Friday, April 27, 2018

သန်းခေါင်ထက် နက်သောညဥ့်များ

(၁)

ဤဒွန္နယာကြီးတွင် သန်းခေါင်ထက် နက်သောညဥ့်များသည် ရှိ၏။ ထိုညဥ့်နက်များဖြစ်အောင် ဖန်တီးနေသည့် ဆိုးညစ်ယုတ်မာသူ များသည် ရှိ၏။ ထို့အတူ ကောင်းသူများသည်လည်း ရှိပါ၏။ ထုံးစံအားဖြင့်တော့ မကောင်းသူများမှာ အများစုဖြစ်ပြီး ကောင်းသူများမှာ လူနည်းစုမျှ ဖြစ်၏။ ဤနေရာတွင် ကျွန်တော်ဆိုလိုသည့် ကောင်းသူ ဟူသည်မှာ အမှန်စင်စစ် ကောင်းသူများ ကိုသာ ဆိုလိုပြီး ကောင်းချင်သယောင် ဆောင်နေသည့် ကြောင်သူတော် ကြွက်သူခိုးများ မပါပါ။ ကောင်းသယောင်ထင်ရသည့် ကြောင်သူတော် ကြွက်သူခိုးများသည်လည်း မကောင်းသူများနည်းတူ အန္တရာယ်များသူများသာ ဖြစ်လေသည်။

ယုတ်မာသူများသည် ၎င်းတို့၏အလုပ်ဖြစ်သော ယုတ်မာသည့်အလုပ်များကို တစိုက်မတ်မတ် လုပ်ကြ၏။ ၎င်းတို့ ဆိုးညစ်ယုတ်မာ သမျှ ကောင်းသူများက ရသလောက် ကယ်ရလေသည်။ သို့ရာတွင် ဆိုးသူများမှာ ကောင်းသူများထက် အဆပေါင်းများစွာ ပိုလေရကား ကယ်တင်နိုင်သည့် ပမာဏမှာ ပီဘိ မဖြစ်စလောက် ရာနှုန်းအနည်းငယ်သာ ရှိလေသည်။ ထိုအခါ ရေတိမ်နစ်သည် ဟူသည့် မြန်မာစကားသည်လည်း ပေါ်လာရလေတော့သတည်း။

(၂)

ဟိုတစ်နေ့က ကျွန်တော့်သင်တန်းတွင် တိုင်းရင်းသူအမျိုးသမီးတစ်ယောက် ပါလာ၏။ ကိုယ့်နာမည်ကိုယ်တောင် စာလုံးပေါင်း မှန်အောင် မပေါင်းတတ်။ ကျွန်တော်က သူ့ကို ကျောင်းဘယ်နှစ်တန်းထိ နေဘူးသလဲ မေးတော့ ၂ တန်းဟု ဖြေသည်။ သို့သော် အေးဂျင့်က ဆယ်တန်းအောင်လက်မှတ် ပေး၏။

ကျွန်တော် ရုံးကို ထိုအကြောင်း ပြောပြ၏။ ထို့ပြင် ကျွန်တော်က အင်မတန်လွယ်လှသော မေးခွန်း ၆ ခုကို မြန်မာလိုရေးကာ ဖြေခိုင်း၏။ ဂဏန်း ၄ လုံးကို ပေါင်းရသည့် သင်္ချာ တစ်ပုဒ်။ ဂဏန်း ၄ လုံးကိုတည်၊ တစ်လုံးနှင့် မြှောက်ရသည့် သင်္ချာတစ်ပုဒ်။ ပထဝီဆိုင်ရာ သုံးပုဒ်။ အထွေထွေဗဟုသုတ တစ်ပုဒ်။ စုစုပေါင်း ၆ ပုဒ်အနက် အပေါင်းတစ်ပုဒ်သာ ဖြေသည်။ သူဖြေထားတာ ကိုသာ မိတ်ဆွေများ မြင်ရလျှင် သေချင်စော် နံသွားလိမ့်မည်။

ဒီ ဆယ်တန်းအောင်လက်မှတ်ရဘို့ ဘယ်လောက်ပေးခဲ့ရသလဲ ဆိုတော့ ဘာမှ မဖြေ။

နောက်တစ်ယောက်။

မျက်နှာက ခလေးမျက်နှာကလေး။
ကျွန်တော် သူတို့ကို သေသေချာချာ မေးလည်းမေး၊ ပြောလည်း ပြသည်။ အိမ်အကူလုပ်သားလုပ်ဖို့ အနည်းဆုံး အသက် ၂၃ နှစ် ပြည့်မှရမယ်။ အကယ်၍ အသက်မပြည့်သေးရင် ခုကတည်းက ပြောပါ။ အချိန်မီသေးတယ်။ အသက်မပြည့်ရင် အခု မြန်မာပြည် ပြန်။ ၂၃ နှစ်ပြည့်မှ ပြန်လာ။ ဘာပြဿနာမှ မရှိဘူး။

ဒါပေမယ့် အသက် ၂၃ နှစ်မပြည့်ဘဲ ပြည့်ပါတယ်လို့ ညာရင်တော့ ဥပဒေအရ အရေးယူခံရလိမ့်မယ်။

ကျွန်တော် ထိုစကားကို အနည်းဆုံး ၃ ကြိမ်ပြောပါသည်။ ထိုကလေးမကလေးကိုလည်း ညည်း အသက် ဘယ်နှစ်နှစ်လဲ ဆိုတော့ ၂၃ နှစ်ဟု ဖြေသည်။ သေချာရဲ့လား ဆိုတော့ မယုံရဲယုံရဲ ခေါင်းညိတ်ပြသည်။ အခု အသက်မှန်ကိုပြောရင် အချိန်မီသေးတယ်နော် ဆိုတော့ ဘာမှ မပြော။

သင်တန်းတက်သူများကို ဓာတ်ပုံရိုက်ကာ MOM သို့ မနက် ၁၀ နာရီအရောက် ပို့ရသည်။ ၁၁ နာရီလောက်ကျတော့ Under aged suspect ဆိုကာ ထိုကလေးမကို လာခေါ်သွားသည်။ ဟိုရောက်လျှင် ပြဿနာတက်တော့မှာ သေချာလှ၏။

သူတို့ကို အဲဒီလိုပြန်လွှတ်တော့ အေးဂျင့်ခ ပေးရသေးလားဟု ကျွန်တော့်မိတ်ဆွေကို မေးတော့ ဘယ်နေမလဲရှင်၊ ဒီလာကတည်းက နင်တို့ ၂၃ နှစ်လို့ပြောနော်။ ၂၃ နှစ်မပြောလို့ ပြန်လာရရင် သိန်း ၂၀ လျော်ပါ့မယ် လို့ သူတို့အိမ်နဲ့ စာချုပ်လာခဲ့ရတာ ဟု ပြောပါသည်။ အလွန်ဆိုးရွားလှသော လူကုန်ကူးသူများပါတည်း။ အစိုးရဆိုသူများကိုတော့ ဘာမှ မပြောလို တော့ပါ။ အဲလေ၊ သူတို့ကလည်း ပြန်ပြောမှာပေါ့။ ငါတို့က အိမ်ဖော်တွေနိုင်ငံခြားမလွှတ်ရလို့ တရားဝင် စာထုတ်ထားတာပဲကွ၊ ဒါ သူတို့ဘာသာ ဖြစ်တဲ့ကိစ္စ။ ငါတို့နဲ့ ဘာဆိုင်လို့တုန်း။ အဲဗျ၊ အဲသလိုဆိုတော့လည်း ဟုတ်တုတ်တုတ်။

အနို့၊ နေပါအုံး။ အဲဒီလို မလွှတ်ရလို့ အမိန့်ထုတ်ထားပါလျက်ကနဲ့ အဲဒီ ရာဂဏန်းတော်တော် များများသော မိန်းကလေးတွေ ဘယ်ခွေးတိုးပေါက်ကနေ တိုးထွက်သွားတာလဲဆိုတာ သိချင်လှပါဘိ။

အောင်မယ်လေး၊ မြန်မာပြည်က အေးဂျင့်တွေတော့ မပြောပါနဲ့။ ဗိုက်ကြီးသည်တွေရော၊ စိတ်မနှံ့တဲ့သူတွေရော၊ အသက်မပြည့် သေးတဲ့သူတွေရော၊ စာတစ်လုံးမှ မတတ်တဲ့သူတွေရော အကုန်လွှတ်တာ။ သူတို့ပိုက်ဆံရဘို့တစ်ခုဘဲ ကြည့်တယ်။ ဘယ်ရှင်၊ ဘယ် မိကောင်းဖခင်သားသမီးက ဒီလိုလွှတ်မှာလဲ၊ ရှင်ဘဲ စဉ်းစားကြည့်ပါ ဟု ပြောတော့ ကျွန်တော့်မှာ အံ့သြလွန်း၍ သေမတတ်ဖြစ်ရပြန်သည်။

(၃)

ရန်ကုန်နှင့် သိပ်ပင်မဝေးလှသည့်တိုင် သူတို့အိမ်မှာ အိမ်သာမရှိ။ နောက်ဖေးနောက်ဖီသွားချင်လျှင် ဟိုး အနောက်က ယာခင်း ခြုံတောထဲ သွားကြသည်။ သည်တော့ ယာခင်းရှင်က သူတို့အကွက်ထဲ လာ အီးမပါရဟု မောင်းထုတ်သည်။ သူတို့ အမေကလည်း အိမ်နားက အကွက်တွေမှာ မပါရ။ ယာခင်းထဲ သွားပါရမည်ဟု အမိန့်ထုတ်ထားလေရာ သည်ကလေးများမှာ အီးပါစရာတောင် နေရာမရှိ။ အီးတစ်ခါပါဘို့အရေး လူအလစ် ချောင်းရသေးသည်။

သည် အီးကိစ္စမှာ ကလေးဘဝတုံးက ကိစ္စမရှိ။ သို့သော် အပျိုဖျန်းကလေးများ ဖြစ်လာတော့ ကိစ္စကရှိလာပြီ။
ခွေးသူခိုးများဟူသည် လူတို့၏ အားနည်းချက်ကိုရှာကာ အလစ်သုတ်တတ်သည် ဖြစ်လေရာ ထို ဆယ်ကျော်သက်လာသော မိန်းကလေးမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရလေတော့သည်။

အန်တီရယ်၊ သမီးဝေဖာမုန့်လေးစားချင်လို့ ဖြစ်မိတာပါရှင် လို့ မျက်ရည်လည်ရွဲလေးနဲ့ ပြောပြတော့ ကျွန်မမှာ ရင်တွေနာလိုက်တာ လေ ဟု ထိုမိန်းကလေးကို အိမ်အကူအလုပ်ရှာပေးသည့် ကျွန်တော့်မိတ်ဆွေက ပြောပါသည်။

ဆယ်ကျော်သက်အရွယ် အပျိုစင်လေးတစ်ဦး၏ ပန်းဦးကို ဝေဖာမုန့်တစ်ချပ်နှင့် နင်းချေရက်သော ခွေးထက်ယုတ်မာသည့် ထိုအယုတ်တမာများ သေသည့်အခါ ဘယ်ဘုံသို့လားမည်ကို သိခွင့်ရလျှင် ကျွန်တော် သိချင်မိလေသည်။

မဖုံးနိုင်မဖိနိုင်ဖြစ်လာသည့်အခါတွင်မူ မိခင်ဖြစ်သူက လင်ကောင်မပေါ်သည့် ကိုယ်ဝန်ကို ဖျက်ချလေသည်။ ဆယ်ကျော်သက် အရွယ်ပင်ဖြစ်လင့်ကစား မိမိရင်သွေးလေးကို သံယောဇဉ်တွယ်မိရှာသည့် ထိုမိန်းကလေးမှာ စိတ္တဇဝေဒနာကို အကြီးအကျယ် ခံစားခဲ့ရသည်။ ထိုအခါ အမေလုပ်သူက နင့်ကို ဒီမှာထားရင် စိတ်မချရဘူးဆိုကာ ထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ ပို့ရာ ပင်ရင်းဌာနဖြစ်သော မဟာရန်ကုန်ရွှေမြို့တော်သို့ ပို့လိုက်လေသည်။ (မြန်မာပြည်မှ နိုင်ငံခြားသို့ ပေါပေါများများပို့နိုင်သည့် တစ်ခုတည်းသော ထွက်ကုန်မှာ (လူ) ဖြစ်လေသည်။ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုပေမင့် အခြားပစ္စည်းများထက် လူလုပ်ရတာက ပိုလွယ်သည်ထင့်။ မြန်မာပြည်တွင် လူများလုပ်ကာ နိုင်ငံခြားသို့ လှိုင်လှိုင်တင်ပို့နေတာ မမြင်ချင့်အဆုံး ဖြစ်လေသည်။ ဤကား စကားချပ်)

အယ်မယ်လေး၊ ဒါလောက် ဟိုးလေးတကျော်ကျော် ဖြစ်နေတာ။ ဦးအေးမသိတာ အံ့ပါရဲ့ရှင်။ လျှောက်လွှာတစ်စောင်ကို ၅၀၀၀ ဆိုတာတောင် အလုအယက်ဝယ်ကြရတာ။ အဲဒီမှာ လူတိုးလို့သေတဲ့သူတွေတောင်ရှိတယ်။ ဟိုတလောကတောင် သတင်းစာထဲ ပါလာသေးတယ်လေ ဟု အလွန်အလုပ်ဖြစ်လှသော တရားဝင် လူကုန်ကူး ဈေးကွက်ကြီးအကြောင်း ကျွန်တော့်မိတ်ဆွေက ပြောပြပါသည်။ ဒီတစ်ခါ ပြန်လာမှ ကျွန်မလိုက်ပို့မယ် ဆို၏။

ထိုသတင်းကို ကျွန်တော်လည်း သိုးသိုးသန့်သန့် ဖတ်လိုက်မိပါသည်။ သို့တိုင်သည်မျှ အခြေအနေဆိုးသည် မထင်ပါ။

ပြန်ကောက်ရလျှင် အနှီမိန်းကလေး စင်ကာပူသို့ ရောက်လာသည်။ ဘာအလုပ်ရှိရမလဲဗျာ။ အိမ်အကူပေါ့။ သူလုပ်ရသည့်အိမ်တွင် ယောက်ျားကလေးငယ်များ ရှိသည်။

သူက မမြင်လိုက်ရတဲ့ သူ့သားလေးကို လွမ်းလို့ထင်ပါရဲ့ရှင်။ ကလေးလေးတွေ အိပ်နေရင် လက်ကလေးတွေကို ကိုင်တာ။ နမ်းတာတွေ လုပ်တယ်။ အဲဒါကို အိမ်ရှင်သိတော့ သူ့ကို ကလေးတွေကို ကိုင်ခွင့်မပြုတော့ဘူး။ အဲဒီမှာတင် သူ့ စိတ္တဇ ဝေဒါနာ ထ တော့တာပဲ။

အိမ်ရှင်က ကျွန်မဆီ ညကြီးမင်းကြီး သူ့ကိုခေါ်လာပြီး ရော့၊ နက်ဖြန်ပြန်ပို့ပေး၊ ငါ သည်းမခံနိုင်တော့ဘူး တဲ့။

ဟဲ့၊ ညကြီးမိုးချုပ်။ လေယာဉ်လက်မှတ်က ဘယ့်နှာလုပ် ချက်ချင်းရမတုံး ဆိုတော့ နင့်ဟာနင် ရရ မရရ၊ ငါတော့ လက်မခံနိုင်တော့ဘူး ဆိုပြီး အတင်းထိုးထည့်သွားတယ်။

ည ကျတော့ သောင်းကျန်းတော့တာပါဘဲရှင်။ အိပ်နေတဲ့သူတွေ အကုန်လိုက်နှိုးပြီး ပါးတွေကို တန်းစီရိုက်တော့တာပဲ။

အဲဒါနဲ့ ကျွန်မလည်း မိုးလင်းတော့ သူ့ကို Woodbridge ဆေးရုံကို ပို့လိုက်ရတော့တယ်။ ခုနပြောခဲ့တာတွေက ဆေးရုံက သူ့ကို အိပ်မွေ့ချမေးလို့ အကုန်သိရတာ။

(၄)

လောကတွင် ဤကဲ့သို့သော ရင်နာစရာ အဖြစ်အပျက်များ မည်မျှရှိလေသနည်း။ ယခုတွင်ပင် သတင်းစာ (အစိုးရသတင်းစာကို မဆိုလို၊ အစိုးရသတင်းစာကား ကတ္တီပါဖိနပ်စီး၊ ရွှေထီးဆောင်းထဲက ဖြစ်လေသည်။)၊ ဂျာနယ်မှန်က မုဒိန်းမှုနှင့် လူသတ်မှုမပါလျှင် သတင်းစာမမည်။

ဤဖြစ်ရပ်များမှာ တမင်သက်သက်များ ဖြစ်ခွင့်ပေးထားသလား အောက်မေ့ရသည်။ ဖြစ်လဲဖြစ်နိုင်ပါပေ့။

ကာယကံရှင်ကို မပြောပါနှင့်။ ကြားရသည့် ကျွန်တော့်မှာတောင် မခံစားနိုင်။

ကျွန်တော်မခံစားနိုင်သဖြင့် မိတ်ဆွေတို့ကိုလည်း ရင်နာကြပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် ပြန်လည် မျှဝေလိုက်ပါကြောင်း။

လူအချင်းချင်း ကုန်ကူးခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇ ဧပြီလ၊ ၂၀၁၈

ည ၁၁း၀၈ နာရီ

Tuesday, April 24, 2018

နှစ်ကူးသင်္ကြန်

သင်္ကြန်ရက်အတွင်း လူတွေလည်း သူသင်္ကြန်၊ ငါသင်္ကြန်နဲ့ ရှုပ်ရှက်ခတ်နေလို့ နည်းနည်းအေးသွားအောင် စောင့်နေတာ။

တခြားမဟုတ်ပါဘူး။ နှစ်တိုင်းဖြစ်နေကျ ပြဿနာပါ။
သင်္ကြန်ဆိုတော့ သူသူငါငါ သင်္ကြန်အကြောင်း ရေးကြသပေါ့။
သင်္ကြန်ဘာကြောင့် ကျရတယ်။ ဧပြီလ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်ဖြစ်တယ် စသဖြင့်ပေါ့။
ဒါ အခု ဖေ့စ်ဘုတ်မပေါ်ခင်။ ဟိုး blog ခေတ် ကတည်းက။
ရေးသူတွေထဲမှာ လူတွေလည်းပါသလို ဘုန်းကြီးတွေလည်းပါ။
ဒကာဒကာမတွေလည်း ကော်ပီကူးကြ။ မှတ်ကြသားကြ။ ကျေးဇူးတွေတင်ကြ။
ပြဿနာက အတိအကျမသိဘဲ ကြားဘူးနားဝနဲ့ မှန်းတုတ်နေကြတာ။
သေသေချာချာလည်း သိအောင် မကြိုးစားကြ။

ကျွန်တော် မြန်မာပြက္ခဒိန်စာအုပ်ရေးခြင်းရဲ့ ရည်ရွယ်ချက်ကလည်း အဲသလို စိတ်ထင်တာတွေ ရှောက်ရေးကြရင်း အမှားတွေ လူတွေကြားထဲပြန့်။ အမှန်ကို မသိကြတော့။ ဒီကြားထဲ သေသေချာချာ ရေးထားတဲ့ စာအုပ်စာတမ်းကလည်း မရှိဆိုတော့ ရမ်းတုတ်တွေချည်း ဖြစ်ကုန်မှာစိုးလို့၊ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ မပျောက်ပျက်ကောင်းဘူး လို့။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဆိုကရေးတီးပြောတဲ့ နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ တာဝန်ကျေဘို့ ကြိုးစားထားတာ။

နာမည်တော့ မပြောတော့ပါဘူး။
ဗဟုသုတတွေ အဆက်မပြတ်တင်နေတဲ့ page တစ်ခုမှာ သင်္ကြန်မကျခင်ရက်တုံးက နှစ်ကူးအကြောင်း၊ မြန်မာပြက္ခဒိန် အကြောင်းနဲ့ သင်္ကြန်အကြောင်း တင်ထားတယ်။ ထုံးစံအတိုင်း ဟိုနားသည်နားက ကြားဖူးနားဝတွေကို ကိုယ်သိသလိုလိုနဲ့ စုပေါင်းစပ်ပေါင်းတင်ထားတာ။ မသိတဲ့သူဆိုရင်တော့ အဟုတ်။

ခွကျတာက မူရင်းတွေကို အကုန်ကူးတင်တာမဟုတ်ဘဲ မူရင်းတွေကိုခုတုံးလုပ်ပြီး သူထင်တာတွေ လျှောက်ရေးထားတာပဲ။
ကြီးကြီးကျယ်ကျယ် သူရိယသိဒ္ဓန္တဂဏန်းတွေပါ လျှောက်ထည့်ထားတော့ လူတွေလည်း သဘောကျကြသပေါ့။
အဲဒီပို့စ်မှာ like က 22,000။ share က 7809။ comment က 237 ဆိုတော့ သိပ်မနည်းလှပေဘူး။
အောက်က ကွန်မင့်တွေ လိုက်ဖတ်ကြည့်တော့လည်း စိတ်ပျက်စရာ။
ဘယ်တုံးကဘယ်သူက ဘယ်လိုလုပ်လို့ ဘယ်လိုဖြစ်တာနဲ့ ရေးထားလိုက်တာများ အတိအကျ။ သူတို့မျက်စိရှေ့မှာ ဖြစ်သွားတဲ့ အတိုင်း။

အနည်းဆုံးတော့ လူ နှစ်သောင်းကျော်လောက် ဒီအချက်အလက်တွေကို ယူသွားတယ်။ ဒါ သိပ်ကောင်းလှတာမဟုတ်ပေဘူး။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေက အဲဒါကိုအမှန်ဆိုပြီး သူရို့ သားမြေးမြည်းမြစ်တွေကို ပြန်သင်ပေးမှာမို့လို့ပဲ။
နည်းနည်းသိတဲ့ ဗဟုသုတဟာ အန္တရာယ်များတယ် ဆိုတာ ဒါကိုပြောတာ။

အမှားကို အမှန်က အနိုင်ယူလိမ့်မယ်ဆိုပေမယ့် လောလောဆယ်မှာတော့ အမှန်တရားဟာ မြောင်းထဲရောက်နေပြီး အမှားတရားတွေပဲ ဆင်ပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ အောင်မယ် ထီးဖြူတွေဘာတွေတောင် မိုးလို့။

မရေးတော့ဘူးလို့ပဲ။
မနေနိုင်တော့ ရေးမိလိုက်ပြန်ပြီ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၁ ဧပြီ၊ ၂၀၁၈

တရုတ်မများ ပိုက်ဆံရှာပုံ နှင့် စမတ်ဖုန်း အကြောင်း

(၁)

ကျွန်တော်သည် ဆံပင်ညှပ်ခြင်းနှင့်ပတ်သက်၍ ဘယ်တုံးကမှ ချေးများခဲ့သူတစ်ဦး မဟုတ်ပါ။ ဆံပင်ညှပ်ရန် ဆတ္တာသည်က ဘယ်ပုံညှပ်ရမလဲ မေးသည့်အခါတိုင်း ငယ်စဉ်ကတည်းက ယခုတိုင် မပြောင်းမလဲ သုံးသည့်စကားလုံးမှာ တိုတို ဟု ဖြစ်ပါသည်။ ယခင်ကတိုတို၊ ယခုတော့ short ပေါ့ခင်ဗျာ။

ဤဒွန္နယာကြီးတွင် ဈေးကျသည့်ပစ္စည်းဟူ၍ အလွန်ရှားလှ၏။ ပိုက်ဆံဖောင်းပွတာနှင့် အခြားနိုင်ငံရေးကိစ္စ၊ စီးပွားရေးကိစ္စများ ကြောင့် ပစ္စည်းဈေးများမှာ တစ်နေ့တခြား တက်သထက် တက်လာသည်သာ ရှိသည်။ ကျသွားရိုးထုံးစံ မရှိချေ။

သို့သော် စင်ကာပူမှ ဆံပင်ညှပ်ခများမှာ ယခင်ကာလများကထက် ဈေးကျသွားသည်ဆိုလျှင် မိတ်ဆွေတို့ အံ့သြလေမည်လား မပြောတတ်။

ကျွန်တော်တို့ စင်ကာပူရောက်စ ၁၉၉၈ ကာလများဆီက ဆံပင်ညှပ်ခများမှာ ဆိုင်သေးလျှင် ၈ ကျပ်၊ ဆိုင်ကြီးများတွင် ညှပ်လျှင် ၁၀ ဖြစ်ပါသည်။ ဘင်းဂလားများလည်း ညနေဘက်တွင် ထိုင်ခုံလေးချကာ ညှပ်ပါသည်။ သူတို့ကတော့ အလုပ်သမားများ အတွက်မို့ သက်သာသည်။ တစ်ခေါင်းလျှင် ၅ ကျပ်။

ကျွန်တော် အယ်လ်ဂျူးနီတွင်နေစဉ်က တရုတ်အဘိုးကြီးများ၏ ဆံပင်ညှပ်ဆိုင်တွင် စွဲစွဲမြဲမြဲညှပ်ဖြစ်သည်။ သည်တုံးက တစ်ခေါင်းလျှင် ၈ ကျပ် (၂၀၀၀ မှ ၂၀၀၅ ခုနှစ်)။

လွန်ခဲ့သည့် ၅ နှစ်အကျော်က ပင်နင်ဆူလာတွင် မမကြီး ဆံပင်ညှပ်ဆိုင်ဖွင့်သည်။ တစ်ခေါင်းလျှင် ၅ ကျပ်။ ချစ်တီးကျသော ကျွန်တော်လည်း အခြားတွင် မညှပ်တော့ဘဲ မမကြီးဆီ ရောက်သွားသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ဘွန်လေးဘူတာထဲတွင် တရုတ်မများ ဆံပင်ညှပ်ဆိုင်ဖွင့်သည်။ တစ်ခေါင်း ၅ ကျပ်။ ဆိုတော့ ကျွန်တော်တို့ သားအဖမှာ ထိုဆိုင်၏ ဖောက်သည် ဖြစ်ရပြန်လေ၏။ နောက်တော့ သူတို့က ဘူတာထဲမှနေ၍ ဂျူရောင်းပွိုင့်သို့ ပြောင်းသွားသည်။ ဆိုင်နာမည်မှာ Hi Cut, ဖောက်သည်ခေါ်သည့်ဒီဇိုင်းလည်း တိုးတက်လာ၏။ တစ်နှစ်စာ plan ကို ၃၈ ကျပ်နှင့် ဝယ်နိုင်သည်။ ဘယ်နှစ်ခါ ညှပ်လို့ရမတုံးဆိုတော့ တစ်နှစ်အတွင်း ကြိုက်သလောက်ညှပ် ဟု ဆို၏။ လတိုင်းညှပ်သည့်တိုင် တစ်ခါညှပ်မှ ၃ ကျပ်လောက်ပဲ ကျမည်။ တန်မှတန်။ သို့နှင့် လူ့ကပ်စီးနဲ ကျွန်တော်လည်း သူတို့စိတ်မပြောင်းမီ ထို plan ကို အပြေးအလွှား သွားဝယ်လေသော ဟူသတတ်။

ပထမ ဘောက်ချာစာရွက် ဖြတ်ပိုင်းလေးပေးသည်။ တစ်ခါညှပ်လျှင် ထိုဘောက်ချာပေါ်၌ တစ်ခါ လက်မှတ်ထိုး၏။ ကျွန်တော်တို့ သားအဖက ပြိုင်တူညှပ်သဖြင့် တစ်ခါညှပ်လျှင် ၂ ခါ လက်မှတ်ထိုးသပေါ့။

ထိုစာရွက်ဖြတ်ပိုင်းလေးတွင် လက်မှတ်များပြည့်ခါနီးသော် တရုတ်မကြီးက ဟဲ့၊ နင့် plan ကုန်တော့မယ်။ ငါတို့ နောက်ထပ် သက်တမ်းထပ်မတိုးတော့ဘူး။ နင် plan အသစ်ဝယ်မလား ဆိုတော့ ငမ်၊ package အသစ်က ဘယ်လောက်တုံးဆိုတော့ တစ်နှစ်စာဆိုလား၊ ဆယ်ခါညှပ်ဆိုလား (မေ့နေပြီ) ကို ၅၀ ဆိုလေသည်။ ဒါလည်း မဆိုးသေး။ တစ်ခါညှပ်မှ ၅ ကျပ်။

သူတို့က ဤကဲ့သို့သော package များ ရောင်းလိုက်တော့ သူတို့ဆီမှာ ဆံပင်ညှပ်သူတွေ တန်းစီနေလေ၏။ တစ်ခါတစ်ခါ တော်တော်စောင့်ရသည်။ သားက စိတ်မရှည်။ ပွစိပွစိလုပ်၏။ သူစိတ်မရှည်သောကြောင့် ဆံပင်မညှပ်ရဘဲ လှည့်ပြန်ခဲ့ရသည့် အခါများတောင် ရှိခဲ့ဖူးသည်။ တရုတ်မများ၏ စီးပွားရေးအကွက်မြင်ပုံကား သြချရလောက်ပါပေ၏။

ဆိုတော့ ယခင် အနှစ် (၂၀) လောက်က ဆိုင်ကလေးများတွင် တစ်ခါညှပ် ၈ ကျပ်လောက်ပေးရသည့် ဆံပင်ညှပ်ခါမှာ ယခု Aircond တပ်၊ စူပါမားကက်ကြီးမှ သားသားနားနား ဆံပင်ညှပ်ဆိုင်ကြီးတွင် တစ်ခါညှပ် ၅ ကျပ်ဆိုတော့ ဈေးကျသွားသည်ဟု ဆိုနိုင်ပါသည်။ အောင်မယ် ၃ ကျပ်လောက်တောင်ဖြစ်သွားပါသေး။

(၂)

ကျွန်တော်လို ငတုံးသာ စမတ်ဖုန်းကိုင်ထားပြီး ဖေ့စ်ဘုတ်ပွတ်ဘို့ကလွဲပြီး တခြား ပိုက်ဆံရှာဘို့ ဘာမှ မသုံးတတ်တာ။ တရုတ်မကြီး များကတော့ ကျွန်တော့်ထက် စမတ်ကျသည်။ ယခု ဆံပင်ညှပ်ခြင်းလုပ်ငန်း၌ ပိုက်ဆံပေးတာ၊ ငွေပြန်အမ်းတာ ဘာညာ ဘာမှ လုပ်စရာမလို။ ဖုန်းနံပတ်ပြောလိုက်သည်နှင့် သူတို့က ကျွန်တော့် account ကို update လုပ်လိုက်ရုံဖြစ်သည်။

အဲလေ သူတို့သာမဟုတ်ပါ။ စမတ်ဖုန်းသုံးပြီး စီးပွားဖြစ်နေသူ အများအပြားရှိပါသည်။ ဟို - အိုဘိုက်တို့၊ မိုဘိုက်တို့၊ အူဘာတို့၊ မအူဘဲနေပါတို့ (ဟုတ်ပေါင်၊ ခွေးအူတာနဲ့ မှားကုန်ပြီ။)၊ ဂလက်တို့ဆိုတာ မိုဘိုင်းအက်ပ်စ်နဲ့ အလုပ်ဖြစ်နေတာ မဟုတ်တုံလော။

တခြားစီးပွားရေးလုပ်ငန်းများလည်း စမတ်ဖုန်းမှာပင် ကြော်ငြာကြသည်။ စမတ်ဖုန်းနှင့် စာရေးသည်။ စမတ်ဖုန်းနှင့် ဒီဇိုင်းဆွဲသည်။ ဗီဒီယိုရိုက်သူများတောင် ရှိပါသေး။

မိုဘိုင်းဖုန်းများပေါ်စက သိပ္ပံဆောင်းပါးတစ်ပုဒ်တွင် သိပ်မကြာလှသော ကာလတစ်ခု၌ ဖုန်းများ၏အရွယ်မှာ လက်ပတ်နာရီ လောက်သာ ရှိတော့မည်ဖြစ်ပြီး လူများသည် ဖုန်းကိုလက်ပတ်နာရီကဲ့သို့ လက်၌ပတ်ကာ သုံးလာကြလိမ့်မည်ဟု ကြိုတင် ဟောကိန်းထုတ်ခဲ့တာ ဖတ်ဖူးပါသည်။ ယခု Apple Watch မှာ လက်မှာပတ်ထားရင်း ဖုန်းပြောလို့ရနေပြီ။

ယခု စမတ်ဖုန်းများပေါ်လာတာ အတော့်ကို အလုပ်ဖြစ်လေသည်။ အနည်းဆုံးအားဖြင့် ဖေ့စ်ဘုတ်မှ အတင်းအဖျင်းမျိုးစုံကို ဖတ်ရသည်။ ဖေတော့မောင်တော့များ ဖတ်ရသည်။ သတင်းစာများ၊ စာအုပ်များကို ဖတ်နိုင်သည်။ လိုချင်သည့် ဗဟုသုတများကို အချိန်မရွေး၊ နေရာမရွေးရှာနိုင်သည်။

ဘထွေး ဗိုလ်ကြီးမြင့်မောင်မသိပါစေနဲ့ ဟူသော ပို့စ်လိုဟာမျိုး ဖတ်ရမည်။ ဂရုဖွဲ့၍ အတင်းတုတ်နိုင်သည်။ နောက်တော့ တစ်ယောက်က ထဖောက်ကာ လူထုကြားထဲဖြန့်ချလိုက်၍ ပြန်တောင်းပန်လိုက်ရသည့် သတင်းကိုဖတ်ရသည့်အခါ တစ်ယောက်တည်း ကြိတ်ကာ ပြုံးရမည်။ (ကိုယ့်အထဲက ထဖောက်တာကို လူသိမှာစိုးလျှင် အကောင့် အဟက်ခံရတယ်ဟု ကြေငြာနိုင်ပါသည်။) ပေါက်တတ်ကရလုပ်ပြီး အရူးလက်မှတ်ထုတ်ပြနိုင်သည်။ (အဲလေ၊ မဆိုင်တာတွေ ပါကုန်ပြန်ပြီ။ ဆော်တီး၊ ဆော်တီး)

မိတ်ဆွေတို့လည်း စမတ်ဖုန်း၏ အားသာချက်များကို အသုံးချကာ စီးပွားရေးလုပ်ငန်းများ လုပ်ကြပါရန် တိုက်တွန်းပါ၏။ (စီးပွားရေးလုပ်ငန်းဆိုတာ ပစ္စည်းရောင်းဝယ်ခြင်း၊ ဆားဗစ်စ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆိုလိုပါသည်။ ဘယ်ဘုရားပုံကို ဘယ်နှစ်ယောက်ဝေလျှင် သိန်းဘယ်နှစ်သောင်းထီပေါက်မည် စသည့် ပေါက်တတ်ကရ မက်ဆေ့မျိုးများကို မဆိုလိုပါ။)

ကျွန်ုပ်တို့သားအဖ ဆံပင်ညှပ်ရာမှအပြန် တရုတ်မများလုပ်ပုံကို သဘောကျမိရာမှ တွေးမိတွေးရာများကို ရေးခြင်းဖြစ်ပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄ ဧပြီလ၊ ၂၀၁၈

Saturday, April 14, 2018

ချစ်စရာကောင်းသော ဝီကီပိဒိယ

ကျွန်တော် ယခု စင်ကာပူ ခြင်္သေ့မြို့တော် စာအုပ်ကို ရေးသားနေပါသည်။ လွန်ခဲ့သော ဆယ်နှစ် (၂၀၀၈) ခုနှစ်က အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်ကို ရေးထုတ်ခဲ့ပါသေး၏။ ယခု စာအုပ်မှာ ထို ယခင်စာအုပ်၏ 2018 version ဖြစ်ပါသည်။ သို့သော် ခေတ်တွေပြောင်းကုန်ပြီ ဖြစ်သောကြောင့် အခြေအနေများလည်း အတော်ပြောင်းကုန်ပါပြီ။

၂၀၀၈ ခုနှစ်ကာလများတုန်းက စင်ကာပူသည် ကိုမြန်မာတို့ ပိုက်ဆံရှာဖို့၊ လာရောက်အလုပ်လုပ်ဖို့ ကောင်းသည့်နေရာတစ်ခု ဖြစ်ပြီး လာရောက်သူလည်း အတော့်ကိုများခဲ့သည်။

ယခု ခေတ်ပြောင်းသွားတော့ မြန်မာပြည်၌လည်း လုပ်ငန်းကိုင်ငန်းအခြေအနေများ တိုးတက်ခဲ့သည်။ စင်ကာပူတွင်လုပ်၍ရမည့် လခလောက်ကို မြန်မာပြည်တွင် မျှော်မှန်းလာနိုင်သည့် အခြေအနေများ ဖြစ်ခဲ့သည်။ (စိတ်ပျက်စရာကောင်းသည်မှာ ထိုအခြေအနေကို ထိန်းမထားနိုင်ခြင်းဖြစ်၏။)

စင်ကာပူသည်လည်း ယခင်အခါ ကာလများကကဲ့သို့ လာရောက်စီးပွားရှာရန် သိပ်ကောင်းလှတော့သော အခြေအနေ မဟုတ်တော့ပြီ။ စင်ကာပူအစိုးရသည် နိုင်ငံခြားသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့်ပတ်သက်၍ ပိုမိုတင်းကြပ် လာလေရာ စင်ကာပူ၏ လက်ရှိစီးပွားရေးအခြေအနေနှင့် ပေါင်းလိုက်သောအခါ စင်ကာပူသို့ လူကိုယ်တိုင် အလုပ်လာရှာသည့်တိုင် အလုပ်မရဘဲ ပြန်သွားရသူတွေ များလာခဲ့သည်။

အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း ဟု အမည်ပေးခဲ့ခြင်းမှာ ကျွန်ုပ်၏စာအုပ်ကိုဖတ်ပြီး မြန်မာလူငယ်များ စင်ကာပူတွင် မိမိတို့ အနာဂတ်ကို မိမိတို့ဘာသာ ဖန်တီးတည်ဆောက်နိုင်ပါစေဟု ရည်ရွယ်ရေးခဲ့ခြင်းကြောင့် ဖြစ်၏။

ယခု ၂၀၁၈ ခုနှစ်တွင်မူ ထိုရည်ရွယ်ချက်မှာ သိပ်ခရီးမရောက်တော့ပါ။ သို့သော် ဘယ်နှစ်နှစ်နှင့် စင်ကာပူကို ကျော်ပြမည် ဟု အသားလွတ် ကြုံးဝါးနေကြသူကြီးများ သိသာစေရန်နှင့် သူများသားသမီးတွေ လုပ်ပုံကိုင်နည်းများကို လေ့လာနိုင်ကြစေရန် ရည်ရွယ်၍ ယခုစာအုပ်ကို ပြန်လည် ပြင်ဆင်ရေးသားလိုက်ပါသည်။

ရည်ရွယ်ချက်ပြောင်းသွားသလို အစီအစဉ်နှင့် တင်ပြပုံလည်း ပြောင်းထားပါသည်။ ယခုစာအုပ်တွင် စင်ကာပူက ကျင့်သုံးနေသည့် စနစ်များအကြောင်း မိတ်ဆက်ပေးထားပါသည်။

ဤစာအုပ်ကို ရေးရာတွင် အချက်အလက်များ ခိုင်လုံစေရန် သက်ဆိုင်ရာ website များ၌ မွှေနှောက်ရှာဖွေရသည်။ ထိုအလုပ်သည် အတော် အချိန်ကုန်၏။ တစ်ခါတစ်လေ ဂဏန်းလေးတစ်ခုရဘို့ လေးငါးနာရီလောက် အချိန်ဖြုန်းရသည်။

သက်ဆိုင်ရာ website များပင်ရှိသော်လည်း သူတို့က သူတို့လုပ်ငန်းကို ကြော်ငြာသည့်သဘော ပြုလုပ်ထားလေရာ ကိုယ်လိုချင်သည့်အချက်များမှာ မြုပ်နေ၍ မနည်းရှာယူရသည်။

အချက်အလက်များနှင့် ပတ်သက်၍ အားအကိုးရဆုံး website မှာ ဝီကီပိဒိယဖြစ်၏။
ဝီကီက သိသင့်သိထိုက်သော အချက်အလက်အားလုံးကို စုဆောင်းပေးထားသည်ဖြစ်ရာ တခြားဘယ်မှမသွားဘဲ တစ်နေရာထဲနှင့် အကုန်အစုံရလေသည်။ ပမာနှိုင်းရလျှင် စူပါမားကက်ကြီးကဲ့သို့ ဖြစ်၏။ တကယ့် စူပါမားကက်ကြီးများတွင် ကားတာယာမှအစ အပ်အထိ အကုန်ရ၏။

ကျွန်တော်စာရေးသည့်အခါလည်း ဝီကီပိဒိယသည် မကြာခဏ ရည်ညွှန်းရသော website တစ်ခုဖြစ်၏။ သိချင်တာလေးတစ်ခုကို Google တွင် ခေါက်လိုက်ပါက ဝီကီပိဒိယသည် ထိပ်ဆုံးမှ ပေါ်လာစမြဲဖြစ်သည်။ အဲလေ ကျွန်တော်က မကြာခဏသုံးနေသူမို့ ထိပ်ဆုံးက ပေါ်လာတာလည်း ဖြစ်ကောင်းဖြစ်ပါမည်။ အခြားသူများတော့ မပြောတတ်ပါ။

ဝီကီကို အချိန်မရွေးဖွင့်ဖတ်လို့ရနေသည့်တိုင် ကျွန်တော်က ကိုယ်လိုချင်သည့် အကြောင်းအရာများဆိုလျှင် pdf နှင့် save လုပ်ထားတတ်သေး၏။ တူညီသည့် အကြောင်းအရာအားလုံးပေါင်းကာ တစ်နေရာထဲ စုထားလို၍ ဖြစ်ပါသည်။ ဥပမာ - နက္ခတ္တဗေဒ အကြောင်း။

ဝီကီက ကောင်းသည့်အချက်များမှာ အထဲ၌ပါသည့် အကြောင်းအရာ၊ အချက်အလက်များကို link ပေးထားလေရာ ထိုအကြောင်း သိလိုလျှင် ထိုစာလုံးပေါ် ကလစ်နှိပ်လိုက်ရုံဖြစ်သည်။ ထိုအခါ ကိုယ်သိချင်သည်များကို မပင်ပန်းဘဲ ချက်ချင်းဖတ်လို့ရလေသည်။

ထိုမျှသာမက သူ့ website ပါ အကြောင်းအရာများကို အမြဲခေတ်မီ မှန်ကန်နေစေရန် အမြဲ update လုပ်လေ့ရှိ၏။ ထို့ကြောင့် အချက်အလက်များ ခေတ်နောက်ကျ (out dated) ဖြစ်သွားမှာ စိတ်မပူရ။ Website အောက်ဆုံးတွင် update လုပ်ထားသည့် ရက်စွဲကိုပါ နာရီနှင့်တကွ ဖော်ပြပေးထားသည်။

ထို့ကြောင့် မောင်ကလေး၊ မယ်ကလေးတို့ကိုလည်း မိမိတို့ သိလိုသည်များကို အခြားသူများအား ပါးစပ်ဖြင့်မေးမနေဘဲ မိမိဘာသာ Wikipedia website (en.wikipedia.org) တွင် ဖတ်ကြပါရန် တိုက်တွန်းပါသည်။ အခြားသူဟူသည် တကယ်သိတာလည်း ရှိမည်။ တကယ်မသိဘဲ ကြားဖူးနားဝဖြင့် မှန်းတုတ်လိုက်တာလည်းရှိမည်။ ဝီကီကတော့ အမှန်အကန် website ဖြစ်သဖြင့် ယုံကြည် စိတ်ချစွာ သုံးနိုင်မည် ထင်ပါသည်။

မိတ်ဆွေများအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း၊ အသိအလိမ္မာများလည်း တိုးပွားကြပါစေကြောင်း၊ သူတော်ကောင်းနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရပါစေကြောင်း ဆုမွန်တောင်းလိုက်ပါ၏။
(လခတိုးဘို့တော့ ဆုမတောင်းရဲပါဘူးဗျာ။ အနို့ ကိုယ်တတ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲကိုး။)

ဖတ်ရှုအားပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၄ ဧပြီ၊ ၂၀၁၈


Thursday, April 12, 2018

နှစ်ကူးချိန်

Blog ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဘာလိုလိုနဲ့ တစ်နှစ်ကုန်ခဲ့ပြန်ချေပြီ။

အချိန်ယန္တယားသည် သူ့ဘာသာ မရပ်မနား သွားလျက်ရှိ၏။ အချိန်ကို မကုန်ပါစေလင့် ဟု မည်သူမှ မတတ်နိုင်။ အိပ်နေရင်းလည်း အချိန်ကုန်မည်။ ထနေရင်းလည်း အချိန်ကုန်မည်။ တစ်ခုခုလုပ်နေလျှင်လည်း အချိန်ကုန်မည်။ ဘာမှမလုပ်ပဲ သည်အတိုင်း နေပါကလည်း အချိန်ကတော့ ကုန်သွားမည်သာ ဖြစ်လေသည်။

အချိန်သည် လူတိုင်း၊ သတ္တဝါတိုင်း၊ အရာဝတ္ထုတိုင်းကို တိုက်စားလျက်ရှိရာ သင်တို့ ကျွန်ုပ်တို့သည် အချိန်၏ တိုက်စားချင်းကို စက္ကန့်တိုင်း၊ မိနစ်တိုင်း ခံနေကြရကုန်၏။

အချိန်၌ အလွန်တရားမျှတသော အချက်သည် ရှိ၏။
ဤသည်ကား သမ္မတ၊ ပြာတာ။ ဆင်းရဲသူ၊ ချမ်းသာသူ။ ကလေး၊ လူကြီး။ ယောက်ျား၊ မိန်းမ မည်သူမဆို တစ်နေ့လျှင် ၂၄ နာရီ အညီအမျှ ရကြခြင်းတည်း။

တစ်ယောက်လျှင် ၂၄ နာရီ ညီတူညီမျှ ရကြသည်မှန်သော်လည်း အသုံးချပုံကိုလိုက်၍ ထို ၂၄ နာရီ၏ တန်ဘိုးမှာ ကွာသွား လေသည်။

အချို့မှာ တစ်နေ့တစ်နေ့ ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ ဝေလေလေဖြင့် အချိန်ကို ကုန်ဆုံးကြသည်။
အချို့မှာ ငါ့ဘို့၊ ငါ့ဘို့၊ င့ါဘို့ ဟု မဆုံးနိုင်သော ငါ့ဘို့များအတွက် ပိုက်ဆံရှာရင်း အချိန်ကုန်သည်။
အချို့မှာ ပညာရှာရင်း အချိန်ကုန်သည်။
အချို့မှာ ကိုယ့်ဘာသာကိုယ် ဘာလုပ်လို့ လုပ်နေမှန်းမသိ။ သည်လိုဘဲ အိယောင်ဝါးဖြင့် အချိန်ကုန်သည်။
အချို့မှာကား မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော လမ်းစဉ်ကို စွဲကိုင်ကာ အချိန်ကုန်သည်။
အချို့ကား အားကြိုးမာန်တက် တစ်ခုခုကိုလုပ်ရင်း အချိန်ကုန်သည်။

အချို့ကား အကျိုးရှိရာ အလုပ်တစ်ခုခုကိုလုပ်ရင်း အချိန်ကုန်သည်။
အချို့ကား သိမ်ဖျင်းသော အလုပ်များကိုလုပ်ရင်း အချိန်ကုန်သည်။

မိတ်ဆွေ၊ သင်ကော ယခု ဘာလုပ်နေပါသနည်း။
ကျွန်တော်မူကား ယခု ဤစာကို ရေးနေပါသည်။ အကျိုးရှိသလား၊ မရှိသလား မပြောတတ်။ ဖတ်သူ အကျိုးရှိမည်ထင်၍ ရေးပါသည်။ အကျိုးရှိ၊ မရှိကိုကား စာဖတ်ပရိသတ်က ဆုံးဖြတ်ပါလိမ့်မည်။ (အနို့၊ ရုပ်ရှင်ဇာတ်ကား ကောင်းမကောင်းကို ဒါရိုက်တာတို့ မင်းသားမင်းသမီးတို့က ဆုံးဖြတ်လို့ ရတာမှမဟုတ်တာ။ ရုပ်ရှင်ကြည့် ပရိသတ်ကြီးက ဆုံးဖြတ်တာ မဟုတ်လား မိတ်ဆွေတို့ရယ်။ စာအုပ်တို့၊ စာတို့ဆိုတာလည်း ငါ့စာကောင်းသကွ၊ မင်းတို့ရေးတာတွေ အကုန် အလကားဟာတွေ လို့ ကိုယ့်ဘာသာကိုယ် ကောင်းနေလို့ မရ။ စာဖတ်ပရိသတ်က ဆုံးဖြတ်တာသာဖြစ်လေသည်။)

ကျွန်ုပ်တို့သည် စားဝတ်နေရေးတည်းဟူသော အလွန်ကြီးလေးလှသည့် ဝန်ကြီးကြောင့် နေ့စဉ်နှင့်အမျှ အလုပ်လုပ်ကြရကုန်၏။ အနို့ - အလုပ်မလုပ်လျှင် ဘယ်က ပိုက်ဆံရပါမည်နည်း။ ပိုက်ဆံမရှိလျှင် ဘာနှင့်သွားစားပါမည်နည်း။ ဘာနှင့်သွား သုံးပါမည်နည်း။ သို့ကြောင့် ကျွန်ုပ်တို့သည် ပိုက်ဆံကိုသာ အချိန်တိုင်း ရှာနေရပါသည်ဟု ဆိုလျှင် လွန်မည်မထင်။

သို့တိုင် ကျွန်ုပ်တို့သည် ပိုက်ဆံမရသော အလုပ်များကိုလည်း လုပ်ကြရပေလေသေး၏။
လူဟူသည် အစုအဖွဲ့နှင့် နေကြရသော သတ္တဝါဖြစ်လေရာ ငါ့ဘို့ချည်း အချိန်ကုန်နေလို့ မဖြစ်သေး။ ကိုယ့်ပတ်ဝန်းကျင်မှ လူများအတွက်လည်း ကိုယ့်အတွက် ငွေရေးကြေးရေး အမြတ်အစွန်းမရှိလျှင်တောင် လုပ်ပေးကြရ၏။

ယနေ့ သတင်းစာ၊ ဂျာနယ်များကိုဖတ်လိုက်။ မုဒိန်းမှုနှင့် လူသတ်မှုမပါလျှင် သတင်းစာ၊ ဂျာနယ်မမည်။ သက်ငယ်မုဒိန်းမှုများဆို လူအများဆန့်ကျင်နေသည့်ကြားက ပိုတောင် များလာသေးသည်။ တမင် အရွဲ့တိုက် လုပ်နေသလားတောင် အောက်မေ့ရ၏။ အခြေအနေကြီးကား အတော်စိတ်ပျက်စရာ ကောင်းလှ၏။ ကျွန်တော့်စိတ်ထဲ တစ်နေ့တခြား ပိုဆိုးလာသည်ဟုပင် ထင်မိ၏။

အကယ်၍သာ လူအများသည် ကိုယ်ချင်းစာတရားကလေး၊ သူဘို့ငါ့ဘို့ကလေး အနည်းငယ်မျှ တွေးကြမည်ဆိုလျှင် ဤအမှုမျိုး ပေါ်လာစရာအကြောင်းကို မရှိ။ ထိုသူများအား ကျွန်ုပ် အလွန်အံ့သြမိလှသည်။ ထိုသူများကား ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက် နေလို့သာ လူဆိုရပေမင့် လူအစစ်မဟုတ်။

ထိုသူများကြောင့် ဤလောကကြီးမှာ အရုပ်ဆိုး၊ အကျည်းတန်ရသည်။ ဥပဒေဆိုတာကြီး ပေါ်လာရသည်။ အချုပ်တို့၊ ထောင်တို့ ဆိုတာတွေ ရှိလာရသည်။ တရားရုံးတို့ ရှေ့နေတို့ ဆိုတာတွေ ရှိနေရသည်။ ရဲဆိုသည့်လူတန်းစား ပေါ်လာရသည်။ လက်ထိပ် ဆိုသည့်ကိရိယာများကို တီထွင်လာရသည်။

ကျွန်တော်ကတော့ ဤအမှုအခင်းများ၏ အဓိကလက်သည်မှာ အသိပညာမဲ့မှုဟု ထင်ပါသည်။ လူအများသာ အနည်းငယ်မျှ တွေးတတ်၊ ခေါ်တတ်၊ စဉ်းစားတတ်ပါက ဤသည်တို့ ဖြစ်လာစရာမရှိပါ။

အသိပညာဆိုသည်မှာ အတန်းပညာ၊ အသက်အရွယ်၊ ပိုက်ဆံချမ်းသာမှု စသည်တို့နှင့် သိပ်မပတ်သက်လှ။ ထို့ကြောင့်သာ ဘာရာထူးကြီးလက်ဝယ်ရှိသူ၊ ဘယ်လောက်ချမ်းသာသူ၊ အသက်ဘယ်လောက်ရှိသူ စသူတို့က မဟုတ်တာများ လုပ်နေကြခြင်း ဖြစ်လေသည်။

လူတို့သည် အသိပညာကလေးသာ ရှိပါမူ ကိုယ်ချင်းလည်း စာတတ်သွားမည်၊ တာဝန်လည်း ယူတတ်မည်၊ ရမယ်ဆို ဘနဖူး သိုက်တူးမယ်ဆိုသော အတွေးများလည်း လျော့သွားမည်။ ကိုယ့်အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်သဖြင့် (မြောင်းမြတံတား လည်း မကျိုး - ဟုတ်ပေါင်။ မဆိုင်တာတွေ ရောပါကုန်ပြီ။) မလိုလားအပ်သော အပိုအလုပ်များကို မလုပ်ကြရတော့။ ထိုအခါ အားလုံး စိတ်အေးချမ်းသာ နေနိုင်ကြမည်။

တစ်နှစ်ကုန်ခြင်း ဟူသည် အသက်တစ်နှစ်ကြီးခြင်းပင် ဖြစ်၏။ အသက်တစ်နှစ်ကြီးခြင်းဟူသည် သင်္ချိုင်းကုန်းနှင့် တစ်နှစ်ပိုနီးလာ ခြင်းပင် ဖြစ်လေသည်။ သင်္ချိုင်းကုန်းနှင့် နီးလာသည့်ကိစ္စမှာ ပျော်စရာ ပါးစရာကိစ္စ မဟုတ်။ သို့တိုင် Happy New Year ဟု အော်နေကြပေလေသေး၏။

အချိန်ကို ကျွန်ုပ်တို့ ရပ်တန့်ထားလို့ မရစကောင်းသလို သင်္ချိုင်းကုန်းသို့ သွားနေရသည့် ခရီးကိုလည်း ရပ်တန့်ခြင်းငှာ မတတ်သာပါ။ မည်သူမဆို တစ်နေ့တွင် အနှီ သင်္ချိုင်းကုန်းတည်းဟူသော ပန်းတိုင်သို့ ရောက်ကြရမည်သာ ဖြစ်၏။

သင်္ချိုင်းကုန်းပြီးနောက် ဘယ်ရောက်မည်နည်း။ မည်သူမှအတိအကျ မပြောနိုင်။ ထိုမရေရာသောခရီးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအလိုအရ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာ လုပ်လျှင် မကောင်းတာ ဖြစ်မည်။ သို့မို့ကြောင့် ကောင်းသည့်ဘုံဘဝသို့ လားရရန် ယခုကတည်းက ကောင်းရာမွန်ရာတွေ လုပ်ဖို့ လိုသည်။

မိတ်ဆွေများခင်ဗျား -

နောင်ဘဝဆိုတာ မရေရာ။ ထို့ကြောင့် ယခုဘဝတွင်ပင် ခုနစ်ရက်သားသမီးများ စိတ်မဆင်းရဲရလေအောင် မည်သည့် မကောင်း သော အမှုမျိုးကိုမှ မတွေးကြ၊ မပြောကြ၊ မလုပ်ကြပါမည့်အကြောင်း -

အထူးတလည် တိုက်တွန်းလိုက်ရပါကြောင်း -

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၂ ဧပြီလ၊ ၂၀၁၈ 

ဝန်ချီကြိုးများကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

ဝန်ချီကြိုး အန္တရာယ်များ

            ဝန်ချီလုပ်ငန်းသည်လည်း အန္တရာယ်များသော လုပ်ငန်းဖြစ်၏။ ဝန်ချီလုပ်ငန်း မတော်တဆမှုဖြစ်လျှင် လူပေါင်းများစွာ သေကြေပျက်စီးနိုင်သည်၊ ပစ္စည်းများစွာ လေလွင့် ဆုံးရှုံးနိုင်သည်။
            ဝန်ချီလုပ်ငန်းမတော်တဆမှု၌ အကြောင်းများစွာ ပါဝင်နေသည့်အနက် စံမမီသည့် ဝန်ချီကြိုးများ၊ ပျက်စီးနေသည့် ဝန်ချီကြိုးများကို သုံးခြင်း၊ ဝန်ချီကြိုး၏ သယ်မနိုင်သော ဝန်အားကို မသိဘဲ ရမ်းသုံးခြင်း၊ ပစ္စည်း၏ အလေးချိန်ကို မှန်ကန်စွာ မတွက်တတ်ခြင်း စသည်တို့မှာ ဝန်ချီကြိုးနှင့် တိုက်ရိုက် ပတ်သက်နေသည့်အချက်များ ဖြစ်၏။
            ဤစာတမ်း၏ ရည်ရွယ်ချက်မှာ အလုပ်ရှင်၊ အလုပ်သမားများနှင့် ဝန်ချီလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူတို့ကို  မှန်ကန်သော ဝန်ချီကြိုးများ ရွေးချယ်ပုံ၊ မှန်ကန်စွာ အသုံးပြုပုံ နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ပုံတို့ကို သိစေရန် ဖြစ်၏။
            ဝန်ချီကြိုးကြောင့် ဖြစ်တတ်သည့် အန္တရာယ်မကင်းသော အခြေအနေများမှာ အောက်ပါတို့ ဖြစ်၏။

Ø  ဝန်ချီကြိုးသည် ချီမမည့် ဝန်၊ ပတ်ဝန်းကျင်အခြေအနေတို့နှင့် သင့်တော်ကိုက်ညီမှု မရှိခြင်း
Ø  ကျိုးပဲ့၊ ကွဲအက်၊ ပြတ်ရှ၊ ပျက်စီး၊ လိမ်ပိမ်နေသည့် ဝန်ချီကြိုးနှင့် ဝန်ချီကိရိယာများကို သုံးခြင်း
Ø  ဝန်ချီကြိုးများကို သေသေချာချာ သိမ်းဆည်းမထားခြင်း။ ဥပမာ - ဝန်ချီကြိုးများအပေါ်တွင် အခြားလေးလံသည့် ပစ္စည်းများ ဖိတင်ထားခြင်း၊ ဝန်ချီကြိုးများ သယ်ရာတွင် ကြမ်းတမ်းသည့် မျက်နှာပြင်များအပေါ် တရွတ်တိုက် ဆွဲသွားခြင်း
 
            ဝန်ချီကြိုးနှင့် ပတ်သက်သည့် အန္တရာယ်မကင်းသော အပြုအမူများမှာ အောက်ပါတို့ ဖြစ်၏။      
Ø  ကရိန်းနှင့် မ, ထားသော ဝန်အပေါ်တွင် စီးနင်းလိုက်ပါခြင်း
Ø  ချီမ,ထားသော ဝန်အောက်၌ နေခြင်း
Ø  ပျက်စီးနေသည့် ဝန်ချီကြိုးများကို ပြင်သုံးရာတွင် သေချာစွာ ပြပြင်မထားခြင်း
Ø  သုံးမရတော့သည့် ဝန်ချီကြိုးနှင့် ကိရိယာများကို ဖယ်ထုတ်မထားခြင်း

ဝန်ချီကြိုး အမျိုးအစားများ

            ဝန်ချီကြိုး အမျိုးအစား အမျိုးမျိုးရှိသည့်အနက် အချို့မှာ အောက်ပါတို့ဖြစ်၏။




သံမဏိသတ္တုစပ် ချိန်းကြိုး (Alloy steel chain)

            သံမဏိသတ္တုစပ် ချိန်းကြိုးများမှာ ပေါ့ပါးသည်၊ စိတ်ချရသည်၊ ပွန်းစားမှုဒဏ် ခံနိုင်သည်၊ ပူနေသည့် ပစ္စည်းများကို မ,နိုင်သည်။ မ,မည့် ပစ္စည်းပုံသဏ္ဍာန်အလိုက် ပြောင်းလဲသုံးနိုင်သည်။ ချိန်းကြိုးအတွက် သံမဏိသတ္တုစပ်ကို ဂရိတ်အမျိုးမျိုး ထုတ်သည့်အနက် အများဆုံးသုံးသည့် ဂရိတ်များမှာ ၈ဝ နှင့် ၁ဝဝ တို့ ဖြစ်၏။ ထိုချိန်းကြိုးများကို ထုတ်လုပ်ရာနှင့် စမ်းသပ်ရာတွင် အမေရိကန် စံနှုန်းဖြစ်သော ASTM စံများဖြင့် ထုတ်လုပ်၊ စမ်းသပ်ရသည်။
            ချိန်းကြိုးများကို ဖော်ပြရာတွင် အောက်ပါတို့ကို ဖော်ပြသည်။
v  အရွယ်အစား
v  ဂရိတ်
v  သယ်နိုင်သောအလေးချိန် (SWL - Safe Working Load)
v  ကြိုးအရှည်

            ထို့အပြင် ချိန်းကြိုးပေါ်တွင် အောက်ပါတို့ကိုလည်း ထပ်ဆောင်းဖော်ပြပါသေးသည်။
Ø  ကြိုးအရေအတွက် (Number of legs)
Ø  ထုတ်လုပ်သည့် နံပါတ် (Serial Number)
Ø  ထုတ်လုပ်သူ၏ အမည် သို့မဟုတ် တံဆိပ်

ကြိုးက သယ်နိုင်သော ဝန် (Rated Load)(SWL- Safe Working Load)

            အထက်အောက်တည့်တည့်၊ အစောင်းထောင့်အလိုက်၊ ကြိုးကို ပတ်ချည်သည့်အခါ စသည့်အနေအထားများတွင် ရှိသည့် ကြိုး၏ ဝန်ထမ်းအားများမှာ အောက်ပါအတိုင်း ဖြစ်သည်။







            ကြိုးချည်ရာတွင် horizontal angle ကို ၃ဝ ဒီဂရီထက် ပိုမနည်းစေသင့်ပါ။ ထိုအစောင့်ထောင့် နည်းလေလေ ကြိုးအပေါ် သက်ရောက်သည့်အား များလေလေဖြစ်၏။

            Choker hitch ပါသော ချိန်းကြိုးများ၏ ဝန်ထမ်းအားများမှာ အောက်ပါအတိုင်း ဖြစ်သည်။ အကယ်၍ hook, ring, pear-shaped link, oblong link စသည့် အခြား ပစ္စည်းများနှင့် ထိုချိန်းကြိုးများကို တွဲသုံးရလျှင် ထိုပစ္စည်းများ၏ ဝန်ထမ်းအားသည် ချိန်းကြိုး၏ ဝန်ထမ်းအားနှင့် (အနည်းဆုံးအားဖြင့်) တူရမည်။ သို့မဟုတ် ပိုများရမည်။




စစ်ဆေးခြင်း

            ဝန်ချီကြိုးများနှင့် ဝန်ချီကိရိယာများကို စစ်ဆေးရန် တတ်ကျွမ်းနားလည်သူတစ်ဦးကို ခန့်ထားပါ။ ၎င်းသည် နေ့စဉ် နံနက်တိုင်း လုပ်ငန်းမစမီ ဝန်ချီကြိုးများနှင့် ဝန်ချီကိရိယာများကို စစ်ဆေးရန် တာဝန်ရှိသည်။ ဤနေရာတွင် တတ်ကျွမ်း နားလည်သူ ဆိုသည်မှာ ဝန်ချီလုပ်ငန်းနှင့်ပတ်သက်သည့် သင်တန်းကို တက်ရောက်အောင်မြင်ပြီးသူ၊ ဝန်ချီလုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူ၊ ဝန်ချီလုပ်ငန်းသုံး ကိရိယာများအကြောင်း ကောင်းစွာ နားလည်သူကို ဆိုလိုပါသည်။
            စစ်ဆေးရာတွင် အောက်ပါအချက်များ ပါဝင်ရမည်။
ü  စစ်ဆေးချက်လက်မှတ် (သက်တမ်းကုန်မနေစေရ)
ü  ပွတ်တိုက်ရာနေရာများ၌ အလွန်စားနေခြင်း
ü  ဂဟေသားများ မကောင်းခြင်း၊ ပျက်စီးနေခြင်း
ü  အက်ရာ၊ ကွဲရာ၊ ပြတ်ရှရာများ ပေါ်နေခြင်း၊ ချုပ်ရိုးပြုတ်ခြင်း၊ မီးပေါက်ရာ၊ ဓာတုဆေးစွန်းရာများ ရှိနေခြင်း၊ ချည်သားများ ဖွာနေခြင်း၊ ခေါက်နေ၊ လိမ်နေခြင်း၊ ကျိုးပဲ့ပျက်စီးနေခြင်း၊
ü  ချိတ်များသည် မူလရှိသည့်အနေအထားထက် ပို ဟ နေခြင်း
ü  ချိတ်များမှ အထိန်းလျှာများ ပျက်စီးနေခြင်း၊ ပျောက်နေခြင်း
ü  ပစ္စည်းအကြောင်းဖော်ပြထားသည့် နာမည်ကဒ်ပြားများ ပျက်စီးနေခြင်း

ပျက်စီးနေသည့် ဝန်ချီကိရိယာများကို ပြန်လည် ပြင်သုံးခြင်း

            ပျက်စီးနေသည့် ဝန်ချီကိရိယာများကို ပြန်လည် ပြင်ဆင်သုံးရာတွင် မူလအခြေအနေအတိုင်း ပြန်လည်ရရှိအောင် လုပ်နိုင်မှ ပြင်ရမည်။ ပြင်ရာတွင် အရွယ်အစား၊ အလျား အားလုံး တူရမည်။ အကယ်၍ ဝန်ချီကိရိယာ၏ ခံနိုင်ရည်အားသည် မူလအခြေအနေကို မမီပါက ပြင်ဆင်သုံးခွင့် မပြုပါ။ သို့တိုင် ချိန်းများ ကွဲအက်၊ ကျိုးပဲ့နေပါက ပြန်လည်ပြင်ဆင်သုံးခြင်းထက် အသစ်နှင့် အစားထိုး တပ်ဆင်ခြင်းသာ ပြုပါ။          
            မူလပစ္စည်းများ ပျက်စီးပါက အမျိုးတူ ပစ္စည်းဖြင့်သာ အစားထိုးပါ။ (ဥပမာ - ချိတ်နှင့် သံကြိုးအဆက်နေရာ ပင် (pin) များ ပျက်စီးပါက အမျိုးအစားတူ ပင် ဖြင့်သာ အစားထိုးပါ။ တွေ့ရာသံချောင်းဖြင့် ထိုးသုံးခြင်း လုံးဝမပြုပါနှင့်။

            Safety latch (အထိန်းလျှာ) များပျက်နေပါက ချက်ချင်းပြင်ပါ။ အထိန်းလျှာမပါဘဲ ထို ချိတ်ကို မသုံးပါနှင့်။



ဝန်ချီကြိုးသုံးရာတွင် အန္တရာယ်ကင်းရေးအတွက် သတိပြုစရာများ

Ø  ဝန်ချီရာတွင် ဝန်၏အလေးချိန်ကို ခန့်မှန်းရာတွင် မမှားပါစေနှင့်။ အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါစေ။
Ø  သင့်တော်သည့် ဝန်ချီကြိုးကို ရွေးပါ။
Ø  ဝန်ချီကြိုး၏ မ,နိုင်သော ဝန်အား (Safe Working Load) ကို သိပါစေ။
Ø  ပျက်စီးချို့ယွင်းနေသည့် ဝန်ချီကြိုးများကို မသုံးပါနှင့်။
Ø  ချိတ်၌ အထိန်းလျှာ (Safety latch) ပါပါစေ။ လျှာပြုတ်နေလျှင် သို့မဟုတ် မကောင်းတော့လျှင် ထိုချိတ်ကို မသုံးပါနှင့်။
Ø  ကြိုးချည်ခြင်းကို ခန့်အပ်ထားသည့်ကြိုးချည်သူ (Appointed rigger) ကိုသာ ချည်ပါစေ။ အခြားသူများအား လုပ်ကိုင်ခြင်းကို လုံးဝခွင့်မပြုရ။
Ø  ထက်နေသော ထောင့်စွန်းများကို ရာဘာ၊ ဂုံနီအိတ် စသည်တို့နှင့် ခုပါ။
Ø  အကယ်၍ ကြိုးသည် ခြေလေးချောင်း (4 legged) ပါသည့်ကြိုးဖြစ်ပြီး ကြိုးနှစ်ချောင်းဖြင့်သာ ချည်ပါက ကျန်နှစ်ချောင်းကို ခေါက်တင်ထားပါ။
Ø  ဝန်ချီကြိုးနှစ်ခုသည် အရှည်တူရမည်။ ဝန်ချီရာတွင် ဝန်သည် ညီမျှစွာ (balanced) လိုက်ပါနေပါစေ။ တစ်ဖက်စောင်းနင်း ဖြစ်မနေပါစေနှင့်။
Ø  ဝန်ကို ချီရာ၊ ချရာတွင် အောက်၌ တုံးခုထားပါ။ သို့မဟုတ်ပါက ဝန်ချီကြိုးသည် ဝန်နှင့်ပိနေလိမ့်မည်။ ထိုအခါမျိုးတွင် ဝန်ချီကြိုးကို အတင်းဆွဲထုတ်ခြင်းမျိုး မလုပ်ရ။
Ø  ဝန်ချီကြိုးသည် လိမ်မနေစေရ၊ အဖုထုံးမနေစေရ။
Ø  ဝန်ချီကြိုးကို ဝန်အား ချီမ,ရန် အတွက်သာ သုံးပါ။ ပစ္စည်းများကို ဆွဲရန် မသုံးရ။ (ဥပမာ - ကပ်နေသော ဖောင်ဝပ်ကို ခွာထုတ်ရန် ကြိုးစားရာ၌ ဝန်ချီကြိုးဖြင့် ဆွဲခြင်း)
Ø  ဝန်ချီကြိုးများကို မိုးလုံ၊ ရေလုံသည့်နေရာ၌ သေသေချာချာ သိမ်းဆည်းထားပါ။ ကြမ်းပြင်ပေါ် ပစ်မထားပါနှင့်။

ဝန်ချီကြိုး၏ အပြစ်အနာအဆာများ 




ကြိုးချည်နည်း ဆောင်ရန် နှင့် ရှောင်ရန်များ
















Ref: Sling Safety : http://www.ehsdb.com; Rigger and Signalman handbook : www.wshc.sg

 အေးငြိမ်း
၁၂ ဧပြီလ၊ ၂၀၁၈