Thursday, November 2, 2017

ရွှေဥဒေါင်း ၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို online မှ download လုပ်ပြီး save လုပ်ထားတာ ကြာပါပြီ။ သို့သော် အနည်းအပါးပဲ မြည်းစမ်းကြည့်မိပြီး အစအဆုံးမဖတ်ဖြစ်။

ယခု ဒုတိယနှစ်မြန်မာစာတွင် ဆရာကြီး၏ဆောင်းပါး ပါပါသည်။ အမှားအယွင်းတွေ များလွန်းသဖြင့် မူရင်းနှင့် တိုက်ကြည့်မည်ဟု ထို save လုပ်ထားသော စာအုပ်ကြီးကို ဖတ်ကြည့်လိုက်တော့မှ ပိုဆိုးနေသည်။

သူတို့က မူရင်းစာအုပ်ကို scan ဆွဲထားတာမဟုတ်ပဲ ပြန်ရိုက်ထားတာ ထင်ပါသည်။ စာအုပ်ကြီးမှာ အတော်ထူသည်။ စုစုပေါင်း စာမျက်နှာ ၁၃၉၆ မျက်နှာ ပါ၏။ စာမျက်နှာ ၁၄၀၀ လောက်ကို စာရိုက်ရတာ အတော့်ကို လွယ်လှမည် မဟုတ်ပါ။

သည်မျှ အလုပ်ကြီးအကိုင်ကြီး လုပ်ပြီး သည်မျှအမှားတွေပါနေတာ အတော့်ကို နှမြောစရာကောင်းပါသည်။ သည်မျှ အမှားတွေပါနေတော့ သည်စာအုပ်ကို မည်ကဲ့သို့ ယုံစား၍ ရည်ညွှန်းကိုးကားနိုင်ပါတော့မည်နည်း။

ကျွန်တော့်သဘောပြောရပါမူ သည်ခေတ်ကြီးတွင် ebook လုပ်တာ ဘာမှ မခဲယဉ်းပါ။ လုပ်ချင်လျှင် စာအုပ်တစ်အုပ်လုံးကို scan ဆွဲကာ ebook လုပ်စေချင်ပါသည်။ ပုံနှိပ်စာအုပ်တွင်မတော့ စာပြင်ဆရာများက စီစစ်မည်ဖြစ်သဖြင့် အမှားအယွင်း နည်းပါလိမ့်မည်။

ယခု စာအုပ်ပါ အမှားအယွင်းအချို့ကို နမူနာ ပြပေးလိုက်ပါသည်။ တစ်အုပ်လုံးစာ မဟုတ်ပါ။ ကျွန်တော်ဖတ်ခဲ့သည့် အပိုင်းမျှသာ ဖြစ်ပါသည်။

(ဒုတိယနှစ်ပြဌာန်းစာအုပ်မှ အမှားများမှာမူ အလွန့်အလွန်များပြားလှသဖြင့် ခဏလေးနှင့်ရေးလို့မရပါ။ စာမေးပွဲပြီးလျှင် ယခင်တစ်ခါရေးသလို အပြည့်အစုံရေးပြီး ဂျာနယ်ထဲ ထည့်ပါဦးမည်။ အိပ်ချင်ယောင်ဆောင်နေသူများကို သွားသွား ဆွပေးသည့်သဘောဖြစ်ပါ၏။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂ နိုဝင်ဘာ၊ ၂၀၁၇














No comments: