၊ မိတ်ဆွေသော။ ဘာကိုမှ မရှောင်။ ရလျှင် ဘနဖူးသိုက်တူးမည့်သူများ ဖြစ်သည်။

မီးဟူသည် လောင်စာများများထည့်လေ လောင်လေ ဆိုသည့်သဘောရှိရကား ၎င်းတို့၌ လောင်စာတည်းဟူသော စည်းစိမ်ဥစ္စာများ တိုးပွားလာလေလေ လောဘတည်းဟူသော မီးကြီး တဟုန်းဟုန်း တောက်လောင်လေဖြစ်၏။
သူတို့၌ စည်းစိမ်ဥစ္စာများ မည်မျှပေါများနေသည်ဖြစ်ပါစေ။ နောက်ထပ်ရသမျှ အကုန်လိုချင်နေသေးသည်သာ ဖြစ်၏။
သူတို့တွင် တရားတယ်မတရားတယ်ဆိုတာမရှိ။ ကိုယ်ရဘို့ဆိုလျှင် အကုန်တရားတာချည်းဖြစ်သည်။ သူများ မျက်ရည်ပေါက်ကြီးငယ်ကျတာ သူတို့အတွက် အရေးမကြီး။ သူများဘ၀တွေပျက်စီးသွားတာ သူတို့အကြောင်းမဟုတ်။ ဒါ သူတို့ အတိတ်ဘ၀က မကောင်းတာတွေလုပ်ခဲ့လို့ ဒီဘ၀မှာလာခံကြရတာဖြစ်သည်။ နည်းနည်းမှ သနားစရာအကြောင်းမရှိ။ ငါတို့ကောင်းစားဘို့သာ အရေးကြီးသည်။

ထိုသူများကား သေရမှာ အလွန်ကြောက်လေသည်။ သေခါနီးပလားဆိုမှဖြင့် နိမိတ်ပုံတွေ ထင်လာသည်။ မီးတွေ ပတ်လည်ဝိုင်းလာသည်။ ငါရှာထားတာတွေ ဘယ်သူတွေများ ယူကုန်တော့မလားဟဲ့ ဟု သောကစိတ်တွေနှင့် ဗလောင်ဆူ နေသည်။ ဟိုကောင့်ဆီမှာ ဘယ်လောက်ရစရာရှိသေးတာ၊ ခုထိမရသေးဘူးဟု ဒေါမနဿတွေ ပွားနေသည်။
သူလုပ်ခဲ့သမျှ သူသာအကုန်အစင်သိသည်မို့ သေလျှင် ဘယ်ရောက်မည်ဆိုတာ သိနေပေလိမ့်မည်။ ထိုအခါ အဘယ်ကဲ့သို့ သတ္တိကောင်းနိုင်ပါတော့မည်နည်း။ သူ သတ္တိကောင်းခဲ့တာ၊ မိုးကောင်းခဲ့တာ။ ရွှေထီးဆောင်းခဲ့တာတွေကို ဟိုဘက်ယူသွားလို့ ရတာမဟုတ်။ သည့်အတွက် သူ သေရမှာ အလွန်ကြောက်နေခြင်း ဖြစ်လေသည်။

ဆိုကရေးတီးကို သေဒဏ်ချတော့ သူက ပြောသည်။

“အက်သင်းမြို့သာတို့၊ ကျွန်ုပ်သွားချိန်တန်ပါပြီ။ ထို့ကြောင့် အသင်တို့နှင့် အကျွန်ုပ်လမ်းခွဲကြရမည်။
ကျွန်ုပ်၏လမ်းသည် သေလမ်းဖြစ်သည်။ အသင်တို့၏လမ်းသည် နေလမ်း ဖြစ်သည်။
မည်သည့်လမ်းက သာသနည်း။
အသင်တို့လည်းမသိ၊ ကျွန်ုပ်လည်းမသိ။ မည်သူမျှ မသိ။
အဂ္ဂဘုံသာ သိတော့သည်။”


(၄)


မိတ်ဆွေတို့ရော -

သေပြီးသည့်နောက် အထက်တက်ချင်ပါသလော၊ အောက်ဆင်းချင်ပါသလော။
အထက်တက်ဘို့၊ အောက်ဆင်းဘို့ဆိုတာ ဘယ်သူမှလုပ်ပေးလို့ ရစကောင်းသော အရာမဟုတ်။
အားလုံးကိုယ့်ဘာသာကိုယ် လုပ်ကြရတာဖြစ်သည်။

သေခါနီး စိတ်အေးချမ်းသာသေချင်သလော။ စိုးရိမ်ထိတ်လန့်ပြီး သေချင်ပါသလော။
ဤအရာလည်း မည်သူမှလုပ်ပေးလို့မရပါ။ ကိုယ့်ဘာသာကိုယ် လုပ်ယူကြရမှာ ဖြစ်ပါသည်။

ထို့ကြောင့် မိတ်ဆွေ - ဘယ်လိုသေချင်ပါသနည်း။
ဘယ်လိုသေဘို့ ဆုံးဖြတ်ထားပါသနည်း။

ဘယ်နေ့သေမယ်ဆိုတာ မည်သူမှ မသိနိုင်ပါ။
ထို့အတွက် ယခုကပင် သေဘို့ကို ကြိုတင်ပြင်ဆင်ထားကြပါ ဆိုသည့်အကြောင်း -

(ဟင် - သူ့ဟာကလည်း သေဘို့ပြင်ပါဆိုတော့ နိဗ္ဗာန်ရောက်ကြောင်း၊ သံသရာအတွက်ကလေး ဘာလေး၊ တရားထိုင်ဘို့လေး၊ ရိပ်သာဝင်ဘို့လေးများ ပြောမလားလို့။
သည်းခံပါခင်ဗျာ။ နိဗ္ဗာန်ရောက်ကြောင်းတရားခွေတွေ အများကြီးရှိပါတယ်။ Free Download လုပ်လို့လည်းရပါတယ်။ အဲဒီသွားကူးကြပါ။)



ဖတ်ရှုအားပေးသည့်အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။


အေးငြိမ်း

၇ ဇူလိုင်၊ ၂၀၁၇

No comments: