Thursday, April 12, 2018

နှစ်ကူးချိန်

Blog ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဘာလိုလိုနဲ့ တစ်နှစ်ကုန်ခဲ့ပြန်ချေပြီ။

အချိန်ယန္တယားသည် သူ့ဘာသာ မရပ်မနား သွားလျက်ရှိ၏။ အချိန်ကို မကုန်ပါစေလင့် ဟု မည်သူမှ မတတ်နိုင်။ အိပ်နေရင်းလည်း အချိန်ကုန်မည်။ ထနေရင်းလည်း အချိန်ကုန်မည်။ တစ်ခုခုလုပ်နေလျှင်လည်း အချိန်ကုန်မည်။ ဘာမှမလုပ်ပဲ သည်အတိုင်း နေပါကလည်း အချိန်ကတော့ ကုန်သွားမည်သာ ဖြစ်လေသည်။

အချိန်သည် လူတိုင်း၊ သတ္တဝါတိုင်း၊ အရာဝတ္ထုတိုင်းကို တိုက်စားလျက်ရှိရာ သင်တို့ ကျွန်ုပ်တို့သည် အချိန်၏ တိုက်စားချင်းကို စက္ကန့်တိုင်း၊ မိနစ်တိုင်း ခံနေကြရကုန်၏။

အချိန်၌ အလွန်တရားမျှတသော အချက်သည် ရှိ၏။
ဤသည်ကား သမ္မတ၊ ပြာတာ။ ဆင်းရဲသူ၊ ချမ်းသာသူ။ ကလေး၊ လူကြီး။ ယောက်ျား၊ မိန်းမ မည်သူမဆို တစ်နေ့လျှင် ၂၄ နာရီ အညီအမျှ ရကြခြင်းတည်း။

တစ်ယောက်လျှင် ၂၄ နာရီ ညီတူညီမျှ ရကြသည်မှန်သော်လည်း အသုံးချပုံကိုလိုက်၍ ထို ၂၄ နာရီ၏ တန်ဘိုးမှာ ကွာသွား လေသည်။

အချို့မှာ တစ်နေ့တစ်နေ့ ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ ဝေလေလေဖြင့် အချိန်ကို ကုန်ဆုံးကြသည်။
အချို့မှာ ငါ့ဘို့၊ ငါ့ဘို့၊ င့ါဘို့ ဟု မဆုံးနိုင်သော ငါ့ဘို့များအတွက် ပိုက်ဆံရှာရင်း အချိန်ကုန်သည်။
အချို့မှာ ပညာရှာရင်း အချိန်ကုန်သည်။
အချို့မှာ ကိုယ့်ဘာသာကိုယ် ဘာလုပ်လို့ လုပ်နေမှန်းမသိ။ သည်လိုဘဲ အိယောင်ဝါးဖြင့် အချိန်ကုန်သည်။
အချို့မှာကား မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော လမ်းစဉ်ကို စွဲကိုင်ကာ အချိန်ကုန်သည်။
အချို့ကား အားကြိုးမာန်တက် တစ်ခုခုကိုလုပ်ရင်း အချိန်ကုန်သည်။

အချို့ကား အကျိုးရှိရာ အလုပ်တစ်ခုခုကိုလုပ်ရင်း အချိန်ကုန်သည်။
အချို့ကား သိမ်ဖျင်းသော အလုပ်များကိုလုပ်ရင်း အချိန်ကုန်သည်။

မိတ်ဆွေ၊ သင်ကော ယခု ဘာလုပ်နေပါသနည်း။
ကျွန်တော်မူကား ယခု ဤစာကို ရေးနေပါသည်။ အကျိုးရှိသလား၊ မရှိသလား မပြောတတ်။ ဖတ်သူ အကျိုးရှိမည်ထင်၍ ရေးပါသည်။ အကျိုးရှိ၊ မရှိကိုကား စာဖတ်ပရိသတ်က ဆုံးဖြတ်ပါလိမ့်မည်။ (အနို့၊ ရုပ်ရှင်ဇာတ်ကား ကောင်းမကောင်းကို ဒါရိုက်တာတို့ မင်းသားမင်းသမီးတို့က ဆုံးဖြတ်လို့ ရတာမှမဟုတ်တာ။ ရုပ်ရှင်ကြည့် ပရိသတ်ကြီးက ဆုံးဖြတ်တာ မဟုတ်လား မိတ်ဆွေတို့ရယ်။ စာအုပ်တို့၊ စာတို့ဆိုတာလည်း ငါ့စာကောင်းသကွ၊ မင်းတို့ရေးတာတွေ အကုန် အလကားဟာတွေ လို့ ကိုယ့်ဘာသာကိုယ် ကောင်းနေလို့ မရ။ စာဖတ်ပရိသတ်က ဆုံးဖြတ်တာသာဖြစ်လေသည်။)

ကျွန်ုပ်တို့သည် စားဝတ်နေရေးတည်းဟူသော အလွန်ကြီးလေးလှသည့် ဝန်ကြီးကြောင့် နေ့စဉ်နှင့်အမျှ အလုပ်လုပ်ကြရကုန်၏။ အနို့ - အလုပ်မလုပ်လျှင် ဘယ်က ပိုက်ဆံရပါမည်နည်း။ ပိုက်ဆံမရှိလျှင် ဘာနှင့်သွားစားပါမည်နည်း။ ဘာနှင့်သွား သုံးပါမည်နည်း။ သို့ကြောင့် ကျွန်ုပ်တို့သည် ပိုက်ဆံကိုသာ အချိန်တိုင်း ရှာနေရပါသည်ဟု ဆိုလျှင် လွန်မည်မထင်။

သို့တိုင် ကျွန်ုပ်တို့သည် ပိုက်ဆံမရသော အလုပ်များကိုလည်း လုပ်ကြရပေလေသေး၏။
လူဟူသည် အစုအဖွဲ့နှင့် နေကြရသော သတ္တဝါဖြစ်လေရာ ငါ့ဘို့ချည်း အချိန်ကုန်နေလို့ မဖြစ်သေး။ ကိုယ့်ပတ်ဝန်းကျင်မှ လူများအတွက်လည်း ကိုယ့်အတွက် ငွေရေးကြေးရေး အမြတ်အစွန်းမရှိလျှင်တောင် လုပ်ပေးကြရ၏။

ယနေ့ သတင်းစာ၊ ဂျာနယ်များကိုဖတ်လိုက်။ မုဒိန်းမှုနှင့် လူသတ်မှုမပါလျှင် သတင်းစာ၊ ဂျာနယ်မမည်။ သက်ငယ်မုဒိန်းမှုများဆို လူအများဆန့်ကျင်နေသည့်ကြားက ပိုတောင် များလာသေးသည်။ တမင် အရွဲ့တိုက် လုပ်နေသလားတောင် အောက်မေ့ရ၏။ အခြေအနေကြီးကား အတော်စိတ်ပျက်စရာ ကောင်းလှ၏။ ကျွန်တော့်စိတ်ထဲ တစ်နေ့တခြား ပိုဆိုးလာသည်ဟုပင် ထင်မိ၏။

အကယ်၍သာ လူအများသည် ကိုယ်ချင်းစာတရားကလေး၊ သူဘို့ငါ့ဘို့ကလေး အနည်းငယ်မျှ တွေးကြမည်ဆိုလျှင် ဤအမှုမျိုး ပေါ်လာစရာအကြောင်းကို မရှိ။ ထိုသူများအား ကျွန်ုပ် အလွန်အံ့သြမိလှသည်။ ထိုသူများကား ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက် နေလို့သာ လူဆိုရပေမင့် လူအစစ်မဟုတ်။

ထိုသူများကြောင့် ဤလောကကြီးမှာ အရုပ်ဆိုး၊ အကျည်းတန်ရသည်။ ဥပဒေဆိုတာကြီး ပေါ်လာရသည်။ အချုပ်တို့၊ ထောင်တို့ ဆိုတာတွေ ရှိလာရသည်။ တရားရုံးတို့ ရှေ့နေတို့ ဆိုတာတွေ ရှိနေရသည်။ ရဲဆိုသည့်လူတန်းစား ပေါ်လာရသည်။ လက်ထိပ် ဆိုသည့်ကိရိယာများကို တီထွင်လာရသည်။

ကျွန်တော်ကတော့ ဤအမှုအခင်းများ၏ အဓိကလက်သည်မှာ အသိပညာမဲ့မှုဟု ထင်ပါသည်။ လူအများသာ အနည်းငယ်မျှ တွေးတတ်၊ ခေါ်တတ်၊ စဉ်းစားတတ်ပါက ဤသည်တို့ ဖြစ်လာစရာမရှိပါ။

အသိပညာဆိုသည်မှာ အတန်းပညာ၊ အသက်အရွယ်၊ ပိုက်ဆံချမ်းသာမှု စသည်တို့နှင့် သိပ်မပတ်သက်လှ။ ထို့ကြောင့်သာ ဘာရာထူးကြီးလက်ဝယ်ရှိသူ၊ ဘယ်လောက်ချမ်းသာသူ၊ အသက်ဘယ်လောက်ရှိသူ စသူတို့က မဟုတ်တာများ လုပ်နေကြခြင်း ဖြစ်လေသည်။

လူတို့သည် အသိပညာကလေးသာ ရှိပါမူ ကိုယ်ချင်းလည်း စာတတ်သွားမည်၊ တာဝန်လည်း ယူတတ်မည်၊ ရမယ်ဆို ဘနဖူး သိုက်တူးမယ်ဆိုသော အတွေးများလည်း လျော့သွားမည်။ ကိုယ့်အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်သဖြင့် (မြောင်းမြတံတား လည်း မကျိုး - ဟုတ်ပေါင်။ မဆိုင်တာတွေ ရောပါကုန်ပြီ။) မလိုလားအပ်သော အပိုအလုပ်များကို မလုပ်ကြရတော့။ ထိုအခါ အားလုံး စိတ်အေးချမ်းသာ နေနိုင်ကြမည်။

တစ်နှစ်ကုန်ခြင်း ဟူသည် အသက်တစ်နှစ်ကြီးခြင်းပင် ဖြစ်၏။ အသက်တစ်နှစ်ကြီးခြင်းဟူသည် သင်္ချိုင်းကုန်းနှင့် တစ်နှစ်ပိုနီးလာ ခြင်းပင် ဖြစ်လေသည်။ သင်္ချိုင်းကုန်းနှင့် နီးလာသည့်ကိစ္စမှာ ပျော်စရာ ပါးစရာကိစ္စ မဟုတ်။ သို့တိုင် Happy New Year ဟု အော်နေကြပေလေသေး၏။

အချိန်ကို ကျွန်ုပ်တို့ ရပ်တန့်ထားလို့ မရစကောင်းသလို သင်္ချိုင်းကုန်းသို့ သွားနေရသည့် ခရီးကိုလည်း ရပ်တန့်ခြင်းငှာ မတတ်သာပါ။ မည်သူမဆို တစ်နေ့တွင် အနှီ သင်္ချိုင်းကုန်းတည်းဟူသော ပန်းတိုင်သို့ ရောက်ကြရမည်သာ ဖြစ်၏။

သင်္ချိုင်းကုန်းပြီးနောက် ဘယ်ရောက်မည်နည်း။ မည်သူမှအတိအကျ မပြောနိုင်။ ထိုမရေရာသောခရီးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအလိုအရ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာ လုပ်လျှင် မကောင်းတာ ဖြစ်မည်။ သို့မို့ကြောင့် ကောင်းသည့်ဘုံဘဝသို့ လားရရန် ယခုကတည်းက ကောင်းရာမွန်ရာတွေ လုပ်ဖို့ လိုသည်။

မိတ်ဆွေများခင်ဗျား -

နောင်ဘဝဆိုတာ မရေရာ။ ထို့ကြောင့် ယခုဘဝတွင်ပင် ခုနစ်ရက်သားသမီးများ စိတ်မဆင်းရဲရလေအောင် မည်သည့် မကောင်း သော အမှုမျိုးကိုမှ မတွေးကြ၊ မပြောကြ၊ မလုပ်ကြပါမည့်အကြောင်း -

အထူးတလည် တိုက်တွန်းလိုက်ရပါကြောင်း -

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၂ ဧပြီလ၊ ၂၀၁၈ 

No comments: